ကျီးတို့၏ ဘက်တော်သား
``----ဥသြ -------
ဥသြ ----``
ရိုးတံတွေ အပြိုင်းပြိုင်းထနေသော အညာနွေတစ်နေ့တွင် သစ်ပင်ပေါ်မှ အလွမ်းငှက်ဘွဲ့ ရထားသော ဥသြ ငှက်ငယ်တစ်ကောင်၏ တွန်ကြူးသံကြောင့်
အမှန်ပင် ဘယ်ဆီဘယ်ဝယ်ကို လွမ်းရမှန်း မသိပါဘဲလျှက် လွမ်းသလို ဆွေးသလိုကြီး ခံစားနေရသည်။
အဆိုတော် ဟင်္သာတ ထွန်းရင်ကလည်း -----
``ဟေ----------- ဥသြ ၊ ဥသြ -အော်မြည်သံလေးပေးပြီးကာမှ
အလွမ်းငှက်ကလေး တစ်ကောင်တည်း အဖော်မပါ--------``
ဆိုသော
အညာကျေးလက် တေးသံကလည်း ကျွန်တော်တို့ ငယ်ငယ်က အနုပညာ၏ ဖမ်းစားခြင်း ခံခဲ့ရကာ
ဥသြ ငှက်ငယ်ကလေးများကို အလွန်ပင် ဂရုဏာသက် ခဲ့ကြလေသည်။
လွန်ခဲ့သော သုံးရက် မကြာသေးမီက တီဗွီတွင်
တိရိစ္ဆာန်တို့၏ သဘာဝ ရှင်သန်ကျက်စား
သော အလေ့အထများကို ရိုက်ကူးတင်ဆက်သော စီးရီးတစ်ခုကို
အမှုမဲ့အမှတ်မဲ့ ကြည့်ဖြစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင ဥသြ ငှက်တို့ ၏ သဘာဝ အလေ့အထ အကြောင်း။ မြန်မာဘာသာပြန်
တီဗွီဖိုက် မည်သည့်ချန်နယ်တော့ သတိမထားမိလိုက်ပါ။
ဥသြ ငှက်မသည် ဥ ဥချရန်အတွက် ကိုယ်ပိုင် အသိုက်အမြုံမဆောက်ပါ။
ဆောက်လေ့မရှိပါ။ အခြားတစ်ပါးသော ငှက်တို့၏
အသိုက်တွင် အသိုက်ပိုင်ရှင် ငှက်မ မရှိမည့် အချိန်ကို စောင့်ကြည့်ပြီး ငှက်မ
အစာရှာထွက်ရန် အပြင်သို့ ခဏထွက်နေခိုက် သူ့ဥကို
ထိုငှက်မ၏ အသိုက်တွင် ဥချကာ အဝေးသို့
လုံးဝထွက်သွားလေတော့သည်။ ထိုအခါ ကျွန်တော်၏ စိတ်ဝယ် ``အော်
--- မိခင်စိတ်မဲ့လိုက်လေခြင်း ကိုယ့်သွေးသားရဲ့
တာဝန်ကို ကိုယ်မယူပဲ အခြားမိသားစုအတွင်း ကောက်ကျစ်စွာ ထားရစ်ခဲ့လေခြင်း``ဟု
ဥသြ ငှက်မအပေါ်ဝယ် မေတ္တာစပျက်လေတော့သည်။ ကျွန်တော်တို့လူသားတွေလည်း အလားတူ ကိုယ့်သားသမီးများကို စွန့်ပစ်မှုများ မကြာခဏတွေ့ရတတ်လေသည်။ မေတ္တာတရား ခေါင်းပါးပေစွ။
ဥသြငှက်မ ဥဥချခဲ့သော ငှက်သိုက်ပိုင်ရှင် ငှက်မကတော့ဖြင့် အလွန်ပင် မိခင်စိတ်ထား ပြည့်ဝသည်ကို
တွေ့ရသည်။ ဘာသာပြန်သူက ခေါင်းစိမ်းကျေးငှက်ဟု ဘာသာပြန်သည်ဟု ထင်သည်။ ဥသြငှက်မနှင့်တော့ ဆန့်ကျင်ဘက်ပင်။ မိမိအသိုက်မှ ဝေးကွာမသွားစေပဲ ငှက်ထီးရော
ငှက်မပါ အသိုက်တွင်ရှိ သူတို့၏ သားငယ် သမီးငယ်များ ပေါက်ဖွားစေရန် လိုအပ်သော အနွေးဓါတ်ကို
ပေးကြလေသည်။ ဥသြငှက်သည် သဘာဝအရ ဦးစွာအကောင်ပေါက်သည်။
ပေါက်ကာစ ဥသြငှက်သည် မွေးစားမိခင် ငှက်ထက်ပင် ကြီးနေသယောင်ရှိသည်။
အသိုက်ပိုင်ရှင် ငှက်၏ ဥမှာ ငုံးဥလောက်သာ
ကြီးပြီး ဥသြငှက်ဥ မှာမူ ဂေါက်သီးလောက် ကြီးသည်။
အစိမ်းနုရောင်ရှိသည်။ အရောင်တူအောင်ဥခြင်းဖြင့် မူလ ငှက်သိုက်အတွင်းမှ ဥများနှင့် ဆင်တူအောင်
လှည့်စားထားသည်။ မကြာမီ ဥသြငှက်ဥ က ဦးစွာ
အကောင်ပေါက်လာလေသည်။ ကြီးမားသော အကောင်ပေါက် ဥသြငှက် ငယ်သည် နှုတ်သီးကို ကျယ်စွာဟလျှက်
အသံမျိုးစုံကိုပြုကာ မွေးစားမိခင် ငှက်၏ မိခင်စိတ်ကို
လှုံ့ဆော်အစာတောင်းလေသည်။ မွေးစားမိခင်မှာ မိမိအသိုက်တွင်းမှပေါက်၍
မိမိသားငယ် သမီးငယ် ဟုပင်ထင်နေပုံပေါ်သည်။ အစာကို ပို၍ ကြိုးစားရှာကျွေးမွေးနေသည်။ ကျွန်တော်အံ့သြသည်မှာ ဥသြငှက်ငယ်က စွန့်သော မစင်ကို ထိုငှက်မက မိခင်စိတ်ဖြင့်
နှုတ်သီးဖြင့် ချီကာ အပြင်သို့စွန့်ပစ်ပေးသည်။ ကျွန်တော်တို့လူလိုဆိုလျှင် အီအီးတည်တာပေါ့ဗျာ။
ယုတ်ညံ့သော
ဥသြငှက်၏ သဘာဝ
ထိုအတောင်အလက်ပင် မစုံသေးသော ဥသြငှက်ပေါက်သည် နောက်ထပ်ပေါက်လာသော ငှက်ငယ်လေးများကို အစာခွဲပေးရမည့်သူများဟူ၍၎င်း ၊ မိမိမှာ မွေးစားငှက်ဖြစ်ခြင်းကို
မိခင်ငှက်မ သိသွား နိုင်သည် ဟု၎င်း သဘာဝ အသိဥာဏ်ဖြင့်
ထိုငှက်ပေါက်စကလေးများကို အသိုက်တွင်းမှ ယက်ထုတ်ကာ အောက်သို့ပြုတ်ကျ သေဆုံးစေရန် ပြုလုပ်ပါလေတော့သည်။
(ထိုသို့ ပြုလုပ်သေဆုံးသည်ကို ဗွီဒီယိုရိုက် မှတ်တမ်းတင်ထားသဖြင့် စိတ်မချမ်းမြေ့ဘွယ်ရာပင်)အော်---ဥသြ ဥသြ သူများအသိုက်မှာလည်း
ရှင်သန်ပေါက်ဖွားသေး သူများ အသိုက်ကိုလည်း သတ်ဖြတ် ကာ ဖျက်ဆီးတတ်သေး ။ ဥသြငှက်တို့၏
သဘာဝ စရိုက်ဟုဆိုသော်လည်း ထိုသဘာဝစရိုက်ကို လွန်စွာမုန်းတီးစက်ဆုတ်မိလေသည်။
ကျွန်တော်တို့ အညာဒေသမှာတော့ ဥသြငှက်ကို ကျီးတို့က တွေ့လျှင် ဝိုင်းဝန်းထိုးဆိတ်
တတ်ကြသည်။ ဥသြ ငှက်တစ်ကောင်ကို ကျီးငှက်များက ဝိုင်းဝန်းထိုးဆိတ်သည့်အခါ ငယ်ငယ်က ကလေးသဘာဝ
အနိုင်ကျင့်ရမည်လား ဟု ကျီးငှက်များအပေါ် စိတ်ဆိုးမုန်းတီးမိသည်။ ဥသြငှက်တို့သည် ကျီးသိုက်ထဲတွင် ဥဥလေ့ရှိပြီး အစောက ကျွန်တော်တင်ပြသလို ကျီးပေါက်ကလေးများကို
အရွယ်မရောက်မီ အသိုက်တွင်းမှ ယက်ကန် ပြုတ်ကျအောင်ပြုတတ်သည်။
ခုတော့ အဖြစ်မှန်တွေသိရပေပြီ။ ကျီးကို အလွန်မုန်းသော
ကျွန်တော်သည် ကြီးသောအခါမှ ---- ``ကျီးတို့၏
ဘက်တော်သား``ဖြစ်သွားရပါကြောင်း။
(တစ်ခါတစ်လေ
လူတွေဟာ အထင်မှားကြလို့ လူဆိုးကို လူကောင်းထင်
၊ လူကောင်းကို လူဆိုးထင် တာတွေလည်း ရှိတတ်ကြပါတယ်)
ကိုစိုးနိုင်---၂၈-၃-၁၂
No comments:
Post a Comment