ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 25, 2012

ဘာတွေပဲဖြစ်နေနေ




ဘာတွေပဲဖြစ်နေနေ ၊ အဖေလာမယ် စိတ်ချ

၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်နယ်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျှင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ယာတွေ မြေကြီးမှာ ပြားပြား ဝတ်သွားပြီး ၄ မိနစ်ပင် မပြည့်သည့်အချိန် အတောအတွင်း လူပေါင်း သုံးသောင်းကျော် သေဆုံးခဲ့ရသည်။

အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီ ရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။

ရုတ်တရက် သူ့ရင်ထဲ ဆို့နင့်ကာ ကယောက်ချောက်ခြား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့် ကတိစကားကို ပြန်၍ သတိရသည်။ 

``ဘယ်ကိစ္စမျိုး ကြုံကြုံ သား ဘာမှ မစိုးရိမ်နဲ့ ၊အဖေ အရောက်လာမယ် စိတ်ချ--``ဆိုသောစကား။

သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်း ရှိခဲ့သောနေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော် သားထံပေးထားသည့် ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။ 

စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိမ်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ် ၏စာသင်ခန်းရှိရာနေရာ ကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်း နောက်ဘက်ခြမ်းမှာ။

သည်နေရာသို့  သူပြေးသွားသည်။ ပြီး   အုတ်ကျိုးအုတ်ပုံတွေကို   စတင်တူးဆွ ဖယ်ရှားခြင်းပြုလေသည်။

သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ 

``ငါ့သားလေး  သေပါပြီ`` ``အောင်မလေး  ငါ့သမီးလေး မရှိတော့ပါဘူး`` စသည်ဖြင့် သောကမီး ပရိဒေဝမီးတွေ တောက်လောင်ကာ ငိုကြွေးကြ မည်တန်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် အချို့မိဘများက တော့ ( သွေးရူးသွေးတန်း လုပ်ကိုနေဟန်ရှိသော ) သူ့အား ဂရုဏာသက်ကာ ကျောင်းပျက် အုပ်ကျိုးပုံမှ ဖျောင်းဖျ ခေါ်ယူကြသည်။ 

``မရတော့ ပါဘူးဗျာ---``

``ဘယ်သူမှ အသက်မရှိတော့ပါဘူး  ဗျာ--``

``အဲဒီလို လုပ်နေလို့ အကျိုးမထူးတော့ပါဘူး ၊ အိမ်သာ ပြန်ပါဗျာ--``

``စိတ်ထိမ်းမှပေါ့ ခင်ဗျား မြင်တဲ့အတိုင်းပဲ ဘာလုပ်လို့ ရဦးမှာလဲ--``စသည်ဖြင့်ပြောကြသည်။

တချို့ကဆိုလျှင်  ``ဟေ့လူ--- တော်ပါတော့ဗျာ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ် ``ဟု အပြစ်တင်ကြသည်။ သည်လိုလာပြောသည့်မိဘတိုင်းကို သူက စကားတစ်ခွန်းပဲပြန်ပြောသည်။ 

``ဒီမှာ---  ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ဝင်ကူမလား ၊ မကူဘူးလား ၊ ဒါပဲပြောဗျာ--`` ဟူ၍။ သည့်နောက် အဲသည်လူတွေကို လျစ်လျှူရှု့ကာ သူ့သားကို ဖော်ထုတ်နိုင်ဘို့ပဲ သူဆက်လုပ်သည်။ အုတ် ၊ အင်္ဂတေ ၊ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ခြင်းကောက်ယူဖယ်ရှားသည်။

သည်အချိန် မီးသတ်အရာရှိရောက်လာပြီး သူ့ကို ဆွဲထုတ်ဖို့ကြိုးစားသည်။

``မီးတွေလောင်နေပြီ  ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ် ၊  ခင်ဗျားအတွက် အန္တရာယ်ရှိတယ် ၊ ကျွန်တော်တို့လုပ်ပါ့မယ် ၊ ကိုယ့်အိမ်ကိုပြန်ပါ--``

ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ ---  ``ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ဝင်ကူမလား ၊ မကူဘူးလား ၊ ဒါပဲပြောဗျာ--``ဟုပဲ ပြန်ပြောသည်။ 

ရဲကလည်းရောက်လာသည်။

``ခင်ဗျား  သွေးရှုးသွေးတန်းတွေလျှောက်လုပ်မနေနဲ့ ခင်ဗျားကြောင့် အခြားလူတွေမှာ အန္တရာယ် ရှိမယ် အိမ်ပြန်ပါ-- ကျွန်တော်တို့လုပ်ပါ့မယ်``

ရဲကိုလည်း ခင်ဗျား ကျွန်တော့ကို ကူညီမှာလား ပဲပြန်မေးသည်။ 

မည်သူကမျှ မကူညီ။

သို့သော် ကိစ္စမရှိ။ သူ့ဖာသာ တစ်ယောက်တည်း ဇွဲနဘဲကြီးစွာ တူးဖော်သည်။ 

သူ့မှာအရေးကြီး နေတာ တစ်ခုပဲရှိသည်။ ``ငါ့သားလေး  သေပြီလား  ၊ အသက်ရှင်နေသေးလား `` သေချာဖို့ လိုသည်။ မျက်မြင်ဒိဋ္ဌ တွေ့ရဖို့လိုသည်။ 

သူတစ်ယောက်တည်း အုတ်ကျိုးအုတ်ပဲ့ ပုံကို ဖယ်ရှားသည်။ ၈ နာရီကြာပြီ ၊ --- ၁၂ နာရီ ၊ --- ၂၄ နာရီ ၊  ၃၆ နာရီ---- ၊ အဲသည်နောက်   ၃၈ နာရီမြောက်၌  အုတ် အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီး သည့်နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။

ချက်ချင်းပင်  သားနာမည်ကို သူ အသံကုန် အော်ခေါ်လိုက်သည်။

``အာမန်း -----``

ပြန်အော်သံကြားရသည်။

``ဖေဖေ   ဖေဖေလား   သားပါဖေဖေရ ၊ သူငယ်ချင်းတွေလည်းပြောထားတယ် ဘာမှမကြောက်ကြနဲ့ ငါ့အဖေ မသေသေးရင် ငါ့ကိုသေချာပေါက် လာကယ်မှာ  ငါလွတ်ရင် မင်းတို့လည်းလွတ်မယ်လို့ --  ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား ``ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့ အဖေရောက်လာမယ် စိတ်ချ `` ဆိုတာလေ အခု အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့--``

``အဲဒီအောက်ထဲမှာ  ဘယ်လိုအခြေအနေရှိလဲသား `` အဖေက မေးသည်။

``သားတို့  ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲကျန်တယ် ဖေဖေ ၊ သားတို့ကြောက်လည်းကြောက်တယ် ဆာလည်းဆာတယ် ၊ ရေလည်းငတ်တယ် ၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့် မပိပဲကျန်နေတယ် ၊ အဲဒါကြောင့် သားတို့မသေတာ--``

``ကဲ  ထွက်ခဲ့တော့   သားရေ--``

``နေဦးဖေဖေရ  ၊ တခြားလူတွေ အရင်ထွက်ပါစေ ၊ သားမှာက ဖေဖေရှိနေတာပဲ ၊ ဘယ်လိုကိစ္စမျိုးကြုံကြုံ သားကစိတ်မပူဘူး ၊ ဖေဖေလာကယ်မယ်ဆိုတာ သားက သိထားတယ် ``



မူရင်း။     ။ Mark V.Hansen ၏ Are You Going To Help Me ?
ဖေမြင့်-- နှလုံးသားအာဟာရ(ရသစာများ)


1 comment:

  1. ရင်နင့် စေတဲ့ ဇာတ်လမ်းလေး တစ်ခုပါပဲ။ မိခင် နဲ့ ဖခင် မှာ အမြဲတန်း မိခင်မေတ္တာဖော်ညွှန်းဇာတ်လမ်း တွေ အများစုတွေ့ရတတ်ပါတယ်။ ရှားပါး ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။

    ReplyDelete