ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Thursday, May 31, 2012
Wednesday, May 30, 2012
ဗိုလ်ကြီးစိုးထွဋ်
မောင်စိုးထွဋ်တစ်ယောက်
ချစ်လှစွာသော မိန်းမနှင့် သားလေးကိုခွဲကာ အမိမြန်မာပြည်နှင့် ဝေးသော အွန်စော တို့ဋ္ဌာနေ
တောင်ဒဂုံ (အဲ-) တောင်ကိုးရီးယားကို ``ပျော်ရာမှာမပွေ တော်ရာမှာပွေရ`` ဆိုတဲ့အတိုင်း ``ရေကြည်ရာ ၊ မြက်နုရာ``
မှာ( တိရိစ္ဆန်လို့ကြောတာ ဟုတ်ဖူးနော် စကားပုံအနေနဲ့သုံးတာ-- ဟဲ ဟဲ) စီးပွားရှာနေရတာ လပေါင်းများစွာ ကြာခဲ့ပါပြီ။
SPRING SEASON လို အေးတဲ့ရာသီမှာ အနှုတ် ၉
ဒီဂရီလောက်ထိ အေးတာမို့ ရေခဲတိုက်ထဲ (အဲလေ--) ရေခဲသေတ္တာထဲ
ဝင်နေရသလား ထင်ရလောက်အောင် အေးတဲ့ရာသီတိုင်း အိမ်က မိန်းမကို သတိရအရမ်းလွမ်းသည် (ဘာမှ မဆိုင်ဘူး)။မြန်မာပြည်မှာ ချစ်သော ဇနီးချောလေး ဆရာဝန်မလေး၏
ပြုစုယုယမှု ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကြော်လှော်ကျွေးမှု တွေနှင့် ဆရာကြီးစတိုင်နှင့် တင်ပလင်ချိတ်ထိုင်
ခဲ့လေသမျှ ဒီရောက်တော့ ပုဆိုးခါးတောင်းကျိုက် ငရုပ်ဆုံကို ခွထိုင်ပြီး (ငရုပ်သီးထောင်းမလို့ပါ) ကိုယ့်ဝမ်းစာ ကိုယ့်ဖာသာ ချက်စားနေရတာလည်း
ယောင်္ကျားတစ်ပိုင်း မိန်းမရိုင်းကြီး တစ်ယောက်ဖြစ်နေလေပြီ။
ဒီနေ့လည်း မီးဖိုချောင်ထဲမှာ ရိက္ခာပြတ်ပြီ။
ဈေးဝယ်ထွက်ရမှာကိုလည်း ကြောက်သည်။ ကိုးရီးယားမတွေ ကိုးရီးယားထီးတွေက အီး မကောင်းကြ
(ဆရာမိုး ဝယ်တိုက်လိုက်လေ--) ။ ကိုယ်ကလည်း ကိုးရီးယားရောက်ခါစ
ကိုးရီးယားစကားက မတတ်။ ``ပါပီကလေး ပုတုတု -- သူ့စကားက ဝု
- ဝု---
ဝု ၊ သူ့စကား လူမသိ ၊ လူ့စကား သူမသိ ၊ သနားပါ၏``
ဘဝနဲ့ နှစ်ပါးသွားနေရသည်။ ကိုးရီးယားစကား ကလည်း
တော်တော်ဆိုးသည်။ ကြည့်စမ်း အဖေကို ``အပေါကြီး`` တဲ့။ (အာဘော်ဂျီး ပါဟ) ။ အဒေါ်ကြီးကိုလည်း ``အရူးမ`` တဲ့လေ--(အာဂျူးမား ပါကွာ ဒုက္ခပဲ)။ အမေကျတော့ ``အောမောနီး`` (ဟုတ်တယ် ဟုတ်တယ်)
။ အမကျတော့ အော်ညီး တဲ့။
အဲ----`` အမ``ဆိုလို့ အဲဒီမှာ ပြောရအုံးမည်။
ကျွန်တော်တို့ မြန်မာစကားမှာက ညီမကပဲခေါ်ခေါ်၊ မောင်လုပ်သူကပဲခေါ်ခေါ် အတူတူ ``အမ``လို့ပဲခေါ်သည်။ သူတို့ ကိုးရီးယားကျတော့ ညီမကခေါ်ရင်
တစ်မျိုး မောင်ကခေါ်ရင် တစ်မျိုး။ အမျိုးမျိုးပဲ။
ညီမက ခေါ်တော့ ``အော်ညီး``၊ မောင်က ခေါ်ရင် ``နူနာ`` တဲ့။ ဒါကို လုံးစေ့ပတ်စေ့ မသိသေးသော
ကိုးရီးယားပါးမဝသေးသည့် မောင်စိုးထွဋ်မှာ အဘိဓါန်ကို သေချာ မကြည့်ပဲ ``အော်ညီး`` ``အော်ညီး`` ဟု တွေ့သမျှ ကိုးရီးယား ``မမ``တို့ကို
လိုက်ပြီး ကျူမိပါတယ်-- ``ဂျော်ရကီး`` လို့အထင်မှားခံလိုက်ရသဖြင့် အရှက် ဟတ်တတ်ကွဲပြီး
အဲဒီကတည်းက ``နူနာ````ဝဲနာ`` ``လက်ပတိုစီနာ``ကို အသေကျက်မှတ်ရပါတော့သည်။
ခုလည်း ဈေးခြင်းတောင်းကလေးပြင်ပြီး အဘိဓါန်ကို
ဖွင့်ဖတ်သည်။ ကြက်ဥဝယ်မည်( ဂဲဒါန်) အိုကေ။ ကြက်သားလည်းဝယ်မည်။ ကြက်က (ဒါ့ဂ်) အသားက
(ဂိုဂီ) ဆိုတော့ကြက်သား (ဒါ့ဂ် ဂိုဂီ) ရပြီ။
တော်ပြီ အများကြီးဆို မေ့မည်။ အာဂျူးမားရောင်းသော စတိုးဆိုင်က နည်းနည်းလမ်းလျှောက်လိုက်လျှင်ရောက်သည်။
ခေါင်းထဲမှာ မိန်းကလေးနာမည်ဆိုရင် ထောင်ချီသောင်းချီပြီး မှတ်ဥာဏ် မန်မိုရီကောင်းသလောက် ဒီလို ကိုးရီးယားစကား
တစ်လုံးတစ်လေ မှတ်ဖို့ကြတော့ လမ်းတစ်လျှောက်လုံး အသံမစဲ ပဋ္ဌာန်းပွဲ ရွတ်သလို ရွတ်သွားကာမှ
တော်ကာကြသည်။
စတိုးဆိုင်ကိုရောက်ပါပြီ။ စတိုးဆိုင်မှာရောင်းသည့်
အပေါက်ဆိုးဆိုး ၊ ရုပ်ကြမ်းကြမ်း အဒေါ်ကြီးက သူ့ကို နှာဗူး မျက်နှာပေးနဲ့ နှုတ်ဆက်သည်။
သိနေတာကိုး။ ဘယ်တော့မှ မေ့မည်မဟုတ်တဲ့ သိခြင်းနဲ့ သိနေတာပါ။ အဲဒီအကြောင်းကို နောက်ပြီးမှ
နောက်ကြောင်းပြန်ပါမည်။ ခုတော့ ဆက်ကြစို့။
``အန် ညော်ဟာ ဆဲ့ယိုး-----``
``နဲ--- အန်ညော်ဟာ ရှီးမ်နီးကာ--??``
``ဟုတ်ကဲ့ မင်္ဂလာပါ``ဟု မြန်မာတွေရိုင်းတယ် အပြောမခံရလေအောင်
အယဉ်ကျေးဆုံး ပြန်လည် နှုတ်ဆက်လိုက်မှ လမ်းတစ်လျှောက်လုံးရွတ်လာသော ကြက်ဥ နဲ့ ကြက်သားထဲက
ကြက်သားကို ဘယ်လိုခေါ်မှန်း မေ့သွားလေတော့သည်။ ဇောချွေးပြန်သွားသည်။ စာမေးပွဲခန်းထဲေ၇ာက်ပြီးမှ
မေးခွန်းမြင်ပြီး မဖြေနိုင်လို့ ဇောချွေးပြန်သလိုမျိုး။ ဒီလိုမေ့မှန်းသိလျှင် ငယ်ငယ်တုန်းက
စာမေးပွဲဖြေသလို ပေါင်မှာ ရေးပြီး မှတ်လာပါရဲ့။
ကြက်ဥကတော့ ဝယ်ပြီးပြီ။ ကြက်သားကို မပြောတတ်သဖြင့်
လက်ညှိုးထိုးဝယ်မည်ဟု တွေးကာ အာဂျူးမား၏ စတိုးဆိုင်ထဲကို လျှောက်ပတ်ကြည့်မိသည်။ အစက
အာဂျူးမား၏ စတိုးဆိုင်ကို အကြီးကြီးဟု ထင်ခဲ့သည်။ လျှောက်ပတ်ကြည့်မှ သေးသေးလေး ပါလား--(ဟိတ်ကောင် ဘာပြောတာလဲ??)။ မတွေ့ပါ။ ဒီမှာရောင်းတာတော့သေချာသည်။
အာဂျူးမားလည်း မောင်စိုးထွဋ် သွားလေရာ အကုန်လှန်ပြသည်။ ရောင်းကုန်တွေကိုပြောတာပါ။ မောင်စိုးထွဋ်
ဖြတ်ကနဲ သတိရသွားသည်။ ကြက်ဥက (ဂဲဒါန်) အမေ ကို ကိုးရီးယားလို (အောမောနီး) ကြက်ဥက ကြက်မဖင်ထဲက ထွက်တာဆိုတော့ --- ဟုတ်ပြီ (ဂဲဒါန် အောမောနီး) ဟားးး ပိုင်တယ်ကွာ ဆိုပြီး ပြောလိုက်သည်။
``အာဂျူးမား ဂဲဒါန် အောမောနီး ဂျူးဆဲ့ယိုး`` တဲ့။
``အဒေါ်ကြီး ကြက်ဥအမေ ပေးပါ``ပေါ့။
ကိုးရီးယားမကြီးလည်း တဟားး ဟားး သဘောကျကာ ရေခဲသေတ္တာကို ဖွင့်ပြသည်။
``အော် --- သင်းတို့က ဒီထဲရောက်နေတာကိုး--`` မောင်စိုးထွဋ်မှာ ကျသင့်ငွေကို ရှင်းပေးပြီး
ခပ်သွက်သွက် ပြန်ထွက်လာခဲ့ရသည်။ ဆိုင်မှာက သူနဲ့ အာဂျူမားနဲ့ နှစ်ယောက်တည်း။ အရင်တစ်ခါ
ဖြစ်တုန်းကဆိုလျှင် ခပ်သွက်သွက်မဟုတ်။ ခြေကုန်သုတ်ပြီး ပြေးခဲ့ရသည်။
ပြန်ပြောရမှာလည်း ရှက်ပါသည်။
သို့သော် ပြန်ပြောပြပါဦးမည်။
ကိုးရီးယားမှာ အမှိုက်ပြစ်လျှင် မြန်မာမှာလို လက်လွတ်စပယ် စည်းပျက်ကမ်းပျက် ပစ်လို့မရ။ အိတ်နဲ့
သပ်သပ်ရပ်ရပ် စနစ်တကျ စွန့်ပစ်ရသည်။ အမှိုက်အိတ်ကိုလည်း သီးခြားထုတ်လုပ်ထားကာ ဈေးသက်သာစွာဖြင့်
အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ထားသည်။ အင်မတန်စည်းကမ်းကြီးသည်။ ထိုနေ့က အမှိုက်အိတ် ကုန်သွားသဖြင့်
အာဂျူးမားဆိုင်ကို သွားဝယ်သည်။ အမှိုက် ကို ကိုးရီးယားလို (စရေဂီ)
အိတ်က (ဘုံဂျီ)၊ ပေးပါ ဆိုတာက (ဂျူးဆဲ့ယိုး) ။
ထုံးစံအတိုင်း အာဂျူးမားဆိုင်ရောက်တော့ အာဂျူးမား၏
အပေါက်ဆိုးဆိုး ရုပ်ကြမ်းကြမ်း မျက်နှာကြီး ကိုမြင်ရသည့်အခါ ``ငါ့နှယ်ကွာ ကိုးရီးယားကားတွေထဲက အွန်စောတို့လို ချောချောလေးများ
ဒီဆိုင်မှာ ရောင်းရင် ငါ့လခလည်း မိန်းမဆီကို ရောက်မှာ မဟုတ်ဘူး ``ဟု အားမနာ လျှာမကျိုးတွေးလိုက်ရာ
မှတ်ထားသော စကားလေးများ မေ့သွားလေတော့သည်။
အာဂျူးမားက အတတ်နှိုင်ဆုံးလှအောင် ပြုံးပြသည်။
ဖောက်သည်ကိုး။ ဘာတွေဖောက်တာလဲတော့ ကာယကံရှင်ပဲသိမည်။ မောင်စိုးထွဋ်လည်း အတတ်နိုင်ဆုံး
ယဉ်ကျေးအောင် ပြုံးပြနှုတ်ဆက်သည်။ အမှိုက်ဆိုတဲ့ စကားလုံကို လုံးဝမေ့သွားပြီ။ တော်သေးတာက
``အိတ်``ဆိုတဲ့ စကားလုံး ``ဘုံဂျီ``ကို ``ဘိုဂျီ``
ဟု အမှတ်မှားကာ ပြောချလိုက်သည်။
``အာဂျူးမား ဘိုဂျီ ဂျူးဆဲ့ယိုး--- ``ဟူ၍----
အဒေါ်ကြီး ရှက်သွေးတွေဖြာသွားသည်။ လက်မကို ပါးစပ်ထဲ ကိုက်ပြီး မောင်စိုးထွဋ်ကို ညုသလိုလို
ကလူ၏သို့ မြူ၏သို့ ကြည့်နေသည်။ တစ်ခုခု မှားပြီ။
အကြီးကြီးကို မှားတာ ဖြစ်မည် ``ဟု
ကိုယ်စောင့်နတ် က သတိပေးမှ ကောင်တာ၏ မလှမ်းမကမ်းတွင် တင်ထားသော အမှိုက်အိတ်များကို ဆွဲယူကာ
``ယော်ဂီး --ယော်ဂီး`` ဟု ``ဒီမှာ--ဒီမှာ`` ဟု ယူပြလေမှ အာဂျူးမားလည်း မျက်နှာပြောင်းသွားကာ ဆောင့်ဆောင့်အောင့်အောင့်နှင့်
ရောင်းပေးလေသည်။
ပြီးနောက်--
အာဂျူးမားက ---
``ဘိုဂျီ ဂါ့ မူးအော့ ရှီးမနီးကာ-----??
အာရ် ဂဲ့စုမနီကာ-----``
``ဘိုဂျီ ဆိုတာ ဘာလဲ မင်းသိလား`` ဟုမေးရာ မောင်စိုးထွဋ်မှာ မျက်နှာငယ်လေးဖြင့် ခေါင်း ရမ်းပြသဖြင့်
အာဂျူးမားလည်း စကားနှင့် မပြောပဲ ကိုယ်အမူအရာဖြင့် ``ဘိုဂျီ``ဆိုတာ ဒါပဲဟု သူ၏ ဖွားဖက်တော်ကို
ပုတ်ပြလေရာ မောင်စိုးထွဋ်တစ်ယောက် အာဂျူးမားဆီက
မဟုတ်က ဟုတ်က တောင်းမိသလို ဖြစ်သွားသဖြင့် မကြည့်ရဲတော့ပဲ တချိုးတည်း လစ်ပြေးရလေတော့သတည်း။
မှတ်ချက်။ ။ထိုနေ့မှစ၍ ကျွန်ုပ်တို့သည် မောင်စိုးထွဋ်အား ``ဗိုလ်ကြီး စိုးထွဋ်``ဟု ပီပီသသ
ခေါ်ပင်ခေါ်သော်လည်း သူ့နားထဲတွင် ``ဘိုဂျီ စိုးထွဋ်`` ဟုပင် ကြားယောင်နေသဖြင့် ခေါ်သည့်သူ များကို စိတ်ဆိုးမာန်ဆိုးဖြင့် ငါကိုင်တုတ်နေပါတော့သတည်း..။ ။
Believe it
or not
Written by
ko soe naing
Tuesday, May 29, 2012
ဥပေက္ခာနှလုံးသား(ကဗျာ)
တစ်ခါတလေ----
ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
ဒေါသ နဲ့ သောက ---က
ရင်ထဲကို အပူ ဒုက္ခ အဖြစ်
အနိုင်ကျင့်သွားတယ် ----
တစ်ခါတလေ-----
ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ
ပီတိနဲ့ဝမ်းသာမှု က
ရင်ထဲကို ရေလိုအေးမြပြီး
ခံစားမှု နဲ့ ကျေနပ်သွားတယ်---
တစ်ဘဝ လုံး
ငါ့နှလုံးသားကို
အပူ နဲ့ အအေး တို့က
နင် ဝင် ငါထွက်
ငါ ဝင် နင်ထွက်နဲ့
ဒုက္ခ ပေးလိုက်ကြတာ
ရစရာ တောင်မရှိ
ကြေမွ မှု အတိပေါ့ ---------
ခုတော့---
ဖြစ်လာသမျှ ဟာ
သဘာဝတရား ပါပဲ
တုန်လှုပ် မှု နည်းမှ
သမာဓိ ရမှာ မို့
ပူသည်ဖြစ်စေ--
အေးသည်ဖြစ်စေ--
ပြုံး ပြုံး လေးပဲနေလိုက်တယ်။ ။
Monday, May 28, 2012
ကမ္ဘာဦးလူသား(ကဗျာ)
ကမ ၻာဦးအစက --
လူတွေဟာ စားဖို့ပဲ အလုပ်လုပ်ကြတယ်။
အဲဒီက တစ်ဆင့်
ဥာဏ်ရည် နည်းနည်းမြင့်လာတော့
ရာသီဥတုဒဏ် ခံအောင်
အဝတ်အစား ဆိုတာလဲ လိုပြန်ရော။ ။
နောက်ထပ် အချိန်တွေကြာ
ရွေ့လျှားရတဲ့ဒုက္ခကိုငြီးငွေ့
နေရာအတည်တကျတွေ့ရင်
နေဖို့ပါ ပြင်ဆင်ကြ
ကဲ--
အပြည့်စုံဆုံးဘဝ ပဲ။ ။
ဒါပေမယ့် -- ဒါပေမယ့်
လိုချင်တတ်မက်မှုတဏှာ
သေတဲ့လူနဲ့ ဘာလို့ပါမသွားတာလဲ
ဒီ ကမ္ဘာပေါ်မှာ
တဏှာ ဆိုတဲ့မိစ္ဆာဟာ
နောင် ဝင်လာတဲ့မျိုးဆက်သစ်တွေကို
ပူးနှောင်ရစ်ပြီး ချယ်လှယ်ထား
ဒုက္ခ များပေါ့။ ။
အေးလေ---
လူတွေတီထွင်တဲ့အရာ
လူတွေအတွက်တော့ တဏှာလောင်စာ ပေါ့
ဒီလောင်စာတွေရှောင်မှ-
ငြိမ်းချမ်းတဲ့ ဘဝရမယ်
အဲဒီ လိုဘ ဆိုတာ မပြည့်သောအိုးပါပဲ။
ငါကတော့--
စားဖို့ပြည့်စုံတယ်
ဝတ်ဖို့လုံလောက်တယ်
နေဖို့အဆင်ပြေတယ် ဆိုတဲ့ဘဝမှ
ကျေနပ်နေပါတယ်။ ။
ဒါကြောင့် သူငယ်ချင်းအချို့က
မင်းဟာ
ကမ ၻာဦး အစ
လူသားဘဝထက်
ဘာမှ မပိုလှဘူးတဲ့
ပြောပါစေ ----- ပြောပါစေ
ငါ့ဘဝနဲ့ငါ အေးချမ်းစွာ
ကျေနပ်နေရင် ပြီးတာပဲ။ ။
အမေနှင့် အမေ့အကြောင်း
အမေ နှင့် အမေအကြောင်း
ကျွန်တော်ငယ်ငယ်က အရမ်းချူချာသည်။
မွေးကင်းစ ကိုယ်အလေးချိန်နှင့် ရောဂါအလေးချိန် ဆတူပေါင်းစပ်မွေးထားသလားထင်ရသည်။
မွေးသည့်နေရာဌာန နှင့် မွေးရပ်မြေဇာတိကလည်း တောရွာလေး တစ်ရွာ။ အလွန်ခေါင်သည် ။
ဆရာဝန်မရှိ ဆေးမှုးမရှိ ယုတ်စွအဆုံးမြန်မာ ဗိန္ဒောဆရာပင်မရှိသောနေရာ။
ကျမ္မာရေးနှင့်ပတ်သတ်ရု်
နယ်လှည့်ဆေးကုသနေသော ဒေါက်တာရမ်းကုတို့၏ စားကျက်မြေ။
သို့သော် အမေ၏ မေတ္တာတရားသည်
ကျွန်တော့်အတွက် အသက်ကယ်ဆေးဖြစ်သည်။ အမေသည်စာလုံးဝမတတ်။ စာဆိုရု် ``မတင်`` ဟူသော
သူမ၏နာမည်ကိုသာ ကြိုးကြိုးစားစား ရေးတတ်အောင်သင်ထားရသည်။ အမေ့လက်ရေးကို အမေ့မှတ်ပုံတင်ထက်တွင်
တစ်ကြိမ်သာ ရေးထိုးဖူးမည် ထင်ပါသည်။ ထိုအမေသည် သား၏ကျမ္မာရေးအတွက်
ဆရာဝန်တစ်ယောက်ကဲ့သို့ စုံစီနဖာ ရှာရှာဖွေဖွေ မေးမြန်းစပ်ဟပ်ရု် ကုသပေးသည်။
သို့သော်
ကျွန်တော့ဋ္ဌ်ဖြစ်သောရောဂါသည် ထိုခေတ်အခါက နာမည်ကြီးကလေးရောဂါဖြစ်သည်။
ဖြစ်လျှင်သေမင်းက ၉၀ ရာခိုင်နှုံးပိုင်ရု် ကံကြမ္မာက ၁၀ ရာခိုင်နှုံးသာ ပိုင်သည်။
အမေသည် ထို ဆယ်ရာခိုင်နှုံးကို မလွတ်တန်းဆုတ်ကိုင်ပြီး မိခင်မေတ္တာဖြင့်
မလျှော့တမ်းဆုတ်ကိုင်ခဲ့သည်။ ထိုစဉ်က အမေ မငိုခဲ့ဘူးသော နေ့ရက်တို့သည် မရှိခဲ့။
အမေသည်
ဆေးမြီးတိုဖြင့်မရတော့မှန်းသိသဖြင့်
ဆေးဆရာရှိသည်ဆိုသောနေရာတို့ကို နီးနီး ဝေးဝေး ကျွန်တော့်ကို ရင်ခွင်ပိုက်ကာ
သွားရောက်ခဲ့သည်။ နေပူသည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ
ခိုက်ခိုက်တုန်အောင်ချမ်းအေးသောအခါပင်ဖြစ်စေ မှောင်မိုက်သောညအခါပင်ဖြစ်စေ ကုသနိုင်သော ဆရာရှိသည်ဟုသတင်းကြားလျှင်
ထိုနေရာသို့ရောက်အောင်သွားလေသည်။ အမေ့ကို မည်သည့်အရာကမှ မဟန့်တားနိုင်ပါ။
အဖေ အပါအဝင် ပတ်ဝန်းကျင်အားလုံးက
အမေ့ကိုသနားရု် လက်လျှော့လိုက်ပါတော့ ဟု
ဝိုင်းဝန်းဖြောင်းဖျကြသည်။ အမေ လက်မလျှော့ခဲ့။ သတ္တဝါတစ်ခု ကံတစ်ခုလို့ သဘောထားပါ
မိတင်ရယ် ဟု တရားချသည်။ အမေလက်မလျှော့ခဲ့။
မပဋာသည် သေဆုံးသောသားငယ်ကို မစွန့်ရက်ပဲ ရင်ဝယ်ပိုက်ကာ ရပ်ရွာစုံလှည့်ရု် မသေသောဆေးကိုရှာဖွေနေသကဲ့သို့ --- အမေသည်လည်း သေလုမျောပါးဖြစ်နေသော
ကျွန်တော့ကို ပွေ့ပိုက်ကာ ဆရာဝန်ရှိသောအရပ်မှန်သမျှ ရှာခဲ့လေသည်။ ထိုအချိန်က
အမေစားသော အစားအစာတို့သည်
သားကိုကယ်တင်ရန်လိုအပ်သော ခွန်အားအတွက်သာ ဆိုလျှင်ယုံမှားဖွယ်မရှိပေ။
အမေ၏ မေတ္တာ ဇွဲတို့ကို
နတ်ကောင်းနတ်မြတ်တို့ ကြည့်မနေနိုင်တော့ပြီ ။ နယ်လှည့်ဆရာဝန် ကြီးတစ်ဦး
မိမိတို့ရွာသို့ရောက်လာသည်။ ကျွန်တော့ဋ္ဌ် ဖြစ်သော ရောဂါကို ကောင်းစွာတတ်ကျွမ်းသော
အထူးကုဆရာဝန် ပါမေက္ခကြီး။ စေတနာဆရာဝန်ကြီးဖြစ်သည်။ အမေသည် ကျွန်တော့ကို ဆရာဝန်ကြီး
၏ ရင်ခွင်ထဲသို့ ထည့်ရု်
`` ဆရာကြီးရယ် ကျွန်မရဲ့သားလေးကို
ကယ်ပေးပါ`` ဟု အကြိမ်ကြိမ်ပြောရု် ရှိခိုးတောင်းပန် လေသည်။ ဆရာကြီး၏စေတနာ မေတ္တာ ကျွမ်းကျင်မှု တို့ဖြင့်
ကျွန်တော့ကို စမ်းသပ်ပြီး ---
``ကဲ
ကဲ ငါ့ညီမ နင့်သားကို
လုံးဝမသေစေရဘူး
ဆရာကြီးတာဝန်ယူတယ်
ဟုတ်ပြီလား``
အမေ့အတွက် ဘဝမှာ အချိုမြိန်ဆုံး
အကြားချင်ဆုံးစကားကိုကြားခဲ့ရပြီ။ ထိုသို့သော မိခင်မေတ္တာကြောင့် ကျွန်တော်သည်
ယခုထိအသင်ရှင်ခဲ့ပါသည်။
အခုတော့အမေသည် ဇရာ၏
နှိပ်စက်မှုကြောင့်အိပ်ရာထက်တွင် လဲနေပေပြီ။ ဆေးရုံကြီးတွင်
ရောဂါရှာဖွေရေးစက်များဖြင့် စုံစီစွာရှာဖွေခဲ့သော်လည်း ရောဂါတစ်စုံတစ်ရာမှ မရှိဟု
ဆရာဝန်များက အံ့သြစွာ မှတ်ချက်ပေးသည်။ ဇရာ (အိုမင်းခြင်း)ကားဆေးမရှိပေ။
ရှာဖွေသုတေသနပြုဆဲ---
၎ - ၂ - ၂၀၁၂ (စနေနေ့) နေ့လည် ၁၁ နာရီ ၃၅
မိနစ်တွင် အမေ လောကကြီးနဲ့ မိသားစုကို ကျောခိုင်းထွက်ခွာသွားလေပြီ။
သွားနှင့်ပါအမေ----- ကျွန်တော်တို့လည်း တစ်နေ့တော့ အမေ့လို သွားကြရမှာပါပဲ။ ဒါက
လူတိုင်းရဲ့ သဘာဝတရားမို့ သွားနှင့်ပါတော့အမေ
လို့သာ နှုတ်ဆက်ရင်း---
`` အမေ ကောင်းမွန် သော ဘုံဘဝသို့ ရောက်ပါစေလို့
ဆုတောင်းလိုက်ပါတယ်``
××××××××××××××× ×××××××××××××××××× ××××××××××××××
မင်္ဂလာ နှင့် အ-မင်္ဂလာ
ကျွန်တော့အမေကို အမေ၏ ဆန္ဒအရ ဆွေမျိုးများကို မစောင့်စေပဲ
နေ့ခြင်းချပါသည်။ အဖေ့တုန်းကလဲ အလားတူပင်။ ပတ်ဝန်းကျင်ကတော့ ထုံးစံမဟုတ်ရု်
အံ့သြကြသည်။ ဦးကျော်သူ၏ နာရေးကူညီမှု အသင်းကို ဖုန်းဆက်အကူအညီတောင်းသည်။ သေစာရင်း သေဆုံးခြင်းမှတ်ပုံတင်
သင်္ချုင်းလက်မှတ် စသဖြင့်ပြည့်စုံအောင်
လုပ်ပြီး ညနေ (၄)နာရီ နိဗ္ဗာန်ယဉ် လာမည်။ စောင့်နေဘို့ပြောရု်စောင့်နေကြသည်။
လမ်းထဲတွင် နေ့ချင်းချရု်
ထူးထူးဆန်းဆန်းလုပ်နေရသည့်ကြားထဲ နိဗ္ဗာန်ယဉ် ရောက်တော့ နိဗ္ဗာန်ယဉ်ပေါ်မှ
သတို့သား သတို့သမီး ဝတ်စုံအပြည့်ဖြင့် ဆင်းလာသော ငယ်ရွယ်နုပျိုချောမောသော ကြင်စဦး
ဇနီးမောင်နှံကြောင့် လူတွေပိုအံ့သြကုန်ကြသည်။
ကျွန်တော်လည်းမသိပါ--
သတို့သား မောင်ဇင်မျိုးအောင်
သတို့သမီး မထက်ထက်ထွေး တို့၏ မင်္ဂလာဦး
သတို့သား
သတို့သမီးတို့က မင်္ဂလာဦး ကုသိုလ်လိုချင်ရု် ကျွန်တော့မိခင်၏ နောက်ဆုံးခရီးကို သူတို့
လိုက်ပါပို့ဆောင် ကုသိုလ်ယူချင်ကြောင်း ခွင့်တောင်းသည်။ ဗီဒီယို၊ ဓါတ်ပုံမှတ်တမ်းများလည်း
ရိုက်ကူးတင်ကြသည်။ ကျွန်တော်တို့လူမျိုးသည် အကြင်လင်မယားအဖြစ် အသိအမှတ်ပြု
ဧည့်ခံပွဲကို မင်္ဂလာ အဖြစ်သတ်မှတ်ပြီး
လူ့လောကမှ ထွက်ခွာသွားသော သေဆုံးခြင်းကိုကား အ-မင်္ဂလာအဖြစ်သတ်မှတ် ကြသည်။ ဗုဒ္ဓ ကား
ထိုနှစ်ချက်လုံးကို မင်္ဂလာ -- အ-မင်္ဂလာ စသဖြင့် အသိအမှတ်မပြုပေးပါ။
လူငယ်လေးတွေက ထိုအယူအဆကြီးကို ရဲရဲကြီး
တုန့်ပြန်ပြတာကို စိတ်ထဲတွင် အလွန်လေးစား ဂုဏ်ယူမိသည်။သူတို့ကိုယ်တိုင် အမေ၏
ရုပ်ကလပ်ကို ကားပေါ်တင်ပေးသည်။ မင်္ဂလာဝတ်စုံ
များဖြင့် နိဗ္ဗာန်ယဉ်၏ ရှေ့ခေါင်းခန်းတွင် ထိုင်ကာ ကျွန်တော့မိခင်ကို လိုက်ပါ
ပို့ဆောင်ပေးကြသည်။ အနာဂတ်တွင် မောင်ဇင်မျိုးအောင် မထက်ထက်ထွေးတို့ကဲ့သို့
လူ့ပတ်ဝန်းကျင်တွင် မှားယွင်းနေသော အယူအဆတို့ကို ရဲဝန့်စွာ စံပြ လုပ်ပြသော
သူရဲကောင်းများ လိုအပ်ပါသည်။
မောင်ဇင်မျိုးအောင် + မထက်ထက်ထွေး တို့ ဇနီးမောင်နှံ
အသက်ထက်ဆုံးအိုအောင်မင်းအောင် ပေါင်းသင်းကြရု် စိတ်၏ချမ်းသာခြင်း
ကိုယ်၏ချမ်းသာခြင်းများဖြင့် အစဉ်ပြည့်စုံကာ လိုရာဆန္ဒမှန်သမျှ ပြီးပြည့်စုံသော
ဘဝကို အမြဲတန်းပိုင်ဆိုင်သော သာယာချမ်းမြေ့တဲ့မိသားစုလေး ဖြစ်ပ်ါစေ.--
ဟုဆုတောင်းပေးပါတယ်။
(ထိုသတင်းကို
ပေါ်ပြူလာဂျာနယ်က သတင်းယူသွားသည်။ )
မှတ်ချက်။ ။ ကိုလင်းဇော်ထက်တင်ထားသော လူမှုရေးသူရဲကောင်း ဇနီးမှောင်နှံ မှ ဈာပနသည် ကျွန်တော်၏ မိခင်ဈာပန ဖြစ်ပါသည်။
မိတ်ဆွေအားလုံးလည်း
ဝိုင်းဝန်းဆုတောင်းပေးပါရန်မေတ္တာရပ်ခံပါသည်။
လက်ဆောင်
လက်ဆောင်
ဘတ်စ်ကားတစ်စီးပေါ်မှာ---
အဘိုးကြီးတစ်ယောက်
ပန်းလှလှတစ်စီး ကိုင်လျှက်လိုက်ပါလာသည်။ သူနှင့် လူသွားလမ်းခြားလျှက် တစ်ဖက်ထိုင်ခုံမှာ
မိန်းကလေးတစ်ယောက်ထိုင်နေသည်။
ကောင်မလေး
မျက်လုံးတွေက ပန်းတွေဆီ တရစ်ဝဲဝဲ ဖြစ်နေသည်။
ခဏနေတော့
မှတ်တိုင်တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်။
အဘိုးကြီးက အလျှင်စလိုထကာ ပန်းစည်းကို ကောင်မလေး လက်ထဲထိုးထည့်သည်။
``ယူပါကွာ
၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ် ၊ မင်းကိုပေးခဲ့တဲ့ အကြောင်းသိရရင် အဘ ဇနီးက လည်းဝမ်းသာမှာပါ
၊ အဘ သူ့ကိုပြောပြလိုက်ပါ့မယ်``
ကောင်မလေး
ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စ်ကား ရပ်သည့်နေရာက
သုဿန်တံခါးဝအနီး မှာဖြစ်သည်။ သုဿန်အတွင်းသို့ အဘိုးကြီး ဝင်သွားတာ မြင်လိုက်ရသည်။
မူရင်း။ ။Bennet Cerf ၏ The Gift
ဖေမြင့်--
နှလုံးသားအာဟာရ(ရသစာများ)
Sunday, May 27, 2012
ကမ္ဘာလောကကြီး သာယာစေချင်လျှင်--
ကမ္ဘာလောကကြီးသာယာစေချင်လျှင်
သင့်မျက်နှာကို အရင်ဆုံးပြုံးထားလိုက်ပါ
တစ်နေ့က
ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီ စီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက
ဒရိုင်ဘာကိုပြောသည်။
``ကျေးဇူးပါပဲဗျာ
၊ ခင်ဗျားကားမောင်းပုံ သိပ်ကောင်းတာပဲ--``
တက္ကစီဒရိုင်ဘာက
ရုတ်တရက် ကြောင်သွားသည်။ ပြီးတော့မှ---
``ဘာလဲဗျ နောက်တာလား--``ဟု ပြန်ပြောသည်။
``မဟုတ်ဘူးဗျ မနောက်ပါဘူး ၊ ကျွန်တော်တကယ်ပြောတာပါ ၊ ကားတွေ
ရှုတ်ရှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျာ တည်တည်ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ ``
``အင်းလေ
--`` ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
``နေစမ်းပါဦးဗျ ခင်ဗျားဘာလုပ်တာလဲ `` ကိုယ့်ချည်းရှိတော့မှ ကျွန်တော်မေးမိသည်။
``နယူးယောက်
မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားလာအောင် ဖြန့်ဝေပေးနေတာဗျ ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲရှိတယ်`` မိတ်ဆွေက ဆိုသည်။
``ခင်ဗျားတစ်ယောက်တည်း
ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာကယ်တင်နိုင်ပါ့မလဲဗျ--``
``တစ်ယောက်တည်း
မဟုတ်ဘူးလေဗျာ ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့တစ်ယောက်တည်း တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားလိမ့်မယ်လို့
ကျွန်တော်ယုံကြည်တယ် ၊ တကယ်လို့ ဒီနေ့မှာ သူနောက်ထပ် ခရီးသည် ၂၀ မောင်းပို့ရမယ် ဆိုပါတော့
၊ သူ့အပေါ် ကျွန်တော် တစ်ယောက်ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် အဲဒီလူ ၂၀
အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ --အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့နဲ့
ဆက်ဆံရတဲ့အလုပ်ရှင်တွေ ၊ အလုပ်သမားတွေ ၊ ဆိုင်ရှင်တွေ ၊ စားပွဲထိုးတွေ ကို ပျူပျူငှာငှာ
ဆက်ဆံမယ် ၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ် ၊ ဆိုရင် ဒီတစ်ဦးအပေါ်တစ်ဦး
ချစ်ကြည်ရင်းနှီးမှု ဟာ အနည်းဆုံး လူတစ်ထောင်လောက်ဆီ အထိ ပျံ့နှံ့ သွားလိမ့်မယ်ဗျ ၊
အဲဒါဆို ဘယ်ဆိုးမလဲ မဟုတ်ဘူးလား--``
``ဒါပေမယ်
့ ခင်ဗျားရဲ့ ချစ်ကြည်ရေး စိတ်ဓါတ်ကြီး ပြန့်ပွားဖို့အတွက် က အဲဒီတက္ကစီဒရိုင်ဘာ အပေါ်မှာ
လုံးလုံးလျားလျား မူတည်မနေပေဘူးလား ဗျာ-``
``ဟာ--- ဘယ်ဟုတ်မလဲ ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော်
ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ ၊ သေချာအောင် လုပ်ရမှာပေါ့ ၊ ကျွန်တော် ဒီနေ့
လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကြက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ် ၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကိုပြန့်ပွားသွားရင်
လူ သုံးထောင်မှာ စိတ်သဘောကောင်းတွေ ဝင်သွားမယ်``
``စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း
ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး``
``မဖြစ်တော့လည်း
ဘာနစ်နာသွားတာ မှတ်လို့ဗျာ ၊ လူတစ်ယောက် ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာ လို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း
ဘာအချိန်မှ ကုန်မသွားပါဘူး ၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလဲမလိုဘူး ၊ လျော့ပေးစရာလဲ
မလိုဘူး ၊ ကိုယ့်စကား သူ့ရင်ထဲ ဝင်မသွားတော့လဲ ဘာဖြစ်လဲ ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့
တွေ့တော့ သူ ဝမ်းသာ သွားအောင် စိတ်ချမ်းသာ ကြည်နူးသွားအောင် ထပ်ပြောရုံပဲ``
``အင်း ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ကိုး ``ကျွန်တော် မှတ်ချက်ချမိသည်။
``ဟာ အဲဒါပဲ
ခင်ဗျား နှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ် ၊ ကျွန်တော် ဒီကိစ္စအတော်
လေ့လာထားပြီးပြီ ၊ ကျွန်တော်တို့ စာပို့ဋ္ဌာန ဝန်ထမ်းတွေပဲ ဆိုပါစို့ ၊ သူတို့မှာ ဘာလိုအပ်နေလဲ
ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ ၊ ဟုတ်လား
၊ သူတို့ အသိအမှတ်ပြုမခံရဘူးဗျ ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ်လို့ မပြောကြဘူး``
၊ သူတို့ အသိအမှတ်ပြုမခံရဘူးဗျ ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ်လို့ မပြောကြဘူး``
``ဟ--- ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြပဲဗျ--``
``ခင်ဗျားပြောတာ
မှန်တယ် ဒါပေမယ့် သူတို့စိတ်ထဲမှာ ငါတို့ကောင်းကောင်းလုပ်လုပ် မလုပ်လုပ်အကြောင်းမထူးဘူး။ ဘယ်သူမှလည်းအရေးမစိုက်ဘူး၊
ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား
ပြောမပေးသင့်ဘူးလားဗျ``
စကားပြောရင်းလျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦးတစ်ခု အနီးသို့ေ၇ာက်လာသည်။
အဲသည်မှာ အလုပ်သမား ငါးယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး
စကားပြောသည်။
``ခင်ဗျားတို့ အဆောက်အဦးကြည့်ရတာ အရမ်းသားနားတယ်ဗျာ-- အတော်ခက်ခက်ခဲခဲ
လုပ်ရမှာပဲ အန္တရာယ်လည်း များမယ့်ပုံပဲ``
အလုပ်သမားများ
ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။ `
``ဘယ်တော့
ပြီးမလဲဗျ``
မိတ်ဆွေက
ဆက်မေးပြန်သည်။
``ဇွန်လ``တစ်ယောက်က
တိုတိုပြတ်ပြတ်ဖြေသည်။
``ဟာ
ဟုတ်လား ကောင်းတယ်ဗျာ ၊ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ``
ကျွန်တော်တို့
ထွက်လာခဲ့သည်။ ``အင်း ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့
ရှာမှ ရှားပဲဗျို့`` ကျွန်တော် သြဘာပေးမိသည်။
သူက
အေးအေးဆေးဆေး။
``ရုတ်တရက်တော့
တစ်မျိုးပေါ့ဗျာ ဒါပေမယ့် ကျွန်တော့် စကားတွေ
တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်မယ် ၊ အဲဒီအခါကျ ဝမ်းသာကြ၊ စိတ်ကြည်နူးကြမှာပေါ့ ၊သူတို့
စိတ်ချမ်းသာရင် အဲဒီအကျိုးဆက်ကို ဒီမြို့ထဲက အခြားလူတွေလည်း ခံစားရလိမ့်မယ်``
``ဒါပေမယ့် ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံတော့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူး
ဗျာ`` ကျွန်တော်က ညင်းနေသည်။
``ဘယ်ဟုတ်မလဲဗျ ဒီကိစ္စမှာ အရေးကြီးဆုံး အချက်က အားမလျှော့ဖို့ပဲ
၊ မြို့ကြီး တစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ အလွယ်တကူတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်တော့
စစ်ဆင်ရေးထဲမှာ အခြားသူတွေရော ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်---``
``ကြည့်စမ်း ဟေ့လူ ခင်ဗျား
ခုနက အရုပ်ဆိုးဆိုး မိန်းမတစ်ယောက်ကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား`` ကျွန်တော်က ကြားဖြတ်မေးသည်။
``ဟုတ်တယ်လေဗျာ
ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ၊ ကျွန်တော်က မျက်စပြစ်ပြလိုက်တော့ သူ့ကိုလဲ သဘောကျတဲ့လူရှိသေးတာပဲ
တွေးပြီး ကြည်နူးသွားမယ်။ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုရင် အတန်းထဲက ကလေးတွေအဖို့
ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့ ``တဲ့။
ကျွန်တော့်
မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေသည်။
မူရင်း။ ။Art Buchward ၏ Love And The Cabbie
ဖေမြင့်--နှလုံးသားအာဟာရ(ရသစာများ)
Friday, May 25, 2012
ဘာတွေပဲဖြစ်နေနေ
ဘာတွေပဲဖြစ်နေနေ ၊ အဖေလာမယ်
စိတ်ချ
၁၉၈၉
ခုနှစ်တွင် အာမေးနီးယားပြည်နယ်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျှင်ကြီးတစ်ခု
ဖြစ်ပေါ်သည်။ တိုက်တာအိမ်ယာတွေ မြေကြီးမှာ ပြားပြား ဝတ်သွားပြီး ၄ မိနစ်ပင် မပြည့်သည့်အချိန်
အတောအတွင်း လူပေါင်း သုံးသောင်းကျော် သေဆုံးခဲ့ရသည်။
အပျက်အစီးတွေ
ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူ့သားရှိနေမည့်
စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီ ရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။
ရုတ်တရက်
သူ့ရင်ထဲ ဆို့နင့်ကာ ကယောက်ချောက်ခြား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့်
ကတိစကားကို ပြန်၍ သတိရသည်။
``ဘယ်ကိစ္စမျိုး
ကြုံကြုံ သား ဘာမှ မစိုးရိမ်နဲ့ ၊အဖေ အရောက်လာမယ် စိတ်ချ--``ဆိုသောစကား။
သူ့မျက်လုံးအစုံထဲမှာ
မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်း ရှိခဲ့သောနေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။
ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော် သားထံပေးထားသည့်
ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။
စိတ်ကို
တည်ငြိမ်အောင် ကြိုးစားထိမ်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်
၏စာသင်ခန်းရှိရာနေရာ ကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်း
နောက်ဘက်ခြမ်းမှာ။
သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပုံတွေကို စတင်တူးဆွ ဖယ်ရှားခြင်းပြုလေသည်။
သူဖယ်ရှားနေဆဲ
တခြားမိဘတွေပါ ရောက်လာကြသည်။
``ငါ့သားလေး သေပါပြီ`` ``အောင်မလေး ငါ့သမီးလေး မရှိတော့ပါဘူး`` စသည်ဖြင့် သောကမီး ပရိဒေဝမီးတွေ
တောက်လောင်ကာ ငိုကြွေးကြ မည်တန်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် အချို့မိဘများက တော့
( သွေးရူးသွေးတန်း လုပ်ကိုနေဟန်ရှိသော ) သူ့အား ဂရုဏာသက်ကာ ကျောင်းပျက် အုပ်ကျိုးပုံမှ
ဖျောင်းဖျ ခေါ်ယူကြသည်။
``မရတော့
ပါဘူးဗျာ---``
``ဘယ်သူမှ
အသက်မရှိတော့ပါဘူး ဗျာ--``
``အဲဒီလို
လုပ်နေလို့ အကျိုးမထူးတော့ပါဘူး ၊ အိမ်သာ ပြန်ပါဗျာ--``
``စိတ်ထိမ်းမှပေါ့
ခင်ဗျား မြင်တဲ့အတိုင်းပဲ ဘာလုပ်လို့ ရဦးမှာလဲ--``စသည်ဖြင့်ပြောကြသည်။
တချို့ကဆိုလျှင် ``ဟေ့လူ--- တော်ပါတော့ဗျာ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်
``ဟု အပြစ်တင်ကြသည်။ သည်လိုလာပြောသည့်မိဘတိုင်းကို သူက စကားတစ်ခွန်းပဲပြန်ပြောသည်။
``ဒီမှာ--- ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ဝင်ကူမလား ၊ မကူဘူးလား
၊ ဒါပဲပြောဗျာ--`` ဟူ၍။ သည့်နောက် အဲသည်လူတွေကို လျစ်လျှူရှု့ကာ သူ့သားကို ဖော်ထုတ်နိုင်ဘို့ပဲ
သူဆက်လုပ်သည်။ အုတ် ၊ အင်္ဂတေ ၊ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ခြင်းကောက်ယူဖယ်ရှားသည်။
သည်အချိန်
မီးသတ်အရာရှိရောက်လာပြီး သူ့ကို ဆွဲထုတ်ဖို့ကြိုးစားသည်။
``မီးတွေလောင်နေပြီ ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ် ၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ် ၊ ကျွန်တော်တို့လုပ်ပါ့မယ်
၊ ကိုယ့်အိမ်ကိုပြန်ပါ--``
ဟုဆိုသည်။
သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ ---
``ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ဝင်ကူမလား ၊ မကူဘူးလား ၊ ဒါပဲပြောဗျာ--``ဟုပဲ
ပြန်ပြောသည်။
ရဲကလည်းရောက်လာသည်။
``ခင်ဗျား သွေးရှုးသွေးတန်းတွေလျှောက်လုပ်မနေနဲ့ ခင်ဗျားကြောင့်
အခြားလူတွေမှာ အန္တရာယ် ရှိမယ် အိမ်ပြန်ပါ-- ကျွန်တော်တို့လုပ်ပါ့မယ်``
ရဲကိုလည်း
ခင်ဗျား ကျွန်တော့ကို ကူညီမှာလား ပဲပြန်မေးသည်။
မည်သူကမျှ
မကူညီ။
သို့သော်
ကိစ္စမရှိ။ သူ့ဖာသာ တစ်ယောက်တည်း ဇွဲနဘဲကြီးစွာ တူးဖော်သည်။
သူ့မှာအရေးကြီး နေတာ တစ်ခုပဲရှိသည်။
``ငါ့သားလေး သေပြီလား ၊ အသက်ရှင်နေသေးလား `` သေချာဖို့ လိုသည်။ မျက်မြင်ဒိဋ္ဌ
တွေ့ရဖို့လိုသည်။
သူတစ်ယောက်တည်း
အုတ်ကျိုးအုတ်ပဲ့ ပုံကို ဖယ်ရှားသည်။ ၈ နာရီကြာပြီ ၊ --- ၁၂ နာရီ ၊ --- ၂၄ နာရီ ၊ ၃၆ နာရီ---- ၊ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ် အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီး
သည့်နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူ အသံကုန် အော်ခေါ်လိုက်သည်။
``အာမန်း
-----``
ပြန်အော်သံကြားရသည်။
``ဖေဖေ ဖေဖေလား
သားပါဖေဖေရ ၊ သူငယ်ချင်းတွေလည်းပြောထားတယ် ဘာမှမကြောက်ကြနဲ့ ငါ့အဖေ မသေသေးရင်
ငါ့ကိုသေချာပေါက် လာကယ်မှာ ငါလွတ်ရင် မင်းတို့လည်းလွတ်မယ်လို့
-- ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား ``ဘယ်ကိစ္စမျိုးကြုံကြုံ
သားမစိုးရိမ်နဲ့ အဖေရောက်လာမယ် စိတ်ချ `` ဆိုတာလေ အခု အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့--``
``အဲဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲသား `` အဖေက မေးသည်။
``သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲကျန်တယ် ဖေဖေ ၊ သားတို့ကြောက်လည်းကြောက်တယ်
ဆာလည်းဆာတယ် ၊ ရေလည်းငတ်တယ် ၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ ၊ ကျောင်းကြီးပြိုကျတော့
သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့် မပိပဲကျန်နေတယ် ၊ အဲဒါကြောင့်
သားတို့မသေတာ--``
``ကဲ ထွက်ခဲ့တော့ 
သားရေ--``
``နေဦးဖေဖေရ ၊ တခြားလူတွေ အရင်ထွက်ပါစေ ၊ သားမှာက ဖေဖေရှိနေတာပဲ
၊ ဘယ်လိုကိစ္စမျိုးကြုံကြုံ သားကစိတ်မပူဘူး ၊ ဖေဖေလာကယ်မယ်ဆိုတာ သားက သိထားတယ် ``
မူရင်း။ ။ Mark V.Hansen ၏ Are You Going To Help Me
?
ဖေမြင့်--
နှလုံးသားအာဟာရ(ရသစာများ)
Subscribe to:
Posts (Atom)