ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, April 23, 2012

ငယ်စဉ်အခါ ပညာရှာ




ငယ်စဉ်အခါ ပညာရှာ

          ဟိုးရှေးရှေးတုန်းက  အင်မတန်ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးမှာ  သားတော်လေးတစ်ပါး ရှိသတဲ့။  သားတော်လေး အရွယ်ရောက်လာတော့ ဘုရင်ကြီးဟာ မင်းယောကျာင်္းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ တစ်ဆယ့်ရှစ်ပါးသော အတတ်ပညာတို့ကို သင်ကြားပေးဘို့အတွက် တက္ကသိုလ်ပြည် ဒိသာပါမေက္ခဆရာကြီးထံ သွားေ၇ာက်ပညာသင်ကြားစေဘို့ ချွေရံသင်းပင်းတွေနဲ့တကွ  စေလွှတ်လိုက် သတဲ့ကွယ်------------။

          မင်းသားလေးဟာ  တစ်ဦးတည်းသောသားဖြစ်တာကတစ်ကြောင်း ၊ တိုင်းပြည်ရဲ့အရှင် ဘုရင်ကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း ပညာကို ပင်ပင်ပန်းပန်းကြိုးစားသင်ယူချင်တဲ့စိတ်မရှိလို့  မိခင်ကြီးကို ပညာသွား မသင်ချင်တဲ့အကြောင်း ပြောသတဲ့။

          ဒါပေမယ့် မိခင်ကြီးရော  သားတော်လေးပါ အင်မတန် စည်းကမ်းကြီးပြီး သြဇာပါဝါကြီးတဲ့ ဘုရင်ကြီးရဲ့ အမိန့်ကို မလွန်ဆန်ဝန့်တာကြောင့် မိခင်ကြီးဟာ ရွှေငွေ မြောက်များစွာကို ဘုရင်ကြီးမသိအောင် သားတော်လေး ကိုပေးပြီး တက္ကသိုလ်ပြည်မှာ ပျော်သလိုနေဘို့ ချော့မော့ပြောဆိုပြီး ချွေရံသင်းပင်းများနဲ့ တက္ကသိုလ်ပြည်ကို စေလွှတ်လိုက်သတဲ့။

          မင်းသားလေးဟာ တက္ကသိုလ်ပြည်ရောက်တော့  ဒိသာပါမေက္ခဆရာကြီးထံ  ပါလာတဲ့ လက်ဆောင် ပဏ္ဍာတွေပေးပြီး တက္ကသိုလ်နဲ့ မနီးမဝေးမှာ  ချွေရံသင်းပင်းများစွာနဲ့ အပျော်ကျူးပြီး ပညာကိုမသင်ဘဲ နေသတဲ့။

          ဒိသာပါမေက္ခဆရာကြီး ဟာ ပညာသင်ဘို့ အကြိမ်ကြိမ် ခေါ်ယူ သတိပေးပြောကြားပေမယ့် သက်ဦး ဆံပိုင် ရှင်ဘုရင်ရဲ့သားမို့ ပြောမရ ဆိုမရဖြစ်ပြီး လက်လျှော့ထားလိုက်ရသတဲ့။

          ဒီလိုနဲက  ၇ -နှစ်ဆိုတဲ့အချိန်ဟာ  အပျော်ကျူးရင်း  ကုန်မှန်းမသိ ကုန်ဆုံးသွားပြီး  တက္ကသိုလ်ဆင်းပွဲ ကို အနယ်နယ်အရပ်ရပ်က သူဋ္ဌေးသူကြွယ်သား ၊ မူးမတ်သား ၊ ဘုရင့်သား ၊ အရပ်သူအရပ်သား စသဖြင့် လူတန်းစားပေါင်းစုံတို့ဟာ မိမိတို့သင်ကြားတတ်မြောက်ထားတဲ့ ဆင်စီး ၊ မြင်းစီး ၊ ဓါးရေး ၊ လှံရေး ၊ ဗေဒင် ၊ နက္ခတ် ၊ ဆေးကျမ်း ၊ မန္ဓာန် အစရှိသဖြင့် အတတ်ညာတွေကို အစွမ်းအမျိုးမျိုးပြပြီး ကျောင်းဆင်းပွဲ ပြုလုပ်ကြတာပေါ့။

          ဒီအခါမှ  မင်းသားလေးလည်း မိမိတိုင်းပြည်ပြန်ရင်  ဖခင်ဘုရင်ကြီးက လူပုံအလယ်မှာ သားတော်ကို တက္ကသိုလ်မှာ သင်ကြားတတ်မြောက်ခဲ့တဲ့ ပညာစွမ်းတွေ ပြခိုင်းလို့များ  မပြနိုင်ရင်  ရှက်ဒေါသဖြစ်ပြီး  ပြစ်ဒဏ်ပေးတော့်မှာပဲလို့  တွေးကာ နောင်တတွေရပြီး  ၇-  နှစ်သင်မှ တတ်တဲ့ပညာကို ၇- ရက်နဲ့ တတ်အောင် သင်ပေးပါလို့  ဆရာကြီးကို တောင်းဆိုသတဲ့။

          ဆရာကြီးက လုံးဝမဖြစ်နိုင်ပါကြောင်း --အသင်မင်းသားဟာ ရွှေထက်တန်ဘိုးကြီးတဲ့  အချိန်ကာလ တွေကို အလဟဿ ဖြုံးတီးခဲ့ပါကြောင်း ၊ အချောင်ခို မျှောက်ပင့် ကပ်ဖားစားနေတဲ့  အချွေအရံ အသင်းအပင်း များရဲ့ အဆီအနှစ်မရှိတဲ့ မျှောက်ပင့်သော စကား၌သာ ပျော်ပါး နေခဲ့သဖြင့် အသင်မင်းသားလေးဟာ ဒုက္ခ အမှန်ပင် တွေ့လိမ့်မည်ဟု ထင်ကြောင်း။ သို့သော် မိမိထံသို့ ယုံကြည်စွာ ပညာသင်ရန်စေလွှတ်ခဲ့ပါလျှက်  ပညာတစ်စုံတရာ မတတ်သွားခြင်းမှာ မိမိတွင်လည်း တာဝန်ဝတ္တရားမကင်းသည့်အတွက်  အစွမ်းထက်သော ဂါထာလေး တစ်ပုဒ်ကို သင်ကြားပေးမည်ဖြစ်ကြောင်း ၊ ထိုဂါထာကို မိမိအင်မတန် သေရေးရှင်ရေး ဖြစ်မှသာ အသုံးပြုစေလိုကြောင်း ရှင်းပြပြီး  မင်းသားလေးကို လူသူမရှိတဲ့  ဂူထဲမှာ လေးကြောင်းပဲပါတဲ့ ဂါထာလေးကို လျှို့ဝှက် သင်ပေးလိုက်တယ်။ အဲဒီဂါထာလေးဟာ  စာကြောင်းလေးကြောင်းသာပါပေမယ့် မင်းသားလေးအဖို့တော့ ၇- ရက်လုံးလုံး ပင်ပန်းဆင်းရဲစွာ ကျက်မှတ်အာဂုံဆောင်ခဲ့ရသတဲ့။

          ဒီလိုနဲ့  မင်းသားလေးနဲ့  ချွေရံသင်းပင်းတွေဟာ  တိုင်းပြည်ကိုပြန်ဘို့  ကြီးမားနက်ရှိုင်းတဲ့ တောအုပ်ကြီးတစ်ခုကို  စတင်ဖြတ်ရသတဲ့။  အင်မတန်နက်တဲ့ တောအုပ်ကြီးထဲအရောက်မှာ နေဝင်သွားတာ နဲ့ အဲဒီညအဖို့ တောထဲမှာပဲ စခန်းချကြဘို့ လုပ်ကြသတဲ့။ 

          ချွေ ရံသင်းပင်းတွေဟာ  တိုင်းပြည်ကိုပြန်ရောက်လို့  သူတို့မင်းသားလေး ဘာပညာမှမတတ်မှန်း ဘုရင်ကြီးသိသွားရင် သူတို့တတွေကို အသက်ချမ်းသာပေးမှာ မဟုတ်မှန်း တွေးမိကြပြီး အဲဒီညမှာဘဲ မင်းသားလေးကို တစ်ယောက်တည်း ပစ်ထားခဲ့ပြီး တိတ်တိတ်ကလေး ကိုယ်စီထွက်ပြေးသွားကြသတဲ့။

          မနက်မိုးလင်းလို့ မင်းသားလေး နိုးတဲ့အခါ  ချွေရံသင်းပင်းတွေ တစ်ယောက်မှ မရှိတော့တာကို သိပြီး အရမ်းအားငယ်သွားသတဲ့။ ကျားဟိန်းသံ ၊ ဆင်အော်သံတွေ ကြားရတဲ့အခါ နီးစပ်ရာ သစ်ပင်ကြီးတွေအပေါ် တတ်ဘို့ ကြိုးစားပေမယ့် သစ်ပင်တောင် မတတ်တတ်ဘူး ဖြစ်နေသတဲ့။ ဒီတော့မှ ယောကျာင်္းတို့ တတ်အပ်တဲ့ ကိုယ်ခံပညာ ၊ အကျော်အလွှား ၊ အသတ်အပုတ် ၊ သစ်ပင်တတ် ၊ ကြိုးတန်းလျှောက် ပညာတွေရဲ့ တန်ဘိုးကို နားလည်လာပြီး မျက်ရည်တွေကျနေသတဲ့။ 

          နေလေးမြင့်လာတော့  ဗိုက်ဆာလာတဲ့အခါ သစ်သီး ဘယ်လိုရှာရမယ် ဘယ်သစ်သီးက စားကောင်းတယ် ဘယ်သစ်သီးက မစားရဘူး စတဲ့ ဝေဖန်ပိုင်းခြားသိတဲ့ အသိဥာဏ်လည်း မရှိတော့ တိရိစ္ဆာန်တွေ ရဲ့ စားကြွင်းစားကျန်ကိုသာ စားရဲပြီး အဲသလိုပဲ ရှာဖွေစားနေရသတဲ့။ နောင်တတွေ အများကြီး ရနေတာပေါ့။ လက်ထဲမှာ ကျန်နေတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေဟာ  တောထဲမှာ ဘာမှအသုံးမဝင်တဲ့ ရုပ်ဝတ္ထုတွေမှန်း သိလာပြီး ``အော်---  ဒါတွေဟာ တကယ့်တန်ဘိုးအစစ်ရှိတဲ့ ပစ္စည်းတွေမဟုတ်ဘူး  ပင်ကိုယ်တန်ဘိုး  ဘာမှမရှိတဲ့အရာတွေပါလား  လူတွေက တန်ဘိုးအဖြစ်နဲ့ သတ်မှတ်ထားလို့သာ တန်ဘိုးရှိတယ် ထင်နေကြတယ်--- ငါလဲ ဒီရတနာတွေလိုပဲ  ပကတိတန်ဘိုးမရှိတဲ့လူ  ငါ့မိဘတွေရဲ့ အရှိန်အဝါနဲ့ ငါဟာ ကိုယ့်ကိုယ်ကို ဘဝင်မြင့်ခဲ့မိတယ် ခုတော့ ငါ့မှာ တိရိစ္ဆန်တစ်ကောင်လောက်တောင် ရှင်သန်ဘို့ ဘာမှမသိမတတ်ဖြစ်နေရပြီ  တော်ပြီ--- ဒီရတနာတွေလည်း ငါအလေးခံ မသယ်တော့ဘူး ငါလည်း နောင်ဆို တကယ်ပကတိတန်ဘိုးရှိတဲ့သူ ဖြစ်အောင် ကြိုးစားမယ်---``   လို့ အကြာကြီးတွေးပြီး ရတနာတွေကို ချောက်ကမ္ဘားအောက်ပြစ်ချ လွှင့်ပြစ်ပြီး တစ်ကိုယ်စာအသုံးလိုမယ်ထင်တာတွေပဲ ယူပြီး တိုင်းပြည် ရှိမယ်ထင်တဲ့ဘက်ကို  ဆက်ပြီး ခရီးဆက်ခဲ့သတဲ့။

          အတော်လေး ခရီးရောက်လာတော့  နှာပြည်စုတ်ငှက်ကလေးတစ်ကောင်ဟာ သူ့ရဲ့ ရှေ့နောက် ဝဲယာ လှည့်လည်ပြန်သန်းနေပြီး------

          ``အသင်မင်းသား   အသင်မင်းသား  လမ်းမှားနေပါတယ်     သင်ပြန်ရမည့် တိုင်းပြည်သို့သွားရာ လမ်းဟာ ဒီလမ်းမဟုတ်ပါ ----  သင်ဦးတည်ရာအရပ်ဟာ  အင်မတန်ကြောက်စရာကောင်းတဲ့  အသားစား လူရိုင်းကြီး အုပ်ချုပ်နေတဲ့ လူရိုင်းတိုင်းပြည် သွားရာလမ်းဖြစ်နေပါတယ် ဒီလမ်းကိုမသွားပါနဲ့  နောက်ပြန်လှည့်ပါ  ---``

          လို့ တကျော်ကျော် ပြောပြတားမြစ်နေသတဲ့။ ဒါပေမယ့် မင်းသားလေးဟာ တိရိစ္ဆာန်တွေပြောတဲ့ မာဂဓ ဘာသာစကားကို သင်းထားတာမဟုတ်တော့ နားမလည်ဘူးပေါ့။ အဲဒီလမ်းအတိုင်းပဲ ဆက်သွားနေသတဲ့။ တစ်နေရာရောက်တော့ မင်းသားလေးဟာ ပင်ပန်းလို့ ခဏနားနေတုန်း  ငှက်ကလေးဟာ သူပြောတာ မကြားလို့ ဆက်သွားနေတာပဲထင်ပြီး  မင်းသားလေးရဲ့ အနီးဆုံးမှာ နားပြီး ဆက်မသွားဘို့ နောက်ထပ် ပြောပြန်သတဲ့။

          မင်းသားလေးဟာ နားမလည်တဲ့အပြင်  ငှက်ကလေးကို  သားကောင်အဖြစ်မြင်ပြီး  တုတ်နဲ့  လှစ်ကနဲ ရိုက်သတ်လိုက်သတဲ့။ ပြီးတော့ အဲဒီငှက်သားကို  အစာအဖြစ်စားပြစ်လိုက်သတဲ့ကွယ်။ အဲဒီအဖြစ်အပျက်ကို တောကျီးကန်းတစ်ကောင်ဟာ အစအဆုံးမြင်တွေ့လိုက်ရပြီး မင်းသားလေးကို ကျေးဇူးတရားမသိတဲ့ ယုတ်မာတဲ့ လူသားအဖြစ် မုန်းသွားပြီး လက်စားချေဘို့  ကျားကြီးဆိုးတေ နေတဲ့ ဂူဆီကို တဟုန်ထိုး ပျံသန်း သွားလေတော့တယ်။

          တောကျီးကန်းဟာ ကျားကြီးဆိုးတေကို အကြောင်းစုံပြောပြတဲ့အခါ ကျားကြီးလည်း  လူသားမစား ဘူးသေးဖူး။ အင်မတန်ချိုလှလို့တော့ ကြားဖူးတာပဲ။ ဒီတစ်ခါတော့် စားရကံကြုံပြီပေါ့။ ငါ့ကို သူရှိတဲ့နေရာ သာ လမ်းပြပေးပါတော့လို့  ပြောပြီး မင်းသားလေး ရှိတဲ့အရပ်ကို လာခဲ့ကြသတဲ့။

          ကျားကြီးဆိုးတေလည်း မင်းသားလေးကို သတ်ဖြတ်စားသောက်ဘို့ ချောင်းမြောင်းနေပြီး တစ်ကြီမ်မှာတော့ ပိုင်ပြီဆိုပြီ ``ဝေါင်း``ကနဲ ဟိန်းဟောက် အသံပေးကာ ခုန်အုပ်လိုက်သတဲ့။ မင်းသားလေးဟာ ကြောက်အားလန့်အားနဲ့  တိန်းရှောင် ထွက်ပြေးရင်း ပြေလျောလျော ချေက်ကမ္ဘားထဲကျသွား တယ်။ ဆင်ချေလျောကနေ မထိမ်းနိုင်ပဲ ဒလိမ့်ကောက်ကွေး အရှိန်နဲ့ ကျသွားလိုက်တာ လမ်းမှာတွေ့တဲ့ အပင်ငယ်လေးတွေကို လှမ်းဆွဲပေမယ့် အပင်လေးတွေ ပြုတ်ထွက်ကုန်သတဲ့။ ဒီလိုနဲ့ ဆင်ခြေလျှောရဲ့ အခြေရောက်တဲ့အခါ ကျောက်တုံးနဲ့တိုက်မိပြီး သတိလစ်မေ့ မြောသွားတယ်။

          မင်းသားလေး သတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကြေးနီရောင်လို နီရဲနေတဲ့ အသားရောင် ရှိပြီး တစ်ကိုယ်လုံး နံငယ်ပိုင်းလောက်ပဲဝတ်ထားတဲ့ လူရိုင်းကြီး သုံးကောင်ဟာ လှံတို လှံရှည် ကျောက်ပုဆိမ် တွေနဲ့ သူ့ကို ပစ်မလိုချိန်လိုက်  နောက်ပြန်ဆုတ်လိုက်နဲ့ ဝိုင်းပတ် ပိတ်ဆို့ထားတာကို တွေ့လိုက်ရတယ်။ သူတို့ကြည့်ရတာ တစ်ခါမှ မမြင်ဘူးတဲ့သားကောင် တစ်ကောင် တွေ့နေရလို့ အရှင်ဖမ်းရမှာလား အသေဖမ်း ရမှာလား မဝေခွဲတတ်နေပုံပဲ။

          ခဏကြာမှ လူရိုင်းဘုရင်ကြီး ရောက်လာပြီး  မင်းသားလေးကို ကြိုးနဲ့တုတ် ပြီးထမ်းခေါ်သွားကြ သတဲ့။ မင်းသားလေးဟာ ဓါးရေးလှံရေး  သိုင်းပညာ ဘာတစ်ခုမှ တတ်မြောက်မထားတဲ့အတွက် ပြုသမျှ ခံနေရသတဲ့။ 

          ဒီလိုနဲ့ လူရိုင်းတွေနေတဲ့ ရွာကြီးထဲကိုရောက်လာခဲ့တာပေါ့။ သူ့ကို ရွာလည်က ဧရာမတိုင်ကြီးမှာ ကြိုးနဲ့တုတ်ထားသတဲ့။ ညပိုင်းရောက်တော့ ဘေးပါတ်လည်မှာလည်း တိရိစ္ဆာန်အဆီတွေနဲ့ ထွန်းညှိထားတဲ့ မီးတိုင်တွေက အညှော်နံ့တွေကြောင့် မင်းသားလေးဟာ မူးဝေနောက်ကျိနေတာပေါ့။ ဗုံတို ဗုံရှည်တွေနဲ့  နံငယ်ပိုင်းတွေသာ ဝတ်ထားတဲ့ လူရိုင်းထီး လူရိုင်းမတွေဟာ ဖုန်တွေ တထောင်းထောင်းထအောင်  ကကွင်းထဲမှာ ပျော်မြူးစွာ အော်ဟစ်ကခုန်မြူးတူးနေကြတယ်။ 

          ညလယ် သန်းခေါင်လောက်ရောက်တဲ့အခါကျမှ  လူရိုင်းဘုရင်ကြီးနဲ့ သူ့ရဲ့စစ်သားတွေ ရောက်ရှိ လာကြတယ်။ စောစောက  ကနေကြတဲ့ လူရိုင်းအုပ်ကြီးဟာ လူရိုင်းဘုရင်ကြီးရောက်လာတော့ အားလုံး မြေကြီး မှာပြားပြားဝတ် မှောက်ပြီး ညိမ်သက်နေကြသတဲ့။ ဘုရင်ကြီးက အသံသြကြီးနဲ့ တစ်စုံတစ်ခုကိုအော် လိုက်မှာ ဗုံတီးသမားတွေက တစ်ချက်ချင်းစတီးပြီး မကြာခင် အရင်လို မြိုင်မြိုင်ဆိုင်ဆိုင် သီဆို ကခုန်ကြကုန် တယ်။ 

          လူရိုင်းဘုရင်ကြီးဟာ  သူ့ရဲ့ လူရိုင်းစစ်သားတွေကို မင်းသားလေးအား  ဘဲဥပုံစံဝိုင်းထား လိုက်ကြတယ်။ လက်ထဲမှာလည်း လှံတိုလှံရှည် ကျောက်ပုဆိမ် ရဲဒင်း လက်နက်အစုံနဲ့ ပေါ့။ မင်းသားလေးဟာ ကြောက်လွန်းလို့ ဒူးတွေတောင် တဆတ်ဆတ် တုံနေတယ်တဲ့။  ရှင်ဘုရင်ရဲ့သား အကောင်းဆုံးပညာတွေ ကို အကောင်းဆုံး ဆရာတွေဆီ မှာ သင်ကြားခွင့်ရခဲ့ပါလျှက်နဲ့ အပျော်မက်ပြီး အနေချောင်ချောင်နေခဲ့လို့ ခုတော့ အသက်ပါပေးပြီး နောင်တရရတော့မှာပါလား လို့ ငိုကြွေးနေတယ်တဲ့။

          လူရိုင်းတစ်ယောက်က မင်းသားလေးကို ကြိုးဖြေပေးတယ်။ ပြီးတော့ လှံတိုတစ်ချောင်းကိုလည်း ပေးသတဲ့။ မင်းသားလေးလဲ ယောင်နနနဲ့ လှံကိုကိုင်ထားရပေမယ့် သူကိုလာတိုက်မယ့် လူရိုင်းကို စောင့်နေပြီး သေဘို့စောင့်နေရသလိုပဲပေါ့။ ခဏအကြာမှာ လူရိုင်းတွေဟာ လှံတွေကို မြှောက်မြှောက်ပြီး`` ဝူးဝူး ဝါးဝါး  `` နဲ့ဝိုင်းအော်ကြတာပေါ့။ ဒီအချိန်မှာ လူရိုင်းတွေကြားထဲက ထွားကြိုင်းလှတဲ့ လူရိုင်းကြီးတစ်ကောင်ဟာ ကြီးမားတဲ့ ကျောက်ပုဆိမ်ကြီးကို  ကိုင်ပြီး မင်းသားလေးဆီကို တဖြည်းဖြည်း နဲ့ကပ်လာတယ်။ မင်းသားလေးကို တိုက်ခိုက်ရေး ကျွမ်းကျင်တယ်လို့ ထင်နေမှာပေါ့။ မင်းသားလေးကတော့ လူရိုင်းကြီးကိုပဲ မျက်ချည်မပြတ် ကြည့်နေပြီး သေမယ့်အချိန်ကို စောင့်နေသလိုဖြစ်နေရသတဲ့။

          အဲဒီအချိန်မှာပဲ ဆရာကြီးသင်ပေးလိုက်တဲ့ ဂါထာလေးကို ဖြတ်ကနဲ သတိရလိုက်ပြီး ``သေရေး ရှင်ရေးနဲ့ ဒုက္ခကြုံတဲ့အခါ ရွတ်ဖတ်ပါ လို့ ``ဆရာကြီးစကားကိုပါ ပြန်ကြားယောင်လာတယ်။ သူစဉ်းစားနေတုန်း လူရိုင်းကြီးဟာ ဧရာမကျောက်ပုဆိမ်ကြီးကို ကိုင်မြှောက်ပြီး မင်းသားလေးကို ပိုင်းခုတ်လိုက်တာ မင်းသားလေးလဲ ဂါထာကိုအမြန်ရွတ်လိုက်တော့ ပုဆိမ်နဲ့ ခေါင်း လက်တစ်လုံးအလိုမှာ လူရိုင်းကြီးဟာ ကျောက်ရုပ်ကြီးလို ငြိမ်သွားသတဲ့ မင်းသားလေးလည်း ရတဲ့အခွင့်အရေး အမြန်သုံးပြီး လူရိုင်းကြီးရဲ့ နံကြားကို လှံတိုနဲ့ တအားကုန်ထိုးစိုက်လိုက်တာ သွေးတွေဟာ ဖြန်းကနဲ ပန်းထွက်လာပြီး လူရိုင်းကြီးရဲ့ ကိုယ်ခန္ဒာကြီးဟာ မြေပြင်ကို ဘုန်းကနဲ လဲပြိုကျသွားသတဲ့။ 

          လူရိုင်းဘုရင်ကြီးဟာ ဒေါသထွက်ပြီး အသံနက်ကြီးနဲ့ ထပ်အော်လိုက်တဲ့အခါ လှံတိုကိုင်ထားတဲ့ လူရိုင်း နှစ်ကောင် ထပ်ဝင်လာပြန်တယ်။ မင်းသားလေးဟာ ဂါထာရဲ့ အစွမ်းကို သိသွားတာကြောင့် လူရိုင်းနှစ်ကောင်ကို စိုက်ကြည့်ပြီး ဂါထာရွတ်ပြန်သတဲ့။ လူရိုင်းနှစ်ကောင် ကျောက်ရုပ်လို ငြိမ်သွားတာနဲ့ အချိန်မဆွဲရဲပဲ လှံတိုနဲ့ အမြန်ထိုးသတ်လိုက်ပြန်သတဲ့။ လူရိုင်းဘုရင်ကြီးဟာ ဒေါသ ထွက်လာပြီး ထိုင်ရာကထကာ  လက်ညှိုးထိုးအော်လိုက်တော့ လူရိုင်းလေးကောင် ဝင်လာပြန်သတဲ့။ 

          မင်းသားလေးလည်း ဒီလေးကောင်ကို ဂါထာတန်ခိုးနဲ့ သတ်ရင် ရှစ်ကောင်ထပ်လာမယ် ၊ ဒီ့ထက်များလာရင် ငါဂါထာ ရွတ်မပြီးခင် ငါသေမယ့်ကိန်းပဲ။ ဒီတော့ ငါအညှာကို ကိုင်မှပဲလို့ တွေးပြီး လူရိုင်းဘုရင် ကြီးကို စိုက်ကြည့်ပြီး ဂါထာကို ရွတ်လိုက်သတဲ့။ လူရိုင်းဘုရင်ကြီးဟာ လက်ညှိုးထိုးနေတဲ့ ပုံစံအတိုင်း ကျောက်ရုပ်လို ငြိမ်သက်သွားတဲ့အခါ မင်းသားလေးဟာ အချိန်မဆွဲတော့ပဲ လူရိုင်းဘုရင်ကြီး ရဲ့ ရင်အုံတည့်တည့်ကို လှံတိုနဲ့ တအားကုန်ပစ်စိုက်လိုက်တဲ့အခါ ``အား-- ``ကနဲအော်လိုက်တဲ့အသံနက်ကြီး ဟာ တောကြီးတစ်ခုလုံး မြည်ဟီး တုန်လှုပ်သွားသတဲ့။

          ကနေတဲ့ လူရိုင်းတွေ ၊ ဗုံတီးနေတဲ့လူရိုင်းတွေ ၊လူရိုင်းစစ်သားတွေရော အားလုံး မြေကြီးပေါ်မှာ ပြားပြားဝတ် ညိမ်သက်ကုန်ကြတယ်။ မင်းသားလေးကို အရမ်းကြောက်ရွံ့သွားကြတာပေါ့။ မင်းသားလေးဟာ ၇ -ရက်လောက် နေ့မနားညမနား သင်ယူခဲ့ရတဲ့ ပညာရဲ့အကျိုးကို လက်တွေ့ခံစားလိုက်ရတော့ ခုမှ ပညာသင်ချင် တဲ့စိတ်တွေ တဖွားဖွား ပေါ်လာလေတော့တယ်။ 

          ဒါနဲ့ သူ့ကို လူရိုင်းတွေက ဘုရင်အဖြစ်တင်မျှောက်မှန်း ရိပ်မိလေတော့ လူရိုင်းဘုရင် အလောင်းကောင် ကြီးကို စင်ပေါ်ကနေ တွန်းချလိုက်ပြီး တတ်ထိုင်လိုက်တယ်။ ပြားပြားဝတ်ပြီး ခစားနေတဲ့ လူရိုင်းတွေရဲ့အပေါ်စီးကနေ ကြည့်လိုက်တဲ့အခါ လူရိုင်းတွေရဲ့နောက် မလှမ်းမကမ်း မှာ ဧရာမလှောင်အိမ် ကြီးကို တွေ့လိုက်ရတော့ အတော်အံ့သြပြီး အဲဒီလှောင်ချိုင့်နားကို ချဉ်းကပ်သွားကြည့်တယ်တဲ့။

          လှောင်အိမ်ကြီးမှာ တပ်ထားတဲ့ မီးတိုင်းတွေရဲ့အလင်းအားနဲ့ အထဲကို ကြည့်လိုက်တဲ့အခါ ပိန်ချုံးပြီး အင်အားချိနဲ့နေတဲ့ အဖိုးအို ငါးယောက်ကို အံ့သြစွာ တွေ့လိုက်ရတာပေါ့။ ဒါနဲ့မင်းသားလေးက----

          ``အဖိုးတို့  အဖိုးတို့ဟာ   လူရိုင်းအဖိုးအိုများနဲ့ ပုံစံခြင်းမတူလို့ လူရိုင်းများ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ပြောတဲ့စကား နားလည်တယ်ဆိုရင် ကျွန်တော့ကို ပြန်စကားပြော ကြပါ`` လို့ ပြောလိုက်ရော အဖိုးအိုရဲ့ မျက်လုံးတွေဟာ ချက်ချင်းလန်းဆန်းတတ်ကြွလာကြပြီး--

          ``အို  အမောင်သူငယ်   အဖိုးတို့ဟာ လူရိုင်းများမဟုတ်ကြပါ--- လူရိုင်းတို့၏ အကျဉ်းသားများ သာဖြစ်ပါတယ်။ ငါတို့ဟာ နှစ်ပေါင်းများစွာ အကျဉ်းခံနေကြရပြီး  ငါတို့တတ်သော ပညာဖြင့် လူရိုင်းများ ကိုလုပ်ကြွေးရပါတယ်။ ဒီနေ့တော့ ငါတို့အားလုံးကို မရဏမင်းထံ ယစ်ပူဇော်ကြတော့မှာမို့ အားလုံးစိတ်သောက ရောက်နေရပါတယ်။ အစောက သင့်ရဲ့စွမ်းအားကြောင့် အသင်ဟာ အခုဆိုရင် လူရိုင်းတွေရဲ့ ဘုရင်ဖြစ်သွားပါပြီ အကျွန်ုပ်တို့အား အသက်ချမ်းသာပေးပါ --`` လို့သနားစဖွယ် ပြောသတဲ့။

          ဒါနဲ့မင်းသာလေးဟာ အဖိုးအိုငါးယောက်စလုံးကို လှောင်အိမ်ထဲကနေ ထုတ်ပေးပြီး ----

`        ``အဖိုးတို့    ဘာမှစိတ်သောကမရောက်ကြပါနဲ့တော့  အဖိုးတို့ဟာ လူရိုင်းတွေနဲ့ အနေကြာလာတော့ လူရိုင်းတွေကို ခိုင်းစေတတ်မှာပါ  ကျွန်ုပ်ကိုယ်စား  သင့်လျော်သလို စေခိုင်းပေးပါ-- ကျွန်ုပ်နှင့် အဖိုးတို့အတွက် ဤည၌ သင့်တော်သော အစားအစာနှင့် နားနေရန် နေရာတို့ကို အဖိုးတို့က စီစဉ် ခိုင်းစေပေးပါတော့`` လို့ဆိုပြီး အဲဒီညက အဖိုးအို ငါးဦးရဲ့ အကူအညီနဲ့ မင်းသားလေးရော အဖိုးအိုတို့ပါ ကောင်းစွာ စားသောက်အိပ်စက်ကြရသတဲ့။

          နောက်နေ့မနက်မှာ မင်းသားလေးဟာ သူ့ရဲ့ ပညာမသင်ဘဲ တေလေနေခဲ့သဖြင့် ယခုသေဘေးနှင့် ကြုံရပုံ ဂါထာလေးတစ်ပုဒ်သင်ခဲ့ရသဖြင့် ၎င်းဂါထာလေးကပင် မိမိ၏ အသက်ကို ကယ်တင်ပေးခဲ့ပုံ ယခုအခါ ပညာကို အလွန်သင်ချင်ကြောင်း အဖိုးငါးယောက်ကို ပြောသတဲ့။

          ဒီတော့ အဖိုးအိုတစ်ယောက်က---

          ``အသင်မင်းသာ  ကျွန်ုပ်တို့ ငါးဦးစလုံး၌ တစ်မျိုးစီသော ပညာရပ်တို့ကို တဖက်ကမ်းခတ် တတ်ကျွမ်းကြ၏----

          ဤအဖိုးကား ဗေဒင်ပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ပေ၏
          ဤအဖိုးကား ဆေးဝါးပညာရပ်တွင် တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏
          ဤအဖိုးကား နက္ခတ်တာရာ ပညာရပ်တွင်တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏
          ဤအဖိုးကား ဗိသုကာ ပညာရပ်တွင် တစ်ဖက်ကမ်းခတ်တတ်မြောက်ပေ၏

          အကျွန်ုပ်မှာကား တိရိစ္ဆာန်တို့၏ ပြောသောစကားကို နားလည်သည့် မာဂဓဘာသာ ရပ်တွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းပေ၏။  ဤ အကျွန်ုပ်တို့ တတ်ကျွမ်းသော ပညာရပ်တို့ကို အသင်မင်းသား သင်ယူချင်သည်ဆိုပါက အကျွန်ုပ်တို့သည် ဝမ်းသားအားရ သင်ကြားပေးလိုပါသည်။ အကျွန်ုပ်တို့သည် တိုက်ခိုက်ရေးပညာ မတတ်သဖြင့် လူရိုင်းများ၏ အကျဉ်းသားဖြစ်ခဲ့ရသော်လည်း အကျွန်ုပ်တို့၏ အတတ်ပညာများကို သူတို့ အသုံးပြုလိုသောကြောင့် ယနေ့ အသက်အရွယ်အထိ သေဘေးမှ လွတ်ခဲ့ရပါသည်။ ယခုအခါ အကျွန်ုပ်တို့သည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ အကျွန်ုပ်တို့ကို ယစ်ပူဇော်ပါက ငယ်ရွယ်သော ပညာရှင်များကို နတ်မင်းကြီးက ပေးပို့မည်ဟူသော နတ်ဆရာ၏ စကားကို ယုံပြီး ကျွန်ုပ်တို့ကို သတ်ဖြတ်ပူဇော်ရန် ယစ်သဘင်ကျင်းပကြခြင်းဖြစ်သည်။ 

          ယခုအခါ အသင်မင်းသားလေး၏ ကျေးဇူးကြောင့် အသက်ရှင်ခဲ့ရခြင်းဖြစ်ပြီး အသင်မင်းသားလေး လိုလိုလားလား သင်ကြားလိုပါက ကျွန်ုပ်တို့တတ်သော ပညာများကို မချွင်းမချန် သင်ကြားပေးပါမည်ဟု ဆိုကာ မင်းသားလေးအား ထိုနေ့မှာစ၍ သင်ပေးလေ၏။

          မင်းသားလေးလည်း အဖိုးအိုတို့သင်ပေးသော ပညာရပ်များကို ကောင်းစွာ သင်ယူ လေသတဲ့။ နောက်ဆုံးအဖိုးအိုရဲ့ မာဂဓဘာသာစကားကို သင်ယူတတ်မြောက်တဲ့အခါ တိရိစ္ဆာန်တွေရဲ့ စကားကို ကောင်းစွာ နားလည်လာပြီး အဲဒီတုန်းက ငှက်ကလေးရဲ့ အော်မြည်တွန်ကြူးသံကို ပြန်လည် ကြားယောင်မိ ကာ `` ငါမှားလေပြီ   ------ ငါသည် ပညာမတတ်သောကြောင့် ကျေးဇူးရှင်ကိုပင် ကျေးဇူးရှင်မှန်းမသိ ရိုက်သတ်စားမိပေပြီ ``ဟု များစွာ စိတ်မကောင်းပဲ သည်းထန်စွာ ငိုကြွေး လေသတဲ့။

          အဖိုးတို့က---

          ``ကဲ ငါ့တပည့်   ဖြစ်ပြီးသမျှကိစ္စတို့ကို  ငိုကြွေးရုံမျှဖြင့် မပြီးပါ။ သင်သည် အသက်ငယ်သေးသည် ဤတောကြီးထဲ၌ ဘဝကို မမြှုတ်နှံပါနှင့် ကျွန်ုပ်တတ်ထားသော ဗေဒင်ပညာအရ သင်သည် လူတွေ၏ ဘုရင် အရှင်သခင်ဖြစ်ရပါမည်။ သင့်ကို သင်ပေးသော နက္ခတ်ပညာဖြင့် သင်သွားလိုရာလမ်းသို့ လမ်းမမှားပဲရောက်ပါ မည်။ တောလမ်းခရီးတွင် နေထိုင်မကောင်းပါက ဆေးဝါးပညာလည်း ကောင်းစွာ တတ်မြောက်ပြီးပေပြီ။ စခန်းချ နားနေရန် လိုပါက အန္တရာယ်ကင်းသော စခန်းများကို လည်း ဗိသုကာ ပညာဖြင့် ကောင်းစွာ ဆောက်တတ်ပြေပြီ။ ယခုသင်ငိုကြွေးနေသော ငှက်ကလေးနှင့်ပတ်သတ်၍လည်း သင်တတ်မြောက်သော မာဂဓ ဘာသာဖြင့် ရှင်းလင်းတောင်းပန်မည်ဆိုပါက တိရိစ္ဆာန်အပေါင်းက ခွင့်လွှတ်ပြီး အသင်မင်းသားလေးကို များစွာ ကူညီကြမှာဖြစ်ကြောင်း -- အကျွန်ုပ်တို့မှာမူကား အသက်အရွယ်အားဖြင့် အိုမင်းရင့်ရော်ကြပေပြီ။ ယခုလည်း အသင်မင်းသားလေး၏ ကျေးဇူးကြောင့် လူရိုင်းတွေကို ကောင်းစွာစေခိုင်းနိုင်နေပြီမို့ အကျွန်ုပ်တို့အား နောက်ဆံမတင်းဘဲ သင့်ဖခင် ၏တိုင်းပြည်သို့ သွားပါလော့။ သင်သည် အသက်ရှင်သမျှ ကာလပါတ်လုံး လူသားများကို အကျိုးပြုသော အတတ်ပညာများကို ကြိုးစားသင်ယူပြီး ပြန်လည် ဖြန့်ဝေသင် ကြားပေးပါ ``ဟု ရှည်လျားစွာ ဆုံးမစကားပြောကြားပြီး စားနပ်ရိက္ခာခြောက်များနှင့် လူရိုင်းများ၏ အကူအညီ ကိုယူကာ မင်းသားလေးပြုတ်ကျခဲ့သော ချောက်ကမ္ဘားပေါ်သို့ရောက်အောင် ပို့ပေးလိုက်ကြလေ၏။ 

          မင်းသားလေးလည်း အဖိုးအို ငါးယောက်ကို လက်ပြနှုတ်ဆက်ကာ ၇- ရက်ခန့်ခရီးနှင်ပြီးမှ မင်းသားလေး၏ ဖခင် တိုင်းပြည်ကို ရောက်ရှိသွားလေတော့တယ်။ မင်းသားလေးလည်း ဖခင် ဘုရင်ကြီးကို ဖြစ်ကြောင်းကုန်စင် အားလုံးလျှောက်ထားပြီးခွင်လွတ်ဘို့ တောင်းပန်တဲ့အခါ မင်းကြီးလည်း အသိအလိမ္မာနဲ့ ပြည့်စုံလာတဲ့ မင်းသားလေးကို ကြည့်ပြီး ဝမ်းသာစွာ သာဓုအကြိမ်ကြိမ်ခေါ်ကာ မင်းသားလေးကို ထီးနန်းလွှဲအပ်ပြီး ရဟန်းပြုကာ ငြိမ်းချမ်းစွာ နေသွားသတဲ့ကွယ်။    



ကိုစိုးနိုင်

No comments:

Post a Comment