ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 28, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း(၂၅)



ဗိုလ်ချုပ်အောင်ဆန်းတို့၏ အမေ ဒေါ်စု


စောသူရိန်ထွန်း

          အာဇာနည်ခေါင်းဆောင်ကြီးများမှ အာဇာနည် ညီအကို နှစ်ဦးကို မွေးထုတ်ပေးခဲ့သူမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏အကို ဦးဘဝင်းတို့ကို မွေးထုတ်ပေးခဲ့သူမှာ အာဇာနည်မိခင်ကြီး ဒေါ်စုပင်ဖြစ်လေသည်။

          အာဇာနည်ခေါင်းဆောင် ညီအကိုနှစ်ဦးကို မွေးထုတ်ခဲ့သည့် ဒေါ်စုဘဝမှာ စိတ်ဝင်စားစရာ လောကဓံများ ကို ကြံ့ကြံ့ခံနိုင်သူအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

          ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိခင်ကြီး ဒေါ်စုကို  ( ၂၂-၇- ၁၈၇၇ ) ခုနှစ်တွင် မကွေးခရိုင် ၊ နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ် အဘ ဦးမြအေး ၊အမိ ဒေါ်သူဇာတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇- ဦးရှိပြီး သမီးအကြီးဆုံးဖြစ်သည်။ တနင်္ဂနွေသမီးဖြစ်ပေမယ့် မိဘများက နေ့သင့်နံသင့်မဟုတ်ဘဲ မစု ဟုအမည်မှည့် ခေါ်ထားခဲ့ကြသည်။ ဒေါ်စု၏ ဦးလေးတော်သူ ပင်းမြို့ ၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့တို့၏ သုံးမြို့ဝန် ဦးမောင်က အစုဟု ခေါ်ပေသည်။ ဒေါ်စု၏ အောက်တွင် မောင်များဖြစ်သည့် ဦးဖိုးသင်း၊ ဦးငွေနိုင်၊ ဦးငွေဆိုင်၊ ညီမ ဒေါ်ယု ၊ ဒေါ်ပု ၊ ဒေါ်ခင်မေတို့ ရှိပေသည်။

          ဒေါ်စုမှာ မအေတူသမီးဖြစ်၍ မျက်နှာသေးသွယ်ကာ အသားညို၍ အရပ်မှာ မနိမ့်မမြင့်ဖြစ်သည်။ ကိုယ်ခန္ဒာအနေအထားမှာ မပိန်လွန်း မဝလွန်းပဲ ကြည့်၍ကောင်းသည်။ ဒေါ်စုမှာစကားနည်းသူ တစ်ယောက်ဖြစ်ပြီး မျက်နှာမှာ ကျက်သရေရှိကာ ခန့်ညားလှသည်။ ဒေါ်စုသည် အကြီးဆုံးသမီးဖြစ်သည့် အပြင် သက္ခာသမာဓိနှင့်ပြည့်စုံကာ မွေးချင်းအားလုံးက အမကြီးဟု ခေါ်ကြသဖြင့် အခြားသူများကလည်း အမကြီးဟု လိုက်ခေါ်ခဲ့ကြသည်။ 

          ဒေါ်စုသည် ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးဖြစ်ကာ မိကောင်းဖခင်သားသမီး ဖြစ်သည့်အတွက် မိဘများ၏ စကားကို ကောင်းစွာနာယူတတ်သည်။ သို့အတွက်ကြောင့်ပင် ၁၁-နှစ် အရွယ်ကပင် မြန်မာအမျိုးသမီးတို့ တတ်အပ်သည့် ရက်ကန်းအတတ် ကို သူမတူအောင် တတ်မြောက်ခဲ့သည်။ ဒေါ်စုသည် ရက်ကန်းအတတ်သာမက စက်ချုပ် အတတ်ကိုပါ သင်ကြားခဲ့သေးသည်။ ဒေါ်စုအတွက် ကံဆိုးသည့်အချက်မှာ သူတို့ခောတ်က အမျိုးသမီးများသည် စာသင်ကြားမှုအလေ့အထ နည်းပါးသောကြောင့် စာေ၇းစာဖတ်ကိုပင် မတတ်မြောက်ခဲ့ရပေ။ စာပေ မသင်ကြားရ၍ စာမတတ်သော်လည်း ဒေါ်စု၏ မှတ်ဥာဏ်မှာ လူတကာ လက်ဖျားခါရခြင်း ခံရလောက်အောင် ကောင်းလှသည်။

          ဒေါ်စု၏ မိဘများသည် ရှေးလူကြီးများပီပီ သမီးကညာ အခါမလင့်စေနှင့် ဆိုသည့်အတိုင်း ဒေါ်စု အသက် (၁၉) နှစ်တွင် နတ်မောက်မြို့အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုနှင့် ဒေါ်ဆွဲလေးတို့၏ တစ်ဦးတည်းသောသား ဦးဖာနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ဒေါ်စုမှာ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါရသော်လည်း လက်မထပ်မီအချိန်က ဦးဖာကို တစ်ကြိမ်မျှ မတွေ့မြင်ဘူးခဲ့ချေ။ ထိမ်းမြားလပ်ထပ်ပြီး၍ အကြောင်းပါပြီးသောအခါမှသာ ဦးဖာမှာ ကျောက်ပေါက်များ ပါသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ ``မောင်ဖာ မှာ ကျောက်ပေါက်ပါမှန်း  အိမ်ထောင်ကျမှ သိရတယ်ကွယ်`` ဟု ရယ်ရယ်မောမောဖြင့် တစ်ခါတစ်ရံ ရယ်စရာမောစရာအဖြစ်ပြောတတ်သည်။

          ဒေါ်စုသည် ဦးဖာနှင့် အကြောင်းဆက်၍ ပေါင်းဖက်ပြီးနောက် ယောက္ခမအိမ်တွင် လိုက်ပါနေစဉ် အတွင်း ၁၈၉၄ ခုနှစ်တွင် အကြီးဆုံးသမီး မခင်ညွန့်ကို ဖွားမြင်ခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ဒုတိယ သမီးဖြစ်သူ မဝက်ကို ဖွားမြင်ခဲ့သည်။ ၁၁-၆-၁၉၀၁ တွင် မောင်ဘဝင်း(အာဇာနည်ခေါင်းဆောင် ဦးဘဝင်း) ကို ဖွားမြင်ခဲ့သည်။ မောင်ဘဝင်းနောက် စတုတ္ထကလေး မရွှေမှန်ကို ဖွားမြင်ခဲ့သော်လည်း ၁၃ နှစ်သမီး အရွယ်တွင် သေဆုံးသွားခဲ့သည်။ ထိုအချိန်က ဒေါ်စုသည် ယောက္ခမ များအိမ်တွင်လည်းမနေ မိဘများနှင့်လည်း မနေတော့ဘဲ ဒေါ်စုတို့၏ မင်းဝိုင်းကြီးအတွင်းမှာပင် အိမ်တစ်ဆောင် သီးသန့်ဆောက်ကာ နေထိုင်ခဲ့လေသည်။ ၁၉၀၅  ခုနှစ်တွင် ပဉ္စမမြောက်ကလေး မောင်နေအောင်ကို ဖွားမြင်လေသည်။ ထိုစဉ်က ဒေါ်စု၏ တိုက်တွန်းချက်အရ ဦးဖာသည် လယ်သမားဘဝကို စွန့်၍ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်းတတ်ရောက် ပြီးနောက် တတိယ အမိန့်တော်ရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှစ၍ ဒေါ်စုသည် လယ်သမားမယား ဘဝမှ အမိန့်တော်ရ ရှေ့နေကတော် ဒေါ်စုဘဝသို့ မမျှော်လင့်ဘဲေ၇ာက်ရှိခဲ့ရလေတော့သည်။

          ဦးဖာ ရှေ့နေဖြစ်ပြီး မကြာမီမှာပင် ဆဋ္ဌမကလေး ဦးမောင်ညိုမောင် နှင့် ငယ်စဉ်ကပင် ကွယ်လွန်သွား ခဲ့သော သတ္တမကလေး မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ဖွားမြင်ခဲ့လေသည်။ ၂၀-၈-၁၉၁၁ တွင် အဋ္ဌမကလေး မောင်အောင်သန်းကို မွေးဖွား၍ ၁၃-၂-၁၉၁၅ တွင် နဝမကလေး မောင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ကို ဖွားမြင်ခဲ့သည်။ ထို့ကြောင့် ဒေါ်စုသည် သားသမီး  ၉ယောက် ဖွားမြင်ခဲ့သည့် မိခင်တစ်ဦးဖြစ်သည်။ ဒေါ်စုသည် အိမ်ထောင်ကျသည်မှစ၍ မောင်နေအောင် မွေးဖွားပြီးအချိန်အထိ ပင်ပန်းဆင်းရဲကြီးစွာဖြင့် လုပ်ကိုင်ရှာဖွေကာ အိမ်ထောင့်တာဝန်ကို ရုန်းကန်ထိမ်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ ခင်ပွန်းသည် ဦးဖာသည် ငယ်စဉ်က မြင်းစီးအလွန်ဝါသနာပါ၍ ထိုစဉ်က နတ်မောက်မြို့တွင် အလွန်ခောတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် စီးနေခြင်းဖြင့်သာအချိန် ဖြုံးခဲ့သည်။ ဒေါ်စုတစ်ယောက်တည်းသာ အိမ်ထောင့်တာဝန်ထမ်းကာ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစု ခဲ့လေသည်။

          ဒေါ်စုသည် ငယ်စဉ်ကမှ စ၍ ကွယ်လွန်ချိန်အထိ ရှေးဘုန်းကံ ပါရမီနှင့် ပြည့်စုံခဲ့သည့် အမျိုးသမီး ဖြစ်ခဲ့သည်။ သမီးအကြီုးဆုံး ဒေါ်ခင်ညွန့်မှာ ဒေါ်စုနှင့် အလွန်တူသည်။ မခင်ညွန့်သည် အိမ်ထောင်သားမွေး အလုပ်ကို စပ်ဆုပ်သည်။ သို့အတွက်ကြောင့်ပင် အသက် ၄၆ နှစ်အရွယ်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီး ဘဝနှင့် မိခင်ဒေါ်စုနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်စုကေ၇ှ့ရေးကို မျှော်တွေးကာ သမီးကြီး မခင်ညွန့်အား မြေစာရင်း အင်စပက်တော် ဦးသာရင်နှင့် လက်ထပ်ပေးခဲ့သည်။ ဒုတိယသမီး မဝက်ကတော့ မိခင်ကြီးနှင့် ရာသက်ပန်မခွဲလိုသဖြင့် မိခင်ကြီးက တိုက်တွန်းသော်လည်း ကွယ်လွန်ချိန်အထိ အပျိုကြီးဘဝဖြင့် နေထိုင် သွားခဲ့လေသည်။

          သားကြီးမောင်ဘဝင်းကတော့ ဒေါ်စုအား အလွန်ကြည်ညိုသည်။ ရိုးသားဖြောင့်မတ်သူဖြစ်သည်။ နတ်မောက်မြို့တွင် မြန်မာ ၉တန်း အောင်ပြီးနောက် ရေနံချောင်းမြို့က ဘီအိုစီ ကုမ္ပဏီတွင် စာရေးအလုပ်ကို လုပ်ကိုင်လေသည်။ ၎င်း ရသောလစာကို စု၍ မိခင်ထောက်ပံ့သောငွေနှင့် ပူးပေါင်းကာ တက္ကသိုလ်ဆက်တတ် ခဲ့သည်။ ဤသသို့ဖြင့် ၁၉၂၉ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ Bsc အောင်မြင်ခဲ့သည်။ ထို့နောက် ရေနံချောင်းမြိ့တွင် ကျောင်းဆရာကြီးဖြစ်ခဲ့သည်။  ဒေါ်စုသည် သားကြီးမောင်ဘဝင်းအား ၎င်း သဘောကျ သည့် တောင်တွင်းကြီးဇာတိ ၊ဦးအံ့ကြီးနှင့် ဒေါ်ရွှေမေတို့၏ သမီး မခင်စော နှင့် ၁၉၃၅ ခုနှစ်တွင် ကိုယ်တိုင် စေ့စပ်၍ တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ ဒေါ်စုသည် သား ၊ ချွေးမ မခင်စော ၊မြေးများဖြစ်သော မတင်လှဝင်း မောင်စောဝင်း၊ မောင်အေးဝင်း ၊ မခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့နှင့်အတူ ဂျပန်တစ်ခောတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှုရ ခဲ့သည်။
          ဒေါ်စု၏ သားအလတ်ဖြစ်သူ မောင်နေအောင်မှာ ၁၉၂၇ ခုနှစ်တွင် တတိယတန်းရှေ့နေစာမေးပွဲ အောင်မြင်ပြီးနောက် နတ်မောက်မြို့အနီး ဘုန်းတော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏ သမီး မခင်လေးနှင့် ၁၉၃၀ ပြည့်တွင် အမေစုကိုယ်တိုင် တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ မောင်နေအောင်သည် ဂျပန်ခောတ်တွင် တရားမမြို့အုပ် ခန့်ထားခြင်းခံရသည်။ ဒေါ်စုသည် သားအားလုံးတွင် မောင်နေအောင်နှင့် နေရသည် များသဖြင့် မောင်နေအောင်ကို ပိုပြီး သံယောဇဉ်ပိုကြီးခဲ့သည်။

          ဒေါ်စုသည် နို့ညှာသားဖြစ်သူ မောင်အောင်သန်း (၁၉၁၁-၁၉၉၁) ကိုလည်း ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၄ ခုနှစ်၌ ဝိဇ္ဇာ BA ဘွဲ့ ရရှိပြီးနောက် နယ်ပိုင်ဝန်ထောက်ရာထူး ရရှိသည်အထိ ပညာသင်ကြားပေးခဲ့သည်။ ဦးအောင်သန်းမှာ တက္ကသိုလ်တတ်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘ ဒေါ်စံတို့၏ တတိယသမီး မခင်နုနှင့် အကြောင်းဆက်ခဲ့သည်။ မခင်နု၏ အမ မခင်တုတ်မှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က လက်ထပ်ခဲ့သဖြင့် မောင်အောင်သန်းနှင့် သခင်ထွန်းအုပ်တို့ မယားညီအကိုတော်ကြလေသည်။ မခင်နုသည် ဒေါ်စုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီးဇာတိ ဦးဘတင်၏ သမီးဖြစ်သည့်အတိုင်း ဒေါ်စုက သဘောကျ ကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင်သွားရောက်တောင်းရမ်း၍  ၇-၁၁-၁၉၃၆ ရက်တွင် ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ ဦးအောင်သန်းသည် မခင်နုနှင့် သားသမီး ငါးဦး စောလှအောင်သန်း မရီရီသန်း မတီတီအောင်သန်း ၊ မောင်ချိုအောင်သန်း ၊မငယ်မမသန်း တို့ထွန်းကားခဲ့လေသည်။

          ဒေါ်စုသည် သားအထွေးဆုံးနှင့် အလိုလိုက်ခံရဆုံးမောင်အောင်ဆန်း ကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီး ဦးသောဘိတ၏ အထက်တန်းကျောင်းတွင် ၇ တန်းအထိ ပညာသင်ကြား သင်ကြားပေးပြီးနောက် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းတွင် ၁၀ တန်းအောင်မြင်သည်အထိ ကျောင်းထားခဲ့သလို ရန်ကုန်တက္က္ကသိုလ်သို့ပို့၍ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ BA ဖြင့် အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့မှာ ဂျပန်ခောတ်တွင် ၆-၉-၁၉၄၂ ခုနှစ် ၌ နှစ်ဦးသဘောတူ ချစ်ကြိုက်၍ ဘီအိုင်အေ ပြည်သူ့ဆေးရုံကြီး ယခု (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) တွင် လက်ထပ်ခဲ့ကြရာ ဒေါ်စုမှာ အခြား သားသမီးများကဲ့သို့ ကိုယ်တိုင် ကိုယ်ကျ တောင်းရမ်း လက်ထပ်မပေးခဲ့ရသော်လည်း ဗိုလ်ချုပ်ရာထူးလက်ခံပြီးနောက် ``မယားပြ`` အဖြစ် ဗိုလ်ချုပ် နတ်မောက်မြို့သို့ သွားရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်သွားရာ ချွေးမကလေး မခင်ကြည်၏ ရိုသေကိုင်းရှိုင်းမှု လိမ္မာရေးခြားရှိမှုတို့ကို သိရသောအခါ ဒေါ်စုမှာ သားအောင်ဆန်းနှင့် ချွေးမလေး မခင်ကြည်တို့အပေါ် ပျော်တပြုံးပြုံးဖြင့် ကျေနပ်နေလေသည်။

          ဒေါ်စုသည် အသက် ၆၀ ပြည့်သောနှစ်တွင် ငယ်စဉ်ကပင်ပေါင်းသင်းခဲ့ရသော ခင်ပွန်းသည် ဦးဖာ (၆၇) နှစ်မှာ လူကြီးရောဂါဖြင့်  ၁၈-၅ ၁၉၃၁ တွင်ကွယ်လွန်အနိစ္စရောက်ခဲ့ရကာ ဒေါ်စုမှာ မုဆိုးမဘဝဖြင့် သားသမီးများကို ထိမ်းသိမ်းစောင့်ရှောက်ခဲ့ရလေသည်။ ဤသည်မှာ ဒေါ်စု၏ ပထမဆုံးအကြိမ်လောကဓံကို ခံစားခဲ့ရခြင်းဖြစ်သည်။ ဒေါ်စု၏ အသက် ၆၄ နှစ်အချိန်တွင် ဒုတိယအကြိမ် လောကဓံကို ခံစားရပြန်သည်မှာ အချစ်ဆုံး သမီးကြီးဖြစ်သူ မခင်ညွန့်မှာ ၁၉၄၆ တွင် မီးယပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရသဖြင့် သားသမီးအပူကို ပထမဆုံး စတင်ခံစားခဲ့ရသည်။ ထို့နောက် ဒေါ်စုသည် ၁၉-၇-၁၉၄၇ ခုနှစ်တွင် သားနှစ်ဦး ဝန်ကြီး ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့နှစ်ဦးလုံး မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပြန်ရာ ပရိဒေဝ မီးတို့ ထပ်မံလောင်ခြင်းခံခဲ့ရပြန်လေသည်။ 

          ထိုမှတဖန် ဒေါ်စုသည် သားကိုနေအောင်၏ သမီး မြင့်မြင့်လေးမှာ ငယ်စဉ်ကပင် ဒေါ်စုနှင့် လာရောက် နေထိုင်ခဲ့သဖြင့် သားအချစ် မြေးအနှစ် ဆိုသည့်အတိုင်း မြေးကလေးကို အလွန်အချစ်ပိုခဲ့သည်။ သို့သော် မြင်ြ့မင့်လေးမှာ နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိုင်ငံတော် တန်းမြင့်ကျောင်း၌ ဆဋ္ဌမတန်းပညာ သင်ကြားနေစဉ် အဖျားရောဂါဖြင့် ဒေါ်စုလက်ပေါ်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်သွားလေရာ ဒေါ်စုမှာ လောကဓံ၏ အပူမီးကို မြေးအပူနှင့် ကြုံတွေ့ခဲ့ရပြန်လေသည်။ ဒေါ်စုသည် လောကဓံကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း တုံလှုပ်ခြောက်ခြားမှုမရှိဘဲ ရဲဝံ့စွာရင်ဆိုင်ကျော်လွှားရင်း နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် ၇၅ နှစ်အရွယ် ၃-၁၂-၁၉၅၁ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ လေသည်။ 

          ဒေါ်စု၏ ဈာပနကို ၅ ရက်တိတိထားခဲ့ပြီး ဈာပနကိစ္စအဝဝကို ဒေါ်စု၏ မောင်ဖြစ်သူ ဘုန်းကြီး ဦးသောဘိတက ကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်မြို့ရှိ ဆွေမျိုးများက ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဖြစ်သည့်အတွက် မယ်တော်ပျံကဲ့သို့ ဂုဏ်ဒြပ်ဖြင့်ညီစွာ ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း ခောတ်ကာလ အခြေအနေအရ အကျဉ်းချုံးကာ ကိစ္စပြီးအောင်ပြုလုပ်ရန် ဘုန်းတော်ကြီး ဦးသောဘိတက ဆုံးမသဖြင့် အကျဉ်ချုံး၍ ကျင်းပခဲ့ရလေသည်။ ဒေါ်စု၏ သက်စေ့အဖြစ် သံဃာတော် ၇၅ ပါးပင့်ဆောင်`၍ ဝတ္ထုငွေ ငါးကျပ်စီ လှုဒါန်းပူဇော်ခဲ့ကြသည်။

စောသူရိန်ထွန်း
မှီငြမ်း တက္ကသိုလ်ဆုမြိုင်(ဦးအောင်သန်း-အောင်ဆန်း မိသားစု)ဗိုလ်ချုပ်ဆောင်းပါး


         

No comments:

Post a Comment