ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၂)




ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၂)

အလျောက်ကောင်းသော်လည်း အထောင်းမသက်သာ

          ဖော်ပြခဲ့သည့်အတိုင်း ဘုန်းတော်ကြီး၏ လက်သံပြောင်မှုကြောင့် စာညံ့သော ကျောင်းသားများနှင့် အဆော့သန်သော ကျောင်းသားများမှာ မကြာခဏဆိုသလိုပင် ဘုန်းကြီး၏ လက်သုံးတော် ထန်းပလက်တုတ်ဖြင့် ညားရလေသည်။ ထို့ကြောင့် ထိုထိုသော ကျောင်းသားတို့သည် မကြာခဏကျောင်းပြေး ကြလေ၏။ အိမ်မှကျောင်းသို့ လွှတ်လိုက်သော်လည်း မိမိတို့အပြစ်ရှိသည့်နေ့တွင်  အုပ်စုလိုက်သော်လည်းကောင်း။ 

တစ်ယောက်ချင်းသော်လည်းကောင်း ကျောင်းသို့မရောက်ဘဲ တောထဲတောင်ထဲ တွင်၎င်း ၊ အခြားရွာရှိ ဆွေမျိုးများထံသို့၎င်း စတေးရှောင်ကြလေ၏။ ညဘက် အိမ်ပြန်မရောက်သောအခါ  မိဘဆွေမျိုးများက စိုးရိမ်ကြီးစွာဖြင့် မီးဒုတ် လက်နှိပ်မီးများဖြင့် လူစုခွဲကာ တောထဲတွင် နွားပျောက်ရှာသကဲ့သို့ တကျော်ကျော်ခေါ်ကာ လိုက်ရှာရသည်။ တွေ့လျှင် ချော့မော့ ခေါ်ရ၏။

          နောက်နေ့တွင် လှုဖွယ်အချို့ကို ယူကာ ကျောင်းအထိ တုတ်ကိုင်ပြီး  လိုက်ပို့၏။ ဤသို့ကျောင်းပြေး သည့်အထဲတွင် ငကြွက်ကြီး (အမည်ရင်း=မောင်မြင့်) အကြောင်း နည်းနည်းပြောချင်ပါသည်။

          ထိုနေ့က ငကြွက်ကြီး ကျောင်းပြေးလေ၏။ ညနေဘက် ကျောင်းအပြန်ချိန် ငကြွက်ကြီး အိမ်ပြန်မရောက်သောအခါ မိဘများဖြစ်ကြသော ဦးတတ်တူ ဒေါမိုးတို့  ရော အိမ်နီးနားချင်း အားလုံးရော မနေရ တညလုံး တောနင်း၍ရှာကြသော်လည်း မတွေ့ ၊ နောက်နေ့ကျမှ ရွာနှင့်  နှစ်တိုင်(လေးမိုင်)ဝေးသော ရေတွင်းကြီး ရွာမှ သူ့ဘကြီး ကလှည်းနှင့် ပြန်လာပို့လေ၏။

          ထုံးစံအတိုင်း  မိဘများက ကျောင်းသို့ ပြန်လိုက်ပို့အပ်ရလေသည်။ ထိုနေ့ ငကြွက်ကြီး အရိုက်ခံရတော့မည်ကို တကျောင်းလုံးသိထားလေသည်။ တရားစီရင်သည့် နေ့ခင်း ဆွမ်းစားပြီး အချိန် တွင် ဘုန်းတော်ကြီးသည် ကျောင်းကြမ်းပြင်ကို တုတ်ဖြင့် ``ဘုန်း``ကနဲ ရိုက်ပြီး တရားခံ မောင်ကြွက်ကြီးကို ဆင့်ခေါ်လိုက်လေသည်။

          ကျောင်းသားများအားလုံး မီးကို ရေဖြင့်ပတ်လိုက်သကဲ့သို့ ရှဲကနဲ ငြိမ်ကျကုန်၏။ ငကြွက်ကြီးသည် ခပ်တည်တည်ဖြင့် ဘုန်းတော်ကြီးရှေ့တွင် လက်အုပ်မိုးပြီး ဆောင့်ဆောင့်ထိုင်လေ၏။ ဘုန်းကြီးက အားလုံးသိပြီး ဖြစ်သော်လည်း မသိဟန်ဆောင်၍--

          ``ဟဲ့  ငကြွက်ကြီး``

          ``ဘုရား ``

          ``နင် မနေ့က  ဘာလို့ကျောင်းကို မလာတာလဲ``

          ``တပည့်တော်  အမ ရေခပ်မထားလို့ပါဘုရား``

          ``ဟေ---``

          ငကြွက်ကြီး၏ မတုန့်မဆိုင်းဖြေလိုက်ခြင်းကြောင့်  ဘုန်းတော်ကြီးမှာ အမေဍိတ်ပင်တမိ၏။ 

          ``နင်  ဘုန်းကြီးကို မညာနဲ့  မနေ့က  နင့်ဘကြီးလှည်းနဲ့  ပြန်လာပို့ပေးတာ  မဟုတ်ဘူးလား``

          ``ဟုတ်ပါတယ် ဘုရား``

          ``ဒါဖြင့်  နင်ဘာကြောင့် ဝေ့လည်ကြောင်ပတ်လုပ်တာလဲ ၊ အမရေခပ်မထားတာနဲ့  နင့်ဘကြီးရွာ ရောက်သွားတာ  ဘာဆိုင်လို့လဲ -- ငါ့ကို ရှင်းလင်းအောင် လျှောက်စမ်းပါအုံး``

          ``တင်ပါ့ဘုရား    မနေ့က  မနက်လင်းတော့ တပည့်တော်ကျောင်းသွားဘို့ ထပါတယ်ဘုရား``

          ``အင်း  ဟုတ်ပြီ  ဆက်ပြော--``

          ``တပည့်တော်အမကေ၇ခပ်မထားတော့ မျက်နှာသစ်ဘို့ ရေမရှိပါဘူး ဘုရား``

          ``အဲ----   ဒါနဲ့``

          ဘုန်းတော်ကြီးသည် စကားထောက်ပေးရင်း  ဒီအကောင် ဘယ်လိုကလိမ်ကျမလဲ တွေးကာ နေ၏။ ဘုန်းတော်ကြီးကိုယ်တိုင်  သင်းတို့၏ကလိမ်ကျတာကို အကြိမ်များစွာ ခံခဲ့၇ဘူးသဖြင့် အမြဲသတိထားပြီး ဂရုတစိုက်နားထောင်နေရ၏။

          ``မျက်နှာသစ်ဘို့  ရေမရှိတော့ တပည့်တော်ရဲ့ မျက်လုံးတွေဟာ  မျက်ချေးတွေနဲ့ ပိတ်နေပြီး  မမြင်ရတော့ ကျောင်းဆိုပြီးသွားလိုက်တာ  ကျောင်းမရောက်ဘဲ  ဘကြီးရွာကို ရောက်သွားတာပါဘုရား``

          ``ဟေ``

          ဘုန်းကြီးလက်မှ တုတ်သည်ကျောင်းကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။

          ကျောင်းသားတွေ ဝေါကနဲ ရယ်ကြ၏။

          ငကြွက်ကြီးသည် မိမိ၏ ပြောင်မြောက်သော ဆင်ခြေကြောင့် အပြစ်ပေးမခံရတော့ဘူး ဟုယူဆကာ စက်ဖြီးဖြီးနှင့် ဂုဏ်ယူအောင်ပွဲခံနေ၏။

          ဘုန်းတော်ကြီးသည် ခဏစဉ်းစားပြီးမှ----

          ``အေး   နင်လျှောက်သလိုဆိုရင်ဖြင့်  နင့်မှာ အပြစ်မှမရှိဘဲ``

          ``တင်ပါ့ဘုရား--``

          ငကြွက်ကြီးသည် ပြုံးပြုံး  ပြုံးပြုံး  ဖြင့်အားတတ်သရောဖြေလေ၏။

          ``ဒါပေမယ့်   နင့်ခြေထောက်မှာ  အပြစ်၇ှိတယ်--  ဘယ့်နှယ့် နေ့တိုင်းသွားနေတဲ့  ရွာဦးဘုန်းတော်ကြီး ကျောင်းကြတော့ မရောက်ဘဲ  ဟိုး  အဝေးကြီး  နှစ်တိုင်(လေးမိုင်) လောက်ဝေးတဲ့ ဘကြီးရွာကျတော့ ခလုပ်မထိ  ဆူးမညိဘဲရောက်သွားတယ်  ဟုတ်လား ကိုင်းး  ထ ခါးတောင်းကြိုက်စမ်း``

          ရိုးရိုးသားသားဝန်ခံခဲ့လျှင်  တင်ပါးကို အရိုက်ခံရမည်ဖြစ်၍ သက်သာသေးသည်။ ခုတော့ အကာကွယ်မဲ့ ခြေသလုံးတွင် အလျှိုးရာများထပ်အောင် အရိုက်ခံရပေတော့သည်။

          ငကြွက်ကြီး၏ လျှောက်ထုံးမှာ  ``အလျှောက်ကောင်းသော်လည်း အထောင်းမသက်သာခဲ့ပါလား``



No comments:

Post a Comment