ဆရာတော် ဦးဇောတိက---
``လောကမှာ အပြစ်တင် အကဲ့ရဲ့ မခံရတဲ့သူဟာ
မရှိပါဘူး``တဲ့။ မှန်တယ်နော် ။ အဲဒီတရားကို ဘုန်းကြီးခပ်ငယ်ငယ်တုန်းက ပါဠိစာပေတွေဖတ်ရင်းနဲ့ တစ်နေရာမှာ ဖတ်မိတယ်။ ဝါကျလေးက အင်မတန် တိုတယ်။ ``နတ္ထိ လောကေ
အနိန္ဒိတော `` ဆိုတော့ သုံးလုံးပဲရှိတယ်။ အဲဒါကို အလွတ်ရသွားတယ်။ ဘာဖြစ်လို့ အလွတ်ရသွားတာလဲဆိုတော့ ဘုန်းကြီးက ငယ်ငယ်လေး ထဲက အမျိုးမျိုးအပြစ်တင်တာ ဝေဖန်တာကို ခံရတဲ့သူဖြစ်လို့ပဲ။
ဘာဖြစ်လို့ အမျိုးမျိုးအပြစ်တင်တာ ဝေဖန်တာ
ခံရလဲဆိုတော့ ကိုယ့်စိတ်ကူးထဲမှာ ကိုယ့်ဟာကို မှန်တယ်ထင်တာကို လုပ်တယ်။ ကိုယ့်စိတ်ထဲမှာ မှန်တယ်ထင်တာကို ပြောတယ်။ အဲသလိုပြောတော့ တချို့နေရာတွေမှာ အများယူဆတာနဲ့
အများလုပ်တာနဲ့ အများပြောတာနဲ့ မတူဘူး။
ကိုယ်လုပ်တာ မှားတယ် ၊ မှန်တယ်ဆိုတာက တစ်ကဏ္ဍ ။
ဘုန်းကြီးမှားတာလဲ ရှိမှာပဲ။ မှန်တာလဲ
ရှိမှာပဲ။ ဒါပေမယ့် သူများလုပ်တာနဲ့ မတူရင်ကိုဘဲ
ဝေဖန်တာ အပြစ်တင်တာ ခံရတယ်။
နောက်တစ်ခုကလည်း ဘုန်းကြီးက
သူများခိုင်းတာဆို သိပ်မလုပ်ချင်ဘူး။ ကိုယ့်ဟာကို လုပ်ချင်ရင်တော့ လုပ်တယ်။ဘယ်ကိစ္စဖြစ်ဖြစ် ကိုယ့်ဟာကိုယ် စိတ်ပါတာဆိုရင်တော့ အဲဒါကို နေ့မအိပ် ညမအိပ် လုပ်တာပဲ။
အဲ--- မလုပ်ချင်ဘူး ဆိုရင်လည်းပဲ ဘယ်သူက
ဘယ်လောက်တိုက်တွန်း တိုက်တွန်း ဘယ်လောက်ခိုင်းခိုင်း မရဘူး။
မလုပ်တော့ဘူး။
ဒီ့ထက်မကောင်းတဲ့ အကျင့်တစ်ခုရှိတယ်။ ဘုန်းကြီးနဲ့အကျင့်တူတဲ့လူ ဘယ်နှစ်ယောက်ရှိလဲတော့ မသိဘူး။
ပြောလိုက်ဦးမယ်။ အဲဒါဘာလဲဆိုတော့ ကိုယ်ဟာကိုယ်
လုက်ချင်တာလေးတစ်ခုကိုလုပ်နေတယ်။ အဲဒါကို တစ်ယောက်ယောက်က တွေ့လို့ သူကသဘောကျပြီးတော့ ``ဟာ-- အဲဒါသိတ်ကောင်းတာပဲ လုပ်--လုပ်``လို့ပြောရင် မလုပ်တော့ဘူး။ ဘုန်းကြီးနဲ့အကျင့်တူတဲ့သူ ဒီပရိသ၁တ်ထဲမှာ ဘယ်နှစ်ယောက်လောက် ရှိလဲ။ အများကြီးလား။
အဲ-- ဟုတ်ပြီနော်-----။
အဲသလိုဖြစ်တော့ အမျိုးမျိုးအပြစ်တင်ခံရတယ်။ အိမ်မှာလည်း ဒီလိုပဲအပြစ်တင်ခံရသလို ဘုန်းကြီးနေတဲ့ကျောင်းမှာလည်း ဒီလိုပဲ အများကြီးအပြစ်တင်ခံရတယ်။ အတန်းအပြင်မှာ ထွက်ပြီး ရပ်နေရတယ်။ ကျောင်းအုပ်ကြီးလှည့်လာလို့ တွေ့သွားရင်
ရုံးခန်းကိုသွားရတယ်။ အရိုက်ခံရတယ်။
ဒါပေမယ့် ဘယ်သူဘာပြောပြော ဘုန်းကြီးကတော့ ကိုယ်မှန်တယ်ထင်ရင်လုပ်တာပဲ။
သူတို့က ငါလုပ်တာကို သဘောမပေါက်လို့ အဓိပ္ပါယ်ကောက်လွဲလို့
သို့မဟုတ် သူတို့မကြိုက်လို့ ငါ့ကို အပြစ်ဒဏ်ပေးတာ ငါကတော့ ငါ့အသိဥာဏ်ရှိသလောက် ငါ့ဟာငါ
ကောင်းတယ်ထင်တာကို ကြိုးစားပြီး လုပ်တာပါလို့တွေးတယ်။ ကိုယ့်ကိုယ် ကိုတော့မကောင်းတာ
လုပ်ချင်တဲ့သူ လို့မယူဆဘူး။ ကောင်းတာကို လုပ်ချင်တာပဲ။ မတော်တစ်ဆ မှားတာတော့ရှိမှာပေါ့။
ပြီးတော့ အယူအဆ အတွေးအခေါ်နဲ့ ပတ်သတ်ပြီးတော့လည်းပဲ ဘုန်းကြီးက ကိုယ့်ဟာကို စဉ်းစားတယ်။
ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစားတယ်။ ကိုယ့်ဟာကို ယုံချင်ယုံတယ်။ မယုံချင်မယုံဘူး။ လွတ်လွတ် လပ်လပ် တွေးခေါ်ချင်တယ်။ လွတ်လွတ်လပ်လပ် စဉ်းစားချင်တယ်။ မှားတယ် မှန်တယ်ဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်တယ်။ ကောင်းတယ် မကောင်းဘူးဆိုတာကိုလည်း ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်တယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကိုလည်း ကိုယ့်ဟာကို
ပဲဆုံးဖြတ်ချင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူတစ်ပါးလက်ထဲကို မထည့်ဘူး။ ဘာလို့တုန်းဆိုတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူများလက်ထဲ ထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘဝဟာ သူများလက်ထဲ ရောက်သွားမှာပေါ့။
ဘုန်းကြီးငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် အင်မတန်လွတ်လွတ်လပ်လပ်နေချင်တာ။ ဒီလွတ်လပ်ချင်တဲ့စိတ်က တော်တော်ကိုပြင်းထန်တယ်။ ဒါကြောင့် ဘာမဆို ကိုယ့်ဟာကို သိအောင် ကြိုးစားတယ်။
ကိုယ့်ဟာကိုယ် ဆုံးဖြတ်တယ်။ ကိုယ့်ဟာကိုယ်
လုပ်တယ်။ လွဲသွားရင်လည်း ပြင်ဖို့တော့ ဝန်မလေးဘူး။
ငယ်ငယ်ထဲက ခေါင်းမာလို့မှားခဲ့တာ လွဲခဲ့တာတွေလည်းတော်တော်များတယ်။ ဒါပေမယ့် လွဲမှန်းသိရင်တော့
ချက်ချင်းပြင်ပါတယ်။ ကိုယ့်အမှားကို ပြင်ရင်းပြင်ရင်းနဲ့ အမှားနည်းနည်းပြီးတော့ အဲ-------အဲဒါကြောင့်ပဲ ဘုန်းကြီးဖြစ်သွားတယ်လို့ထင်ပါတယ်။ (ရယ်ကြသည်) နောက်တစ်ခုကလည်း သူများခိုင်းတာ မလုပ်ချင်လို့ ဘုန်းကြီးဖြစ်တာပဲ။ (ရယ်ကြသည်)။ အဲဒါ ဘယ်လိုဘဝကပါတဲ့ ဗီဇ လဲတော့မသိဘူး။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ကိုစိုးနိုင်
No comments:
Post a Comment