သဘောကောင်းသူ
မြဝတီ ရဲခေါင်
အတိတ်၌ ကျန်ရစ်ခဲ့ပြီးဖြစ်သော ကမ္ဘာ့ နိုင်ငံရေး သမိုင်းအစီအစဉ် တွင် အထူးထူး အပြားပြားသော ဂုဏ်အင်္ဂါ များကြောင့်
ပြည်သူတို့၏ ချစ်ကြောက်ရိုသေ ခြင်းခံရသော ခေါင်းဆောင်များကား
ကမ္ဘာနဲ့အဝန်း တိုင်းပြည်တိုင်း၌ပင် လျှင် အခြေအနေအရ ပေါ်ထွက်ခဲ့ဘူးကြပြီ ဖြစ်သည်။ ယင်းသို့သော ခေါင်းဆောင်များ
အနက် အချို့မှာ အပြောကောင်း၏။ အချို့မှာ သဘောကောင်း၏။ အချို့မှာ သတ္တိကောင်း၏။ အချို့မှာ ကိုယ်ကျင့်တရားကောင်း၏။
အချို့မှာ မှတ်ဥာဏ်ကောင်း၏။ အချို့မှာ စာရေးကောင်း၏။ အချို့မှာ အစီအမံ ကောင်း၏။ အချို့မှာ
ပညာဥာဏ်ကြီးကျယ်၏။
ဤသို့လျှင် ကာလ ဒေသ ပယောဂ အားလျော်စွာ နှောင်းခေတ်တွင် ပေါ်ထွက်ခဲ့ဘူးသော ခေါင်းဆောင်ထူးများ
အနက် ယခု ကျွန်တော် ရေးသားလတ္တံ့သော သခင်အောင်ဆန်းခေါ် ၊ ငမိုးခေါ် ၊ အိုမိုတ ခေါ် ၊ ဗိုလ်တေဇ
ခေါ် ၊ ဦးနောင်ချိုခေါ် ၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အပါအဝင်ဖြစ်၏။
အခြားသူများအဖို့ ဗိုလ်ချုပ်အောင်ဆန်းအား မည်သို့ရှု့မြင်မည်ကို မသိနိုင်သော်လည်း ကျွန်တော်
ကမူ တရံရောအခါက ဗိုလ်ချုပ်အောင်ဆန်းအပေါ်၌ ``သဘောကောင်းသူ`` တစ်ဦး အဖြစ် ရိုးသားစွာ မြင်တွေ့
သိရှိခဲ့ဘူးပါ၏။
အချိန်ကား ---- ၁၉၄၂ ခုနှစ် ဇွန်လ အတွင်း၌
ဖြစ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိပွန် တပ်မတော်သည် ရန်ကုန်မှ ဗြိတိသျှ နယ်ချဲ့ စစ်တပ်များအား မောင်းနှင်ထုတ်ပြီးသည့် နောက် မြို့ပြ
အုပ်ချုပ် ရေးကို အုတ်မြစ်ချစ အချိန်တွင် တပ်မတော်မှ
ရဲဘော်သုံးကျိပ်ဝင် ထိပ်တန်းအရာရှိ အချို့နှင့် ဒို့ဗမာ အစည်းအရုံးဝင် အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ခံအချို့မှာ
ရွှေတောင်ကြားလမ်းအတွင်း၌ နေထိုင်ကြ၏။
ထိုအခါက ယခု အလံပြဘုရားလမ်းရှိ အင်္ဂလိပ် မက်သဒစ်ကျောင်း ၌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်
ရုံးထိုင်သော စစ်သေနာပတိချုပ်ရုံး G-S-O ဖွင့်လှစ်ထားရာ ထိုရုံးမှနေ၍ ရန်ကုန်မြို့တွင်း၌ တပ်စွဲထားသော တပ်အသီးသီးနှင့် တကွ မြန်မာပြည် အနှံ့အပြားသို့ ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေး တပ်မတော် တစ်ခု လုံး၏
စစ်ဆင်ရေးနှင့် တာဝန်ဝတ္တရားများကို ခွဲဝေချမှတ်ပေး၏။
ထိုအချိန်၌ပင် ကျွန်တော် အပါအဝင်ဖြစ်သော ယိုးဒယား ဦးလှဖေ ဦးစီးသည့် တပ်သည် မြစ်ဝ ကျွန်းပေါ်
ရှိ သူပုန်၊ သူကန်များအား နှိမ်နင်း၍ ရန်ကုန်မြို့
ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ၌ အနားယူဆဲ ဖြစ်ရာ ထိုနေ့က အထက်အမိန့်အရ ထားဝယ်သား ဗိုလ်ကျော်ဒင် (ထိုခောတ်က တပ်စိပ်မှုးကို
တပ်စိပ်ဗိုလ် ဟုခေါ်သည်) တိုက်ရိုက် အုပ်ချုပ်ရသော ကျွန်တော်တို့ ကင်းတပ်စိပ် တစ်စိပ်အား
ရွှေတောင်ကြားလမ်းရှိ တပ်မတော် အရာရှိကြီး တစ်ဦး၏
အိမ်၌ စောင့်ရှောက်ရန် စေလွှတ်သောကြောင့် ဝတ္တရားအလျောက်
နေရင်း တပ်စခန်းမှ ထွက်လာခဲ့ရလေသည်။
အမှန်ကိုဝန်ခံရမည် ဆိုသော် ထိုအချိန်အထိ ကျွန်တော်သည် တပ်သားသစ်တို့၏ သဘာဝ စိတ်အား တတ်ကြွနေချိန်ဖြစ်သောကြောင့်
အရာရာ၌ ထောင့်မကျိုးပဲ ဆတ်ကော့ လတ်ကော့ ဖြစ်နေ၏။ စစ်ပညာ ဟူ၍လည်း သေနတ်ထမ်း သေနတ်ချ အလေးပြု
ချီတတ် သေနတ်ပစ်မှ လွဲ၍ ဘာကိုမဆ စနစ်တစ်ကျ မယ်မယ်ရရ မတတ်သေး ။ စစ်စည်းကမ်းဆိုသည်မှာလည်း ဝေလာဝေး။
ထိုအချိန်က ကျွန်တော်၏ ခံယူချက်မှာ အထက်လူကြီးများ
တားမြစ်သော အချက်မှန်သမျှ ကိုရှောင်ကျဉ် ၍
အထက်လူကြီးများက တိုက်တွန်းစေခိုင်းသော
အရာ မှန်သမျှကို ဘာပဲဖြစ်ဖြစ် အမှား
အမှန် ဝေဖန်ရန်မလို အရှုံး အမြတ် တွက်နေရန်မလိုဘဲ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရေးသာလျှင်ဖြစ်၏။
ဆိုခဲ့သည့်အတိုင်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှသည် ရွှေတောင်ကြားလမ်းသို့
ခြေလျှင် ချီတတ် လာကြရင်း တာဝန်ထမ်းဆောင်ရမည့်
နေအိမ်သို့ ရောက်သောအခါ ကျွန်တော်တို့သည် ရှိရင်းစွဲတပ်စိပ် နှင့် ကင်းချင်းလဲလှယ်၍
ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရလေသည်။
ထိုအိမ်ကား ( ဗိုလ်အောင် ၊ ခြံအမှတ် ၅၆ ) ယခု
အီတလီသံအမတ် အိမ်နှင့် ကပ်လျှက် ဖြစ်၏။
ကျွန်တော် စောင့်ရမည့် ကင်း အလှည့်သို့ ရောက်သည်ဆိုလျှင်ပင်
နေအိမ်အတွင်း ကျွန်တော်တို့အတွက် ပေးထားသော
သီးသန့်ခန်းမှ အိမ်ဝရှိ ကင်းဂိတ် ထွက်လာခဲ့ရသော ကျွန်တော့ အဖို့ တာဝန်ချိန်အတွင်း သက်ပြင်းတချချ ရင်တမမဖြင့်
ဆက်ဆံရဦးမည့် ဧည့်သည်အမျိုးမျိုး၏
အကြောင်းကို စဉ်းစား မျှော်တွေး ရင်လေး၍ နေမိပေသည်။
ထိုခေတ်က ဗိုလ်မှုးအောင် (ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌဟောင်း ) မှာ အိမ်ထောင်မကျသေး ၊ လူပျိုကြီး ဖြစ်၏။ ထို့ကြောင့်လည်း အိမ်သို့ လာသော
ဧည့်သည်များအနက် စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နိုင်ငံရေးသမား များ ၊ အုပ်ချုပ်ရေးပိုင်းမှ
ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ ဆွေမျိုး ၊ မိတ်ဆွေများနှင့်
အမျိုးအစား များပြားလှသော အရပ်သား ဧည့်သည်များအပြင် ဆွေမျိုးတော်ချင်သူများလည်းပါ၏။
လာရောက်သူများကို ကြည့်ပါဦး။ လေသံအမျိုးမျိုးဖြစ်သည်ကို တွေ့ရမည်။
``ဟေ့
-- မင်းတို့ ဗိုလ်အောင် ရှိလားကွ ၊ ငါသူ့ဦးလေးဘဲ၊ သူနဲ့ တွေ့ချင်လို့ ``
ဤသို့တစ်မျိုး မာန်ဝင့်၍ လာသူများ။
``ကျုပ် သခင်စံလှိုင်နဲ့ တွေ့ချင်လို့ ကိစ္စအရေးကြီးတယ် ``
ဤသို့ ဂမူးရှုးဒိုး နှင့်လာသူများ။
``ဒီမယ် ဒကာလေး မင်းတို့ဗိုလ်မှုးကို သွားပြောချေစမ်း ၊ မန္တလေးက
အာဇာနည် အရှင်ဓမ္မိဿရ ကိုယ်တော် ကြွလာတယ်လို့
၊ သွား-- သွား-- မြန်မြန်သွား ၊ ငါသူနဲ့ မတွေ့လို့မဖြစ်ဘူး``
ဤသို့ လူမြင်သမျှ ကပ္ပိယ ကဲ့သို့ သဘောထားသော
ဘုန်းဘုန်းများ။
``ဒါက မောင်စံလှိုင်နေတဲ့ အိမ်မဟုတ်လား
-- ပြောလိုက်ပါ ကျုပ်နာမည်က ``------`` တဲ့ ၊ သူသိပါတယ်--``
ဤသို့ အလွန်တရာ ရင်းနှီးဟန် နှင့် ဘာကောင်မှန်း
မသိရသော (ဝါ) လူလော နတ်လော ခွဲခြား၍ မရသော
သူတို့သည် တစ်နေ့ တစ်နေ့ ဝင်၍ ဝင်၍သာ သွားကြပြီး ပြန်ထွက်ကြသည် မရှိသောကြောင့် ဧည့်ခန်းမဆံ့ မခန့်မညား
ဖြစ်လာသောအခါ ကင်းဗိုလ်ဖြစ်သူမှာ မနေသာတော့ဘဲ
ကျွန်တော့်ထံသို့ ပြေးလာ ၍ -----------
``ဟေ့ကောင်-- ရဲခေါင် ၊ ကြည့်လဲလုပ်ပါဦးကွာ--မင်းဥစ္စာ ကလဲ ငါ့လခွေးမှဘဲ၊ လူတွေကို အရမ်းမလွှတ်ပါနဲ့ကွ၊ အခု
ဟိုမှာ ဧည့်ခန်းမဆံ့ တော့ဘူး။ ဒါကထားဦး
--ဒို့ဗိုလ်မှုး ခုထိ ထမင်းမစားရသေး ဘူး။ ကြည့်စမ်း
ဘယ်အချိန်ရှိနေပလဲ။ နမ်းမေဂရိုး-- ဒီလိုသာ လူတိုင်းလက်ခံ စကားပြောရရင် သေးတောင် ပေါက်ရမှာ
မဟုတ်ဘူး``ဟု ဆိုပါလေတော့သည်။
ပြောမည်ဆိုလည်း ပြောစရာပင် ၊လာရောက်သော ဧည့်သည်များတွင်
အလည်အပတ် သက်သက် ၊ သားရေး သမီးရေး ကိစ္စ နှင့် အချိန်ဖြုံးတီးရန် လာသူများ အောက်လက်ငယ်သား
ပုလိပ် ဆယ်အိမ်ခေါင်းမျှ နှင့် ပြီးစီးနိုင်သော ကိစ္စများကိုပင် မြစ်ချောင်းအသွယ် မြို့နယ်အစုစု လူမှုအဆင့်ဆင့် ကို
ဖြတ်ကျော်၍ တကူးတကန့် ဒုက္ခပေးရန်အတွက် လာသူများ။ မိမိတို့ အရေးကိစ္စကို တိုတိုတုတ်တုတ်
နှင့် လိုရင်း မပြောဘဲ အတိတ်ကိုဆောင်၍ နမိတ်တော်ခင်းပြီး ``မိုးအလင်း`` ပြောမည့်သူများမှာ
အဆိုးဆုံးဖြစ်လေသည်။ ထိုသူများ သည် အလိုက်ကန်းဆိုး လုံးဝမသိသူများ ဖြစ်သည့်အတွက် သူတို့၏
အပြုအမူများကိုလည်း တားမြစ်တိမ်းဖယ် ပြုပြင်ရလွယ်သူများ မဟုတ်ကြ။
ထို့ကြောင့် ဧည့်သည်များလာလျှင် ဧည့်သည်၏
အရေးကိစ္စကို အမျိုးအစားခွဲခြား၍ ရုံးကိစ္စဖြစ်လျှင် ရုံးသို့စေလွှတ်လိုက်ရန်နှင့် အိမ်ကိစ္စဖြစ်ပါမူလည်း
သူ့အားရှေးဦးစွာ အသိပေးအကြောင်းကြားရန် မှာထားသောကြောင့် နောင်သောအခါ၌ ကျွန်တော်သည်
ဗိုလ်မှုးအောင်နှင့် တွေ့လိုသော ဧည့်သည်များကို တပ်စိပ်ဗိုလ်၏ သြဝါဒ အမိန့်တော်အတိုင်း
ဦးထိပ်ရွက် ပန်ဆင်ရန် ဟန်ပြင်ရလေတော့သည်။
ဤသို့ ပြုလုပ်လိုက်ပြန်ပါသော်လည်း ကျွန်တော်၏
တပ်စိပ်ဗိုလ်ခမျာမှာ သက်သာလှသည်တော့ မဟုတ်။ ကျွန်တော်တို့က ဘယ်လိုပင် လူဝင်ကန့်သက်ရေးအတွက်``
မူ``ပြောင်းထားပေမယ့် လာရောက်သောလူများမှာ
မပြောင်းသောကြောင့် လာလာသမျှအား အဘိယာစက စကားမြွက်ကြား ပြောဆို နေရသည်ကပင်လျှင်
တံတွေး မျိုချချိန်မရ၊ တစ်ယောက်ပြီးတစ်ယောက် လူရိပ်မပျောက်အောင် သူတို့ပဲ လာနိုင် လွန်းကြသည်။
ဤတွင် ကျွန်တော်တို့ တပ်စိပ်ဗိုလ်မှာ အိမ်ကိစ္စအတွက်လူလာတိုင်း သူပါရသည်ဖြစ်သောကြောင့်
မီတာ ၂၀ ခန့်မျှဝေးသော အိမ်ဝနှင့် ကင်းဂိတ်ကို
တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေး ကဲ့သို့ လျှာထွက် မတတ် ပြေးရဖန်များသောအခါ ဖဝါးနာပြီး မစားသာသောအခြေ သို့ ဆိုက်ရောက်လာရကား ချမှတ်ပြီးသော လမ်းစဉ်ကို
နောက်ထပ်တစ်ဖန် ပြန်ရပြန်သည်။
``ကဲ--- ရဲခေါင်ရေ ၊ဒီတစ်ခါတော့
ဒီလိုလုပ်ကြမှထင်တယ်။ အိမ်ကိစ္စနဲ့ လူလာတိုင်းလဲ မင်းငါ့ကို မခေါ်နဲ့တော့ကွာ မင်းဘာသာမင်း လူရိပ်လူကဲကြည့်ပြီး အထဲကို လွှတ်သင့်တယ်ထင်မှ လွှတ်တော့ ဟုတ်လား။ တော်ရုံတန်ရုံတော့ကွာ မင်းသဘောနဲ့ မင်းကြည့်ပြီး ကောင်းသလိုသာ ရှင်းလိုက်ပေတော့ နားလည်သလား--``
``ဟုတ်ကဲ့ ဗိုလ်လေး စိတ်ချပါ-- ဒီလိုဆို
ကျွန်တော် ကြည့်လုပ်လိုက်မယ်``
ထိုသို့ လူဝင်ကန့်သက်ရေးအတွက် အချုပ်အခြာအာဏာ ကျွန်တော့လက်တွင်းသို့ ရောက်လာသည် နှင့်တပြိုင်နက် ကျွန်တော်နှင့် လူ့ဂွစာများ လူ့ကပ်ဖဲ့များ
စိတ်ကြီးဝင်နေသော သူများ မှာ ခွေးနှင့်
ကြောင်ကဲ့သို့ တစောင်စောင်ဖြစ်ရုံမျှမက မီးခဲနှင့် ဗျောက်အိုးကဲ့သို့ ဝင်တိုးတိုင်းမီးပွင့်လေတော့ သည်။
နုနုနှင့် ပြောမရသူများကို ခပ်ထန်ထန်ပြောရ၏။ ပြောရင်းက ကဲတတ်လာသောသူများကို မူ လက်မောင်းရင်းကို ဆွဲ၍၎င်း၊ ရင်ပတ်ကို တွန်း၍၎င်း ထုတ်ရတော့သည်။
ဤသို့မှ မလုပ်လျှင်လည်းမရ။ လူလူခြင်းဆက်ဆံရသည်မှာ အတော်ခက်လှပေသည်။ လက်နက်ရုံတစ်ရုံကို စောင့်ရှောက်ရခြင်းထက် လူတစ်ယောက်ကို ထိမ်းသိမ်းရသည်မှာ အလွန်တရာ တာဝန်ကြီးလှပါ၏။လက်နက်နှင့် လူမှာ ပေါက်ကွဲ
ထိရှပုံခြင်း တူသော်လည်း တန်ပြန်ပုံ၌ မတူချေ။ လူသည် လက်နက်ထက် ပရိယာယ်များ၏။ အချို့သောသူ
များမှာ အလိုက်လည်းမသိ ကိုယ်ချင်းစာတရားလည်းမရှိချေ။
ထိုသူများသည် တဖက်သားအား စကားဖြင့် မခံချင်အောင်ပြော၏။ အမူအရာဖြင့် မသိမသာ စော်ကား၏။
ထိုအခါ စစ်သားများက မခံနိုင်လွန်းသဖြင့် စိတ်လိုကမာန်ပါ
ပြန်၍လုပ်လိုက်သောအခါ ကာလပျက်ခမန်း ``စစ်သားတွေ
ကြမ်းသည် ရမ်းသည် ရိုင်းသည်`` ဟု ဆိုရိုးပြုကြတော့သည်။ ဒီတော့ မခက်ပါလား။
သို့နှင့်ပင် ကျွန်တော်၏ ကင်းတာဝန်ချိန်
၂- နာရီကား ပြီးဆုံးခဲ့ပါပြီ ။ ကျွန်တော်သည် စိတ်ရော ကိုယ်ပါ အနားရတော့မည်ဖြစ်သဖြင့်
လေကလေး တချွန်ချွန်နှင့် အလွန်ပင်ပျော်နေမိသည်။ သို့ရာတွင် ကျွန်တော်၏ ပျော်ရွှင်မှုများ
ရေပွက်ပမာ ခဏသာတည်း။ အကြောင်းကို ဆိုရသော်---
``ရဲခေါင်ရေ---- ကျင်မောင်တစ်ယောက်ကွာ ၊
အဖျားတတ်နေလို့ မင်း သူ့အစား နောက် နှစ်နာရီ စောင့်ပေးလိုက်ပါအုံးကွာ
။``
ကျွန်တော်တို့ တပ်စိပ်ဗိုလ်၏ စကားမဆုံးမီပင်
ကျွန်တော်သည် လွတ်ခါနီးမှ နောက်အမှုပေါ်လာသော အကျဉ်းသားနှင့်မခြား စိတ်တွင်းမှ ဘုရားတ၍
သက်ပြင်းကို ချလိုက်မိသည်။
``အင်း
နောက်နှစ်နာရီ -- နောက် နှစ်နာရီ
``
ကျွန်တော်သည် စိတ်ထဲမှ ရေရွတ်ရင်း နောက် ၂ နာရီအတွင်း ထပ်မံတွေ့ဆုံရဦးမည့် လူသတ္တဝါများ အကြောင်းကို တဖြည်းဖြည်းတွေး၍
ရင်လေးနေတော့သည်။ သို့သော်ယခု ကိစ္စမှာနာမကျန်းဖြစ်နေသော ရဲဘော် တစ်ဦးအတွက် ကူညီရမည့်
ကိစ္စဖြစ်သောကြောင့် ကမ္မဿကာ ဖြစ်ချင်တိုင်းဖြစ် နစ်ချင်တိုင်းနစ် ကရော စိတ်မညစ်သာပြီဘူး
ပဉ္စဝုဓ မင်းသားထုံးစံ မလွဲသာ၍ ရန်သူတွေ့ ခြင်္သေ့ခံခံရအောင် `` ဟူသော ဝိဇယ ပြဇာတ်ထဲမှ ဦးပုည စာချိုးအတိုင်း ကိုယ့်ကိုယ်ကို ပြန်၍ အားပေးရပါတော့သည်။
ကျွန်တော်သည် သေနတ်ကိုပိုက်၍ ထိုမှ ဤမှ လမ်းသလားနေရသည်နှင့်အမျှ ကျွန်တော်၏ စိတ်များ မှာလည်း ဂဏာမငြိမ်ဖြစ်နေသည်။
ကျွန်တော်၏ မျက်လုံးမှာမူ ရွှေတောင်ကြားလမ်း
တလျှောက် နောက်ရောက်မည့် ဂွငနဲ ကိုသာ စိတ်ထဲမှ ကျိန်ဆဲရင်း စောင့်မျှော်နေမိ၏။
ထိုအချိန်တွင် လူတစ်ယောက်သည် ချင်းချောင်
အဲဗားနယူး ဘက်မှသည် ရွှေတောင်ကြားလမ်းအတိုင်း ကျွန်တော်ရှိရာဘက်သို့ နှေးကွေးစွာ လျှောက်လာနေ၏။ အချိန်မှာ ညနေ ၅ နာရီနှင့် ၆ နာရီကြား
လူလုံးလှချိန် ဖြစ်သော်လည်း ဝဿန်ကာလ၏ သဘာဝစုတ်ချက်များက မီးခိုးရောင်မှုံး၍ လူလုံးမှိန်ထားသော ကြောင့်၎င်း။ မိုးဥတု ဇာငွေမျှင်များက
သူ့ပတ်ဝန်းကျင်တွင် တဖွဲဖွဲ ကျနေသောကြောင့်တစ်ကြောင်း မည်သူ မည်ဝါဖြစ်သည်ကို မသိနိုင်။
သို့သော် တစ်ခုတော့ပြောနိုင်သည် ။ ဤသို့
မိုးတဖွဲဖွဲကျနေသည့်ကြားထဲ၌ ထီးမပါ အကာမရှိ
ဘယ်ကိုဆို ဘယ်ကိုမျှမကြည့်ဘဲ ဦးခေါင်းငုံ့ကာ
စဉ်းစား၍ လာနေသူသည် ဧကန္တ စိတ္တဇရောဂါသည် တစ်ဦးသာ
ဖြစ်ရပေမည်။ ဤသို့ ကျွန်တော်က ထင်၏။
သူသည် တဖြည်းဖြည်း ကျွန်တော်နှင့် နီးကပ်လာရာမှ လွန်၍သွား၏။ ထိုအချိန်ထိ သူသည် ဘယ်ကိုမျှ မကြည့်သေး။
လမ်းထိပ် ကွေ့သို့ရောက်သောအခါကျမှ သူသည် ရုတ်တရက် သတိရဟန်ဖြင့် ဖျတ်ကနဲ ခေါင်းထောင်၍
ဗိုလ်မှုးအောင် အိမ်ဘက်သို့ တစ်ချက်မျှော်ကြည့်လိုက်ရင်း ကျေနပ်ပြုံးပြုံးကာ ပြန်လှည့်လာပြန်သည်။ သို့သော် သူ၏ ခေါင်းမှာမူ ငုံ့မြဲငုံ့လျှက်----
``ရော--- ဘယ်ကိုများ လာအုံးမလို့ပါလိမ့်
``
ကျွန်တော်သည် ဤသို့တွေးရင်း သူ့အား ပို၍ပို၍ စိတ်ဝင်စားလာမိသည်။ သူသည် ခြံပေါက်အတွင်း
သို့ တန်းတန်းမတ်မတ် ဝင်လာသော်လည်း ဘာကိုမျှ ဂရုမပြု။ ဘယ်သူ့ကိုမှ မေးမြန်းခြင်း မရှိ။
သူသည် ကျွန်တော့်ကိုရှေ့မှ ဖြတ်၍ တတ်ရန်ပြင်လိုက်သည်နှင့်
တပြိုင်နက် လှံစွတ်တပ်ထားသော ကျွန်တော်၏ ရိုင်ဖယ်သေနတ်သည် သူ၏ ရင်ဘတ်သို့ ကန့်လန့်ဖြတ်
တားထားလိုက်ရပါတော့သည်။ ထိုအခါ သူသည် သေနတ်ကိုတလှည့် ကျွန်တော့ကိုတလှည့် အေးစက်သောအမူအရာဖြင့် ကြည့်ပြီးမှ---
``သြ---- ရဲဘော် ခင်ဗျားကို
ကျုပ် မမြင်မိဘူး ``
အလို--- ဘုရားရေ--- ၊ လူတစ်ယောက်လုံးရပ်နေတာတောင်
မမြင်မိဘူးတဲ့။ ကဲ-- ကျွန်တော်က သူ့ကို အံ့သြစွာပင် ကြည့်လိုက်ရင်း စိတ်တွင်းမှလည်း
သူ့ပေါ်၌ တမျိုးတမည် ထင်မှတ်မိပြန်သည်။
``တန်တော့ ဒီလူဟာ ကြောင်တောင်ကန်းများလား``
ကျွန်တော်သည် ဤသို့တွေးတောရင်း သူ၏ ပုံပန်းသဏ္ဍန်ကို
တစ်ရစ်စီ ခြေဆုံးခေါင်းဆုံးလေ့လာ နေမိ၏။
ကြည့်ပါ --ခေါင်းမွေးစုတ်ဖွား ၊ မေးရိုးကားကား ၊ မျက်ပေါက်ကျဉ်းကျဉ်း
၊ စွပ်ကျယ်လက်တို ၊ တပတ်ရစ် ယောပုဆိုး ၊ သဲကြိုးနီ လေယာဉ်ပျံ ဖိနပ်နှင့် ပိန်ကပ်ကပ်
မွဲခြောက်ခြောက် လူတစ်ယောက်။
``ခင်ဗျားက ဘယ်ကလဲ၊ ဘယ်သူလဲ ၊ ဘယ်သွားမလို့လဲ---``
ကျွန်တော်က သူ့အား သိလိုသော မေးခွန်းများကို
ဆက်တိုက် တရစပ် မေးချလိုက်သည်။ သို့ရာတွင် သူသည် ကျွန်တော်၏ မေးခွန်းများကို ပြည့်စုံစွာ
မဖြေ။ ကျွန်တော်က သူ့ကို စိတ်ဝင်စားနေသော်လည်း သူက ကျွန်တော့အား ပြန်လည်၍ စိတ်ဝင်စားဟန်မတူ။
သူ့ကြည့်ရသည်မှာ ခပ်ကြောင်ကြောင်ပင် ဖြစ်၏။ သူသည် ကျွန်တော့အား မကြည့်ဘဲ ဗိုလ်မှုးအောင် အိမ်ဘက်သို့ကြည့်ရင်း ကျွန်တော့မေးခွန်းကိုဖြေ၏။
``ဒီကိုပါဘဲ--- ကျုပ်နေတာ ဒီနားမှာဘဲ---``
ကဲကြည့်----။ ဖြေ ပုံကိုက ငုံးတိတိနှင့် ဘယ်လောက်များ ဂွကျသော
လူစားထဲက ပါလဲ။ ဒီလို ဂွငနဲ မျိုးပေါင်းများစွာကို လွန်ခဲ့သောအချိန်များက ကျွန်တော်သည် လက်မောင်းကို ဆွဲ၍၎င်း၊ ရင်ဘတ်ကို တွန်း၍၎င်း။
နားရင်းကို အုပ်၍၎င်း ၊ ထုတ်ခဲ့ဘူးပြီ မဟုတ်ပါလား ။ ယခုလည်း လာပြန်ပြီတစ်ယောက် ၊ ကျွန်တော်သည်
စိတ်နောက်နောက်ဖြင့် သူ့အားကြည့်၍----
``ဒီမှာ ဗျို့ဆရာ-- ခင်ဗျားဒီကို လာတဲ့ကိစ္စပြောစမ်းပါ--``
``ကျုပ် ဗိုလ်အောင်နဲ့ တွေ့ချင်လို့--``
``ရုံးကိစ္စလား အိမ်ကိစ္စလား``
``အိမ်မှာ တွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စဘဲ``
``ဟင်------``
သူပြောသောစကားကြောင့် ကျွန်တော့မှာ ကြောင်အမ်းအမ်းဖြင့်
ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ကျွန်တော်က ဘာကိုမျှပြန်၍ မပြောနိုင်မီ သူသည် သူပြောလိုသောစကားများကို ဆက်ပြောသွား၏။
``ကျုပ်အဖို့ရာ အိမ်ကလည်းရုံး ရုံးကလဲ အိမ်ပဲ၊ အိမ်နဲ့ ရုံးကို
ခွဲခြားနေဘို့၇ာ အချိန်မရဘူး ရဲဘော် ၊ ဒါကြောင့် အခု ကျုပ်------``
သူသည် စကားကိုပင် အဆုံးမသတ်ဘဲ ခြံတွင်းသို့
ပြောပြောဆိုဆိုဖြင့် တစ်လှမ်းခြင်းဝင်သွား၏။ ကျွန်တော်သည် စက္ကန့်ပိုင်းမျှ သူ၏အပြုအမူကို
အံ့အားသင့်ကာ ကြည့်နေပြီးမှ ကပျာကရာ သူ၏ လက်မောင်းရင်းကို ပြေးကိုင်ပြီး ခြံဝသို့ ဆွဲထုတ်ခဲ့၏။
သူသည် ကျွန်တော်၏ လက်တွင်းဝယ် ယက်ကန် ယက်ကန် ဖြင့် ပါလာရင်း ခြံပြင်သို့ေ၇ာက်သည်နှင့် တပြိုင်နက် ကျွန်တော်၏ မာန်မဲကျိမ်းမောင်းခြင်းကို
ခံရရှာတော့သည်။ သို့ရာတွင် သူက အပြုံးမပျက်ပါ။ ထိုသို့အပြုံးမပျက်လေလေ ကျွန်တော်က ဒေါပွလေလေ။
``------ခင်ဗျား ဘယ်လိုလူလဲဟင် ၊ ခင်ဗျား ဘာကောင်လဲ ၊ ဒီလို ဗိုလ်မှုးတစ်ယောက်
အိမ်ထဲကို အရမ်းဝင်ချင်တိုင်း ဝင်လို့ရမလား ၊ ခင်ဗျား တယ်ဇွတ်တရွတ် နိုင်တဲ့လူပါလား။
ခင်ဗျားကို ဘယ်သူက ဝင်ခွင့် ပေးသေးလို့လဲ--``
ကျွန်တော်က ဒေါပွပွဖြင့် သူ့အား ကြိမ်းမောင်းနေစဉ်ပင်
သူသည် ကျွန်တော် ကြိမ်းမောင်းသမျှကို စိတ်ရှည်လက်ရှည် နားထောင်နေပြီးခါမှ စကားတစ်ခွန်းကို
လေးကန်စွာ ပြောလိုက်လေသည်။
``မဟုတ်ဘူး ရဲဘော်--- ကျုပ်ဟာ အောင်ဆန်းဘဲ
၊ ရဲဘော် ကျုပ်ကို မသိလို့ ဖြစ်ပါလိမ့်မယ်
၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါလေ--
၊ ကျူပ်သူနဲ့တွေ့ပါ့မယ်--``
ထိုအခါမှ ကျွန်တော်၏ ခေါင်းထဲသို့ အကြောင်းတစ်ရပ်သည် ဖျတ်ကနဲ ဝင်လာ၏။ (ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း)။
ထိုအတွေးနှင့် အတူပင် ကျွန်တော်၏ ပါးစပ်မှာ အဟောင်းသားပွင့်ကာ သူ့အား ခြေဆုံးခေါင်းဆုံး ပြန်၍ စေ့စပ်စွာကြည့်ရင်း
မယုံရအခက် ယုံရအခက် ဖြစ်နေ၏။ ဝေခွဲမရသော ကျွန်တော်၏
မျက်လုံးများမှာ လည်း သူ့အား အချိန်ကြာမြင့်စွာ တွေဝေငေးငိုင် ၍ကြည့်နေမိသည်။ သူသည်
ကျွန်တော်၏ ဝမ်းတွင်းသဏ္ဍန် ကို ဝေဖန်ရိပ်စားမိ၍လား မပြောတတ်။
``ကဲပါလေ-- ကင်းဗိုလ်ကိုသာ ခေါ်လိုက်ပါ ရဲဘော်
၊ ကျုပ်ချမ်းလှပြီ--``
ဟုဆိုရှာပါသည်။ သူကထိုသို့ ပြောလိုက်မှ ကျွန်တော်သည် သတိရ၍ ဤကိစ္စတွင် ကျွန်တော့အနေဖြင့်
ဘုမသိ ၊ ဘမသိ ဆုံးဖြတ်လိုက်ခြင်းထက် ကင်းဗိုလ်၏
အကူအညီကို ယူ၍ ဆုံးဖြတ်လုပ် ကိုင်ခြင်းသည်သာလျှင်
ကျွန်တော့ အဖို့ အကောင်းဆုံးဖြစ်မည်ကို တွေးမိ၏။ ဗိုလ်ကျော်ဒင်မှာ ကျွန်တော့ ထက် စစ်ဝါရင့်သူလည်းဖြစ်သည်။ တပ်မတော်မှ
အရာရှိကြီးများကို အတော်များများ သိမြင်ထားသူလည်း ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်သည် ကင်းဗိုလ်အား ခွန်းဆင့်၍ ခေါ်လိုက်ရ တော့သည်။ ကျွန်တော်၏ ခေါ်သံ
ကြောင့် ဗိုလ်ကျော်ဒင်သည် ကင်းဂိတ်သို့ ဒရောသောပါး ပြေးလာကာ သူ့ကိုယ်သူ အောင်ဆန်း ပါဟု
ဆို၍ နေသော လူကို မြင်လိုက်သည်နှင့်တပြိုင်နက်
ဖျတ်ကနဲ အလေးပြုလိုက်ရင်း---
``ဟာ
--- ဗိုလ်ချုပ် ရေတွေစိုလို့ပါလား
၊ ကြွပါ ဗိုလ်ချုပ် အထဲကို ကြွပါ--`` ဟု ပြောပြောဆိုဆို ခရီးဦးကြိုပြုပါတော့သည်။
ဤဖြစ်ရပ်ကို မြင်ရသော ကျွန်တော့မှာမူ ကောင်းကင်အတတ် ပြဒါးရှင် လုံးထွက်ကျသော ပဋိက္ခယား မင်းသားကဲ့သို့ ထွက်သက် ဝင်သက်တို့သည် ရပ်တန့်ကုန်၏။ ၂၀ ရာစုနှစ် သမီးပျို၏ ခါး၌ တင်၍
မွှေ့အပ်သော ဖင်လိမ်ကွင်းကဲ့သို့ လည်း မြင်ကွင်းအားလုံးတို့သည်
ချာလပတ်လည်နေ၏။ ကျွန်တော်၏ နှုတ်ဖျားမှာလည်း
ချုပ်ထားသကဲ့သို့ ဖွင့်၍မရတော့။ နားထင်နားရင်းများ
မှာလည်း ဒေါက်ဘိနပ်ဖြင့် အရိုက်ခံရ သူကဲ့သို့ ထူပူ၍လာ၏။ ကိုင်ထားအပ်သော သေနတ်မှာလည်း
အရက်ဖြတ်ထားသော စာရေးဆရာ လက်မှ ဖောင်တိန်ကဲ့သို့
တဆတ်ဆတ် တုံနေ၏။ ရင်တွင်း၌မူ သန့်ရှင်းနှင့်တည်မြဲ မဲခွဲသောနေ့က ပြည်သူ လူထု၏ နှလုံးသားကို ကျွန်တော်တစ်ဦးတည်း
မြိုထားရသကဲ့သို့ စိုးရိမ်ပူပန်မှုများ ပြင်းစွာဖြစ်၏။
``သြော်---- ငါမှားလေခြင်း ၊ ငါ -- မိုက်လေခြင်း ``ဟု မသိတတ်သား ဆိုးရွားလှသော ကျွန်တော့ ကိုယ်ကို လည်း ကျွန်တော် ပြန်၍ အပြစ်တင်မဆုံးတော့။
``ပြောမယုံ ကြုံဖူးမှသိ`` ဆိုသကဲ့သို့ နယ်ချဲ့စစ်တပ်များမှ ကြေးစား အရာရှိကြီးများနှင့် လွတ်လပ်ရေး တပ်မတော်မှ မျိုးချစ် အရာရှိကြီးများ၏
ခြားနားမှုကိုလည်း စံပြု၍ နှိုင်းယှဉ်မိတော့သည်။
သူတို့ ထွက်သွားပြီးနောက် အချိန်ကား သိပ် မကြာလိုက်ပါ။ ဗိုလ်ကျော်ဒင် ခမျာ သုတ်သီးသုတ်ပြာဖြင့် ပြေးဆင်းလာ၏။ သူ့နောက်၌လည်း
ရဲဘော်တစ်ယောက် အပိုပါလာသည်။
``ဟေ့
-ရဲခေါင် မင်း ဗိုလ်ချုပ်ကို ဘာလုပ်လိုက်တာလဲ ဟင်---``
``အာ----- ဗိုလ်ချုပ်မှန်း ဘယ်သိမလဲဗျ ၊ ယူနီဖောင်းမပါ ၊ ဘာမပါနဲ့ သူ့ကိုလဲ ကျွန်တော်က သိတာ မှမဟုတ်ဘဲ။
နောက်ပြီး သူကလည်း အစက ဘာမှပြောတာ မှုတ်ဘူး။
အပြင်ကို ဆွဲထုတ်ပြီးမှ သူကပြောတာ။ အဲဒီတော့မှ ကျွန်တော်လည်း
ဗိုလ်လေးကို ခေါ်လိုက်တာ---``
``အဲဒါမှ စောက် ဂွ ပဲကွာ -- အစက ငါ့ကို ဘာလို့ မပြောတာလဲ-- ဟကောင်ရ ``
``နို့--- ဗိုလ်လေးက လူကဲခတ်ပြီး
ကြည့်လုပ်ရမယ်ဆို------``
``အားပါး----- ကျွတ် ကျွတ်--
နင့်မေဂရိုးဘဲ-- အိုး-----------ဟိုး-------ဟိုးးး ``
သူသည် သူ၏ နှဖူးကို လက်ဝါးဖြင့်ရိုက်၍ ငြုတ်သီးစပ်သကဲ့သို့ စုပ်သတ် ငြီးညူလိုက်ကာ --ဘာမျှမပြောတော့ချေ။
``ကဲ--- ဒါဖြင့် မင်းလိုက်ခဲ့အုံး။ ဗိုလ်ချုပ်က
မင်းကို ခေါ်ခိုင်းလို့။ ငါတော့ သေသာ သေချင်တော့တာ ဘဲ၊ ---ရဲခေါင်ရာ--``
ထို့နောက် ပါလာသော ရဲဘော်အား ကျွန်တော့ နေရာ၌ ခေတ္တအစားထားပြီး ဗိုလ်ချုပ်ရှိရာ ဧည့်ခန်းသို့ ကျွန်တော်တို့ နှစ်ဦးသား
ထွက်ခဲ့ကြပါသည်။ အတွေးမှာ ကိုယ်စီနှင့်။
အိမ်၏ ဘယ်ဘက်အဆောင်ရှိ ဧည့်ခန်းအတွင်း စန္ဒယားခုံကို
ဖင်တစ်ဝက်မှေးကာ မတ်တပ်ရပ် လက်ပိုက်၍
ခေါင်းငုံ့ရင်း တစ်စုံတစ်ခု စဉ်းစားနေသော သခင်အောင်ဆန်း။
အနီး၌မူ ဗိုလ်မှုးအောင်သည် တည်ငြိမ်သောအပြုံးဖြင့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေ၏။
လူမှာ ဧည့်ခန်းဝသို့ ရောက်နေသော်လည်း အထဲသို့ဝင်ရန် မရွံ့မရဲဖြင့် ခြေဆွဲ၍ နေသူကား ကျွန်တော်-----
ဗိုလ်ကျော်ဒင်၏ စစ်သံပါပါ
အော်ကာ ဟစ်ကာ သတင်းပို့လိုက်သော အသံကြောင့် ကျောက်ရုပ်ပမာ ငြိမ်ချက်သားကောင်းနေသော
ဗိုလ်ချုပ်သည် တဖြည်းဖြည်း ခေါင်းမော့လာကာ
စောစောက ကျွန်တော်သူ့ကို ကြည့်နည်းမျိုးဖြင့်သူက ကျွန်တော့ကို ပြန်ကြည့်၏။ ဝဋ်ဟူသည်ကား မသေမီက လိုက်သည်ကို ကျွန်တော်ချက်ချင်း နားလည်လိုက်ပါ၏။ ထို့နောက်သူသည်
သူ၏ လက်ဖျားများကို လက်ဖြင့်ပွတ်သပ်နေရင်း-
``အင်း --- ရဲဘော်နာမည်--``
``ရဲခေါင်-``
``တပ်ထဲ ဝင်တာ မကြာသေးဘူး ထင်တယ်``
``ဟုတ်ကဲ့``
``အင်း`` သူသည် ရှေ့သို့စကားမဆက်ဘဲ စဉ်းစားနေရာက---
``အေးပေါ့ကွာ--------ရဲဘော်ရဲ့ တာဝန်ကျေပြွန်မှုကို ချီးကျူးပါတယ်-- ဟုတ်လား။ စောစောက ကိစ္စကို ဘာမှ
ခေါင်းထဲထည့်ပြီး စဉ်းစားမနေနဲ့ ဟုတ်လား။ ဒီအချိန်မှာ ဒီလိုလုပ်ရမှာဘဲ။ အဲဒါ ရဲဘော်မှန်တယ်။ ဟုတ်လား။ ကဲ--- ကဲ--- သွားနိုင်ပါဘီ။``
ထိုအချိန်၌ ဗိုလ်ချုပ် ပါးစပ်ဖျားမှ ထွက်လာသေားစကားများကို ကျွန်တော့်နားက သံသယ ဖြစ်နေသည်။ ``ဟုတ်မှ ဟုတ်ပါ့မလား`` ဟူ၍လည်း ဝမ်းမသာဝန့်အောင် ဖြစ်နေမိသည်။
ထို့ကြောင့်လည်း ``ခင်ဗျာ``ဟု နားမရှင်းဟန်ဖြင့် ထပ်မေးလိုက်တော့မှ----
``သြော်--- ရဲဘော်မမှားဘူး။ အဲဒါကိုပြောတာ။ ဒီတော့ လုပ်စရာရှိတာသာ ဆက်လုပ်ဟုတ်လား။
အေး---- တစ်ခုတော့သတိထား။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒါပဲ``
ကျွန်တော်သည် ဗိုလ်ချုပ်စကား ဆုံးသည်နှင့်တပြိုင်နက် မူလတာဝန်ကျရာ အရပ်သို့ ကလေးငယ်ပမာ ခုန်ပေါက် မြူးတူးကာ
ပြန်လာမိသည်။ စောစောက ရင်တွင်း၌ ပူလောင်လှစွာ ရေငတ်လွန်း သော ဝေဒနာမှာလည်း အဘယ်သို့
ပျောက်သွားသည်မသိ။
ကျွန်တော်၏ ဦးဏှောက်တွင်း၌ မူ ``သဘောကောင်းသူ`` ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကိုသာ
ထပ်လောင်းခါခါ စဉ်းစားနေမိ၏။ ယနေ့မှစ၍ ရက်သတ္တပါတ်
နှစ်ပါတ်ကျော်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရှေ့တန်းခေါင်းဆောင်ကြီးများ
ကုန်သလောက် နီးနီး ကျဆုံးပြီးသော ဂျူလိုင် ၁၉ ရက် အာဇာနည်နေ့သို့ေ၇ာက်ပြန်လေဦးတော့မည်။
ရှေးအခါက ဆိုမူ ကျွန်တော်သည် ပြည်သူ လူထုတစ်၇ပ်လုံးနှင့်အတူ
အာဇာနည်နေ့ အထိမ်းအမှတ် သဘင် ဆင်ယင်ကျင်းပရာ တရားပွဲဥပစာများသို့ သွား၍၎င်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
သိကောင်းစရာ အဖြာဖြာ ကို ပုဂ္ဂိုလ်အသီးသီး ရှာမှီးတင်ပြကြသော သတင်းဆောင်းပါး ဖြစ်၇ပ်များကို၎င်း၊
ကြားနာမှတ်သား ကျေးဇူးပွားခြင်းဖြင့်သာ နေလာခဲ့ရသော်လည်း
ယခုအခါ၌ဆိုလျှင် အိမ်ထောင်ရှင် အဖြစ်သို့ရောက်၍ နေသော ကျွန်တော့ပတ်ဝန်းကျင်တွင် တရားနာပုဂ္ဂိုလ်အဖြစ်
ကျွန်တော်၏ သားငယ်များသည် ကျွန်တော်ပြောပြ
မည့် ``သဘောကောင်းသူ``ခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်းကို စုတ်သပ် အံ့သြ နှမြောတမ်းတကာ ကြားနာနေရှာပေလိမ့်မည်။ ထိုအခါ၌ ကျွန်တော်သည် ---
``သားရေ---- ဟောဒီလောက မှာလေ လူသတ္တဝါတွေရဲ့အကျိုးအတွက် ပေါ်ထွက်ခဲ့ကြတဲ့ ဘာသာရေးဆိုင်ရာ ၊ နိုင်ငံရေးဆိုင်ရာ ၊ စီးပွားရေးဆိုင်ရာ
၊ ပညာရေးဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ ၊ ခေါင်းဆောင် အမျိုးမျိုးအနက် ဖေဖေတို့ ပြည်ထောင်စု
မြန်မာနိုင်ငံမှာ တခါက ပေါ်ထွက်ခဲ့ဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဟာလေ ဖေဖေ သိရသလောက်တော့ အလွန်ကို သဘောကောင်းတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ပေါ့ကွ ယ် သူနဲ့ ဖေဖေ စပြီးတွေ့ခဲ့ရတဲ့ အချိန်ကတော့------``
ဤသို့ အစချီကာ ဗမာ့လွတ်လပ်ရေးသမိုင်း၏ ကွေ့တစ်ကွေ့တွင် အမှတ်မထင်
ကျွန်တော်နှင့် ရှေးဦးပထမ တိုက်ဆိုင် ဆုံစည်းခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း၏
အကြောင်းကို ထပ်လောင်းပြောပြ ရပေလတ္တံ့။
သို့သော် ဤဖြစ်ရပ်သည် ကျွန်တော်ငယ်ငယ်က ကျွန်တော့ဖေဖေ ပြောပြသည့် ``ရွှေယုန်နှင့်ရွှေကျား`` သက်ကယ်ရိတ်သွားသော ဒဏ္ဍာရီ ပုံပြင်စကားမဟုတ်။ စင်စစ် ကျွန်တော်ပြောပြမည့်
ရဲဘော်ဓလေ့ ကိုယ်တွေ့ဖြစ်စဉ်များ သည် ကျွန်တော့ သားငယ်များ၏ နှလုံးသား တွင် ရာသက်ပန်
စွဲဝင်သွားစေရုံ သာမက သူတို့၏ ပတ်ဝန်းကျင် ကစားဖော်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း
ဆိုတာဟာလေ တခါက ငါတို့ဖေဖေနဲ့ တွေ့ခဲ့ရဘူးသတဲ့--
``ဟူ၍၎င်း၊ (သို့မဟုတ်) သူတို့ပတ်ဝန်းကျင် ၊ သူတို့သားငယ်များရှေ့တွင်လည်း ``အဲဒီ ဗိုလ်ချုပ်အောင်ဆန်း
ဆိုတာဟာလေ တခါတုန်းက သားသားဖိုးဖိုးနဲ့ တွေ့ခဲ့ရဘူးသတဲ့`` ဟူ၍၎င်း။
ထိုသို့ ထိုသို့ အစချီကာ သားစဉ်မြေးဆက်
ဂုဏ်ယူစရာ မှတ်တမ်း တစ်ကွက် ဖြစ်လိမ့်အုံးမည် သာတည်း။ ။
မြဝတီ ရဲခေါင်
(ရွှင်လန်းချမ်းမြေ့ပါစေ---ကိုစိုးနိုင်)
No comments:
Post a Comment