ထိုအပြုံး
ပြင်သစ်စာရေးဆရာ
အန်တွိုင်း ဆန်တတ်ဇူပေရီ ၏ ``မင်းသားလေး`` (The Little Prince) ဝတ္ထုကို စာသမား တော်တော်များများ
သိကြပါသည်။ ကလေးများအတွက် နှစ်ချိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက်
အတွေးပွားစေသော စာအုပ်တစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့ လေးစား သိမှတ်ခဲ့ကြ ပါသည်။
``မင်းသားလေး``ကို
သိသော်လည်း ဆန်တတ်ဇူပေရီ၏ အခြားဝတ္ထုတို - ရှည် များကိုကား သိသူနည်းလှပါသည်။
ဆန်တတ်ဇူပေရီသည်
တိုက်လေယဉ်မှုးတစ်ယောက်ဖြစ်၍ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က
ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံ တစ်ရပ် ကို မူတည်၍ ``ထိုအပြုံး````The
Smile`` အမည်ရှိ ဝတ္ထုတစ်ပုဒ်ရေးခဲ့သည်။ ၎င်း ဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။
``ထိုအပြုံး``ကို သူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခု အနေဖြင့် ရေးသည်လား၊ ဝတ္ထုတစ်ပုဒ်အဖြစ်
ဖန်တီးခဲ့သည်လား ကျွန်တော် မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော် ယူဆခဲ့ပါသည်။
၎င်းစာ၌
ဆန်တတ်ဇူပေရီက-----
သူ့အား ရန်သူတို့ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း
၊ ဖမ်းဆီးချုပ်နှောင်သူ တို့၏ စက်ဆုပ်မုန်းတီးပုံရသော အကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း
ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အား သတ်မှာမုချ ဟု သူယူဆခဲ့ကြောင်း ရေးပါသည်။
သည့်နောက်
သူဆက်လက်ရေးသားပုံကို ကျွန်တော် မှတ်မိသလိုပြန်ပြောပြပါမည်။
×××××××
``ငါ့ကို
သတ်ကြတော့မှ မုချ ဟု ကျွန်တော်သိနေပြီ-- လူက အကြီးအကျယ် တုန်လှုက်ချောက်ချားကာ ခြေမကိုင်မိ
လက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက် တစ်လိပ်တလေများ သူတို့ရှာတုန်းက
မတွေ့ပဲ ကျန်ရစ်လေမည်လားဟု စမ်းကြည့်မိသည်။ ကံအားလျှော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေ
အကြီးအကျယ် တုံနေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍ မရချင် ။ ဆေးလိပ်ရပြန်တော့
မီးခြစ်က လိုလာပြန်သည်။ မီးခြစ်လည်း သူတို့ယူသွားသဖြင့် မရှိတော့။
ကျွန်တော့်အား
စောင့်ကြည့်နေသူကို သံတိုင်ကြားမှ နေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့် မျက်လုံးခြင်းမဆိုင်။
သေလူတစ်ယောက်နှင့် ဘယ်သူ မျက်လုံးခြင်း ဆိုင်ချင်မည်လဲ။
``မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ---``
ကျွန်တော်
လှမ်း၍ပြောလိုက်သည်။ သူ ကျွန်တော့်ကို လှမ်း၍ကြည့်လိုက်ပြီး
ပုခုံးတစ်ချက်တွန့်ကာ စီးကရက် မီးညှိပေးရန် ရောက်လာသည်။
သူ
အနားကပ်ပြီး မီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်
ကျွန်တော် မျက်နှာချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော်ပြုံးပြလိုက်သည်။ ဘာကြောင့်
ပြုံးပြမိသလဲ ကျွန်တော့်ဖာသာ မသိ။ ကျွန်တော် စိတ်ဂနာမညိမ် ဖြစ်နေတာကြောင့် လည်းဖြစ်နိုင်သည်။
ဒါမှမဟုတ် လူတစ်ယောက်နှင့်တစ်ယောက် နီးကပ်နေ သည့်အခါမျိုးမှာ ပြုံးမပြဘဲ မနေနိုင်တာလား
မပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့်
ကျွန်တော့နှလုံးသားကြား တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိဥာဉ် နှစ်ခုအကြား လျှက်စစ်ဝါယာနှစ်ခု
ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည် ဟုထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက
ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့အပြုံးက
သံတိုင်များကြားမှ နေ၍ သူ့ထံခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ် ၌လည်း အပြုံးတစ်ခုပေါ်လာသည်။
သူက ကျွန်တော့်စီးကရက်ကို မီးညှိပေးပြီးနောက် အနားမှ ခွာမသွားသေး ကျွန်တော့မျက်လုံးများကို
စူးစိုက်စွာပင် ကြည့်ကာ ပြုံး၍နေသည်။
``ကျွန်တော်လည်း
သူ့ကိုဆက်၍ ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယောက် မဟုတ်တော့။ သူ့ကို လူတစ်ယောက်အဖြစ်
ကျွန်တော်မြင်နေပြီ။ ကျွန်တော့်ကို သူကြည့်ရှု့ပုံ၌လည်း အဓိပ္ပာယ် သစ်တွေပါလာပြီ။
``ခင်ဗျားမှာ သားသမီးတွေရှိလား``` သူကမေးသည်။
``ရှိပါတယ်ခင်ဗျ ဟောဒီမှာ--
ဟောဒီမှာ-``
ကျွန်တော်
ပြာပြာသလဲ ပိုက်ဆံအိပ်ကို ဖွင့်ကာ ကျွန်တော့ မိသားစု ဓါတ်ပုံကို ထုတ်ယူပြီး သူ့အား
ပြသည်။ သူလည်း သူ့ကလေးများ ဓါတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့် ပါတ်သတ်သည့် သူ့အစီစဉ်များ
စိတ်ကူးများ၊ သူတို့အတွက်မျှော်မှန်းထားသည်များကို ပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့မျက်လုံးထဲမှာ
မျက်ရည်တွေအိုင်လာသည်။ ကျွန်တော့မိသားစုကို ကျွန်တော် မတွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်လှကြောင်း
သည်ကလေးတွေ ကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့်မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ
ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေ နားထောင်ရင်း သူ့မျက်လုံးများမှာလည်း မျက်ရည်စတွေရစ်ဝဲလာသည်။
သည့်နောက်မူ
ဘာတစ်ခွန်းတစ်စမျှ မပြောပဲ သူက ရုတ်တရက် ကျွန်တော့အချုပ်ခန်းတံခါးသော့ကို ဖွင့်ကာ ကျွန်တော့ကို
အပြင်ထုတ်သည်။ အချုပ်ထောင်အပြင်ဘက် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများ အကြားတိတ်ဆိတ်စွာပင်
ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့ကို လွှတ်ပေးလိုက်သည်။ ထို့နောက်
နှုတ်ဆက်စကားတွေ ဘာတွေ ပြောမနေတော့ဘဲ မျြိ့ဘက်ဆီ သူလှည့်ပြန်သွားသည်။ `
``ကျွန်တော့်
အသက်ကို အပြုံးတစ်ခုက ကယ်တင်လိုက်ခြင်းပေတည်း``
မှန်သည်။
ဟန်ဆောင်မှုကင်းသော ကြိုတင်ကြံစည်ရည်ရွယ်ချက်မပါသော ပင်ကိုယ်သဘာဝ အပြုံး သို့မဟုတ် လူနှစ်ဦးအကြား
အရိုးသား အပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။
××××××××××××
ဆန်တတ်ဇူပေရီ၏
သည်ဝတ္ထုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွယ်ချက် ကတော့ ကျွန်တော်တို့တတွေမှာ
ဂုဏ်သိက္ခာတွေ ၊ ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးအဆင့်အတန်းတွေ ၊ ကိုယ့်ကို အများက ဘယ်လိုမြင်စေချင်သည်
ဟူသော ကိုယ်ပိုင်သတ်မှတ်ချက် တွေ၊ အလွှာလွှာအထပ်ထပ်ဖုံးကာ ကိုယ့်ကိုယ်ကို ကာကွယ်ထားကြသည်။
သို့သော် ဘာတွေ ဘယ်လိုဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ် အစစ်အမှန်က ရှိနေသည်ဆိုတာ
သိကြမြင်ကြစေလို၍ပဲဖြစ်သည်။
အဲသည်အတွင်းပိုင်း
အနက်အရှိုင်းထဲက အရာကို ဝိဥာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့ ကိုယ်တွင်းက အဲသည် ဝိဥာဉ်ဟု ကျွန်တော် အမည်ပေးလိုက်သော
အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူ
အစိပ်အပိုင်းတို့ အပြန်အလှန် သိကြွမ်းကြပြီဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ
ရန်သူတွေ မဖြစ်နိုင်ကြတော့။ တစ်ယောက်ကို တစ်ယောက် မမုန်းတီးနိုင်။ မနာလိုဝန်တို မဖြစ်နိုင်။
ကြောက်ရွံ့ထိတ်လန့် ခြင်းလည်း မဖြစ်နိုင်တော့။
ယခုတော့
ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ် ဖုံးကွယ်နေသည့်အတွက်
တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တတ်ဇူပေရီ၏ ဝတ္ထုက
ဝိဥာဉ် နှစ်ခု အပြန်အလှန်တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသောအခိုက်အတန့် လေးအကြောင်း
ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း
အဲသည်လို အခိုက်အတန့်လေး အချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခု ပြောရလျှင် တစ်စုံတစ်ယောက်ကို
ရုတ်တရက် ချစ်ကျွမ်းဝင်သွားခြင်းမျိုး ဆိုပါစို့။
နို့စို့အရွယ်
ကလေးငယ်များနှင့်တွေ့ရသည့်အခါ မျိုးမှာလည်း အလားတူဖြစ်မိတတ်သည်။ သည်လို ကလေးငယ်မျိုးကို
တွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးမိကြသလဲ။
အပေါ်ယံလွှာ
တစ်လွှာမျှ ကွယ်ထားခြင်းမရှိသူ တစ်ဦးကို တွေ့လိုက်မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု
အကင်းဆုံးအပြုံး ၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ်
ကျွန်တော်တို့ရင်ထဲ၇ှိ ငယ်ဝိဥာဉ်က ရွယ်တူအချင်းချင်း သိကြွမ်းခင်မင်ကာ နှစ်လိုအားရစွာ
ပြုံးလိုက်မိခြင်းလေလား။
မူရင်း။ ။Hanoch McCarty ၏ The Smile
ဖေမြင့်--
နှလုံးသားအာဟာရ(ရသစာများ)
No comments:
Post a Comment