ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, May 28, 2012

အမေနှင့် အမေ့အကြောင်း


အမေ နှင့် အမေအကြောင်း

            ကျွန်တော်ငယ်ငယ်က အရမ်းချူချာသည်။ မွေးကင်းစ ကိုယ်အလေးချိန်နှင့် ရောဂါအလေးချိန် ဆတူပေါင်းစပ်မွေးထားသလားထင်ရသည်။ မွေးသည့်နေရာဌာန နှင့် မွေးရပ်မြေဇာတိကလည်း တောရွာလေး တစ်ရွာ။ အလွန်ခေါင်သည် ။ ဆရာဝန်မရှိ ဆေးမှုးမရှိ ယုတ်စွအဆုံးမြန်မာ ဗိန္ဒောဆရာပင်မရှိသောနေရာ။ ကျမ္မာရေးနှင့်ပတ်သတ်ရု်  နယ်လှည့်ဆေးကုသနေသော ဒေါက်တာရမ်းကုတို့၏ စားကျက်မြေ။

            သို့သော် အမေ၏ မေတ္တာတရားသည် ကျွန်တော့်အတွက် အသက်ကယ်ဆေးဖြစ်သည်။ အမေသည်စာလုံးဝမတတ်။ စာဆိုရု် ``မတင်`` ဟူသော သူမ၏နာမည်ကိုသာ ကြိုးကြိုးစားစား ရေးတတ်အောင်သင်ထားရသည်။ အမေ့လက်ရေးကို အမေ့မှတ်ပုံတင်ထက်တွင် တစ်ကြိမ်သာ ရေးထိုးဖူးမည် ထင်ပါသည်။ ထိုအမေသည် သား၏ကျမ္မာရေးအတွက် ဆရာဝန်တစ်ယောက်ကဲ့သို့ စုံစီနဖာ ရှာရှာဖွေဖွေ မေးမြန်းစပ်ဟပ်ရု်  ကုသပေးသည်။

              သို့သော် ကျွန်တော့ဋ္ဌ်ဖြစ်သောရောဂါသည် ထိုခေတ်အခါက နာမည်ကြီးကလေးရောဂါဖြစ်သည်။ ဖြစ်လျှင်သေမင်းက ၉၀ ရာခိုင်နှုံးပိုင်ရု် ကံကြမ္မာက ၁၀ ရာခိုင်နှုံးသာ ပိုင်သည်။ အမေသည် ထို ဆယ်ရာခိုင်နှုံးကို မလွတ်တန်းဆုတ်ကိုင်ပြီး မိခင်မေတ္တာဖြင့် မလျှော့တမ်းဆုတ်ကိုင်ခဲ့သည်။ ထိုစဉ်က အမေ မငိုခဲ့ဘူးသော နေ့ရက်တို့သည် မရှိခဲ့။

             အမေသည် ဆေးမြီးတိုဖြင့်မရတော့မှန်းသိသဖြင့်  ဆေးဆရာရှိသည်ဆိုသောနေရာတို့ကို နီးနီး ဝေးဝေး ကျွန်တော့်ကို ရင်ခွင်ပိုက်ကာ သွားရောက်ခဲ့သည်။ နေပူသည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ ခိုက်ခိုက်တုန်အောင်ချမ်းအေးသောအခါပင်ဖြစ်စေ မှောင်မိုက်သောညအခါပင်ဖြစ်စေ  ကုသနိုင်သော ဆရာရှိသည်ဟုသတင်းကြားလျှင် ထိုနေရာသို့ရောက်အောင်သွားလေသည်။ အမေ့ကို မည်သည့်အရာကမှ မဟန့်တားနိုင်ပါ။

              အဖေ အပါအဝင် ပတ်ဝန်းကျင်အားလုံးက အမေ့ကိုသနားရု်  လက်လျှော့လိုက်ပါတော့ ဟု ဝိုင်းဝန်းဖြောင်းဖျကြသည်။ အမေ လက်မလျှော့ခဲ့။ သတ္တဝါတစ်ခု ကံတစ်ခုလို့ သဘောထားပါ မိတင်ရယ်  ဟု တရားချသည်။ အမေလက်မလျှော့ခဲ့။ မပဋာသည် သေဆုံးသောသားငယ်ကို မစွန့်ရက်ပဲ ရင်ဝယ်ပိုက်ကာ ရပ်ရွာစုံလှည့်ရု်  မသေသောဆေးကိုရှာဖွေနေသကဲ့သို့  --- အမေသည်လည်း သေလုမျောပါးဖြစ်နေသော ကျွန်တော့ကို ပွေ့ပိုက်ကာ ဆရာဝန်ရှိသောအရပ်မှန်သမျှ ရှာခဲ့လေသည်။ ထိုအချိန်က အမေစားသော အစားအစာတို့သည်  သားကိုကယ်တင်ရန်လိုအပ်သော ခွန်အားအတွက်သာ ဆိုလျှင်ယုံမှားဖွယ်မရှိပေ။ 

               အမေ၏ မေတ္တာ ဇွဲတို့ကို နတ်ကောင်းနတ်မြတ်တို့ ကြည့်မနေနိုင်တော့ပြီ ။ နယ်လှည့်ဆရာဝန် ကြီးတစ်ဦး မိမိတို့ရွာသို့ရောက်လာသည်။ ကျွန်တော့ဋ္ဌ် ဖြစ်သော ရောဂါကို ကောင်းစွာတတ်ကျွမ်းသော အထူးကုဆရာဝန် ပါမေက္ခကြီး။ စေတနာဆရာဝန်ကြီးဖြစ်သည်။ အမေသည် ကျွန်တော့ကို ဆရာဝန်ကြီး ၏ ရင်ခွင်ထဲသို့ ထည့်ရု်

       `` ဆရာကြီးရယ် ကျွန်မရဲ့သားလေးကို ကယ်ပေးပါ`` ဟု အကြိမ်ကြိမ်ပြောရု် ရှိခိုးတောင်းပန် လေသည်။  ဆရာကြီး၏စေတနာ မေတ္တာ ကျွမ်းကျင်မှု တို့ဖြင့် ကျွန်တော့ကို စမ်းသပ်ပြီး ---

         ``ကဲ    ကဲ   ငါ့ညီမ  နင့်သားကို  လုံးဝမသေစေရဘူး  ဆရာကြီးတာဝန်ယူတယ်  ဟုတ်ပြီလား`` 

        အမေ့အတွက်  ဘဝမှာ အချိုမြိန်ဆုံး အကြားချင်ဆုံးစကားကိုကြားခဲ့ရပြီ။ ထိုသို့သော မိခင်မေတ္တာကြောင့် ကျွန်တော်သည် ယခုထိအသင်ရှင်ခဲ့ပါသည်။ 

         အခုတော့အမေသည် ဇရာ၏ နှိပ်စက်မှုကြောင့်အိပ်ရာထက်တွင် လဲနေပေပြီ။ ဆေးရုံကြီးတွင် ရောဂါရှာဖွေရေးစက်များဖြင့် စုံစီစွာရှာဖွေခဲ့သော်လည်း ရောဂါတစ်စုံတစ်ရာမှ မရှိဟု ဆရာဝန်များက အံ့သြစွာ မှတ်ချက်ပေးသည်။ ဇရာ (အိုမင်းခြင်း)ကားဆေးမရှိပေ။ ရှာဖွေသုတေသနပြုဆဲ---

        ၄ - ၂ - ၂၀၁၂ (စနေနေ့) နေ့လည် ၁၁ နာရီ ၃၅ မိနစ်တွင် အမေ လောကကြီးနဲ့ မိသားစုကို ကျောခိုင်းထွက်ခွာသွားလေပြီ။ သွားနှင့်ပါအမေ----- ကျွန်တော်တို့လည်း တစ်နေ့တော့ အမေ့လို သွားကြရမှာပါပဲ။ ဒါက လူတိုင်းရဲ့ သဘာဝတရားမို့ သွားနှင့်ပါတော့အမေ  လို့သာ နှုတ်ဆက်ရင်း---

          `` အမေ   ကောင်းမွန် သော ဘုံဘဝသို့  ရောက်ပါစေလို့  ဆုတောင်းလိုက်ပါတယ်``

×××××××××××××××    ××××××××××××××××××   ××××××××××××××

  မင်္ဂလာ  နှင့်   အ-မင်္ဂလာ

       ကျွန်တော့အမေကို  အမေ၏ ဆန္ဒအရ ဆွေမျိုးများကို မစောင့်စေပဲ နေ့ခြင်းချပါသည်။ အဖေ့တုန်းကလဲ အလားတူပင်။ ပတ်ဝန်းကျင်ကတော့ ထုံးစံမဟုတ်ရု် အံ့သြကြသည်။ ဦးကျော်သူ၏ နာရေးကူညီမှု အသင်းကို ဖုန်းဆက်အကူအညီတောင်းသည်။ သေစာရင်း   သေဆုံးခြင်းမှတ်ပုံတင်   သင်္ချုင်းလက်မှတ် စသဖြင့်ပြည့်စုံအောင် လုပ်ပြီး ညနေ (၄)နာရီ နိဗ္ဗာန်ယဉ် လာမည်။ စောင့်နေဘို့ပြောရု်စောင့်နေကြသည်။ လမ်းထဲတွင် နေ့ချင်းချရု်  ထူးထူးဆန်းဆန်းလုပ်နေရသည့်ကြားထဲ နိဗ္ဗာန်ယဉ် ရောက်တော့ နိဗ္ဗာန်ယဉ်ပေါ်မှ သတို့သား သတို့သမီး ဝတ်စုံအပြည့်ဖြင့် ဆင်းလာသော ငယ်ရွယ်နုပျိုချောမောသော ကြင်စဦး ဇနီးမောင်နှံကြောင့် လူတွေပိုအံ့သြကုန်ကြသည်။ 

       ကျွန်တော်လည်းမသိပါ--

       သတို့သား   မောင်ဇင်မျိုးအောင်
       သတို့သမီး   မထက်ထက်ထွေး    တို့၏ မင်္ဂလာဦး

       သတို့သား  သတို့သမီးတို့က မင်္ဂလာဦး ကုသိုလ်လိုချင်ရု်  ကျွန်တော့မိခင်၏ နောက်ဆုံးခရီးကို သူတို့ လိုက်ပါပို့ဆောင် ကုသိုလ်ယူချင်ကြောင်း ခွင့်တောင်းသည်။  ဗီဒီယို၊ ဓါတ်ပုံမှတ်တမ်းများလည်း ရိုက်ကူးတင်ကြသည်။ ကျွန်တော်တို့လူမျိုးသည် အကြင်လင်မယားအဖြစ် အသိအမှတ်ပြု ဧည့်ခံပွဲကို မင်္ဂလာ အဖြစ်သတ်မှတ်ပြီး  လူ့လောကမှ ထွက်ခွာသွားသော သေဆုံးခြင်းကိုကား  အ-မင်္ဂလာအဖြစ်သတ်မှတ် ကြသည်။ ဗုဒ္ဓ ကား ထိုနှစ်ချက်လုံးကို  မင်္ဂလာ --  အ-မင်္ဂလာ စသဖြင့် အသိအမှတ်မပြုပေးပါ။ 

        လူငယ်လေးတွေက ထိုအယူအဆကြီးကို ရဲရဲကြီး တုန့်ပြန်ပြတာကို စိတ်ထဲတွင် အလွန်လေးစား ဂုဏ်ယူမိသည်။သူတို့ကိုယ်တိုင် အမေ၏ ရုပ်ကလပ်ကို ကားပေါ်တင်ပေးသည်။  မင်္ဂလာဝတ်စုံ များဖြင့် နိဗ္ဗာန်ယဉ်၏ ရှေ့ခေါင်းခန်းတွင် ထိုင်ကာ ကျွန်တော့မိခင်ကို လိုက်ပါ ပို့ဆောင်ပေးကြသည်။ အနာဂတ်တွင် မောင်ဇင်မျိုးအောင် မထက်ထက်ထွေးတို့ကဲ့သို့ လူ့ပတ်ဝန်းကျင်တွင် မှားယွင်းနေသော အယူအဆတို့ကို ရဲဝန့်စွာ စံပြ လုပ်ပြသော သူရဲကောင်းများ လိုအပ်ပါသည်။


        မောင်ဇင်မျိုးအောင် + မထက်ထက်ထွေး  တို့ ဇနီးမောင်နှံ အသက်ထက်ဆုံးအိုအောင်မင်းအောင် ပေါင်းသင်းကြရု် စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြင့် အစဉ်ပြည့်စုံကာ လိုရာဆန္ဒမှန်သမျှ ပြီးပြည့်စုံသော ဘဝကို အမြဲတန်းပိုင်ဆိုင်သော သာယာချမ်းမြေ့တဲ့မိသားစုလေး ဖြစ်ပ်ါစေ.-- ဟုဆုတောင်းပေးပါတယ်။
       
(ထိုသတင်းကို ပေါ်ပြူလာဂျာနယ်က သတင်းယူသွားသည်။ )
   မှတ်ချက်။    ။  ကိုလင်းဇော်ထက်တင်ထားသော လူမှုရေးသူရဲကောင်း ဇနီးမှောင်နှံ မှ ဈာပနသည် ကျွန်တော်၏ မိခင်ဈာပန ဖြစ်ပါသည်။

                          မိတ်ဆွေအားလုံးလည်း ဝိုင်းဝန်းဆုတောင်းပေးပါရန်မေတ္တာရပ်ခံပါသည်။

                                                                  ကိုစိုးနိုင်

No comments:

Post a Comment