စက်မှုဇုံ အလုပ်သမားဘဝ
၁၉၉၇
ခုနှစ်လောက်မှာ လှိုင်သာယာစက်မှုဇုံမှာ စက်ရုံတွေ
တစ်ရုံစ နှစ်ရုံစ စတင်ပြီး လည်ပတ်လာတယ်။ အဲဒီအချိန်တုန်းက အလုပ်သင် ဝန်ထမ်းတစ်ယောက်ရဲ့
တစ်နေ့လုပ်ခ ဒေးကြေးဟာ ၅၀ ကျပ်ပါ။ ကျွန်တော်လည်း အဲဒီတုန်းက တစ်နေ့ ၅၀ ကျပ်နဲ့ အလုပ်စဝင်ခဲ့ရပါတယ်။
ဒါပေမယ့် အဲဒီအချိန်တုန်းက ပေါ်ဆန်းမွှေး ဆန်ရှယ်တစ်ပြီကို ၄၅ ကျပ်ပဲရှိပါတယ်။ ဒီတော့
အနည်းဆုံးအလုပ်သင် အလုပ်သမားတစ်ယောက် ရဲ့ တစ်နေ့နေ့ကြေး ဟာ အကောင်းစားဆန်တစ်ပြည်တော့ဝယ်လို့ ရပါတယ်။
အခု ၂၀၁၂ ခုနှစ်မှာ အလားတူ အလုပ်သင် အလုပ်သမားတစ်ယောက်ရဲ့
အခြေခံဒေးကြေး ဟာ ၄၅၀ ကျပ် စပေးပါတယ်။ ၁၅ နှစ်အတွင်း ရှစ်ဆတတ်လာပါတယ်။ ကုန်ဈေးနှုန်းကတော့
ဆန်တစ်ပြည်ကို ၄၅ကျပ် ကနေ အခု ၁၈၀၀ ကျပ် လောက်ထိ
တတ်သွားတယ်။ အဆ လေးဆယ် တတ်သွားတယ်။ အခု အခြေခံအလုပ်သမားတစ်ယောက်၇ဲ့ ဒေးကြေးဟာ စားကွဲတစ်ပြည်
တောင် ဝယ်လို့ရတော့မယ်မထင်ဘူး။
ခုတစ်လော စက်မှုဇုံမှာ လစာနည်းလို့ ဆန္ဒပြကြတဲ့ရုံတွေ
များများလာတယ်။ ဆန်နီဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ YES အထည်ချုပ်၊ နဲ့ အခြားစက်ရုံတွေရောရှိကြသေးတယ်။ေ မလ
တစ်လထဲတင် ရုံ ၂၀ ဆန္ဒပြကြတယ်။ နှစ်စဉ်နှစ်တိုင်း မေလ ဟာဆန္ဒအပြဆုံးလဖြစ်ပါတယ်။ ဒါပေမယ့်
ဒီနှစ် ဆန္ဒပြတာကတော့ အရင်နှစ်တွေထက် နှစ်ဆကျော်များတယ်။ ဆန္ဒပြပြီး လစာတိုးတောင်းတာ ဟာ မတတ်သာလို့လုပ်ရတာပါ။
တကယ်တော့ကြိုဆိုအားပေးသင့်တဲ့ အရာတော့မဟုတ်ဘူး။ တကယ်ဆို ဆန္ဒပြစရာမလိုပဲကို အလုပ်သမားတွေ
လစာ အပြိုင်တိုးပေးပြီး ခေါ်နေရတဲ့ အနေထားမျိုး
ဖြစ်မယ်ဆိုရင် သိပ်ကောင်းမယ်။ စက်ရုံအသစ်တွေဖွင့် ကျွမ်းကျင်လုပ်သားတွေ သူ့ထက်ငါ
အပြိုင်လုခေါ်။ မသွားစေချင်ရင် လစာတွေ အခွင့်ရေးတွေတိုးပေး။ ဘယ်လောက်ကောင်းလိုက်မလဲ။
အခုလောလောဆယ်တော့ လေဘာရုံးမှာ အလုပ်သမားလက်မှတ်၊
အလုပ်သမားမှတ်ပုံတင် လုပ်ဖို့ တစ်နေ့တစ်နေ့ တန်းစီနေကြတာ ငါးရာကျော်သတဲ့။ ဇုံထဲမှာ
အလုပ်သမားလူသစ်ခေါ်တဲ့စက်ရုံက မရှိဘူး။ ဈေးကွက်စီးပွားရေးအရ အလုပ်သမားအရမ်းပေါပြီး အလုပ်အကိုင်အခွင့်အလမ်းရှားရင်
အလုပ်သမားဈေး ကကျရော။ ဒီတော့ အလုပ်၇ှင်တွေက ပုံမှန် ၆ လတစ်ကြိမ် တိုးပေးတာက လွဲရင်
ကြားဖြတ်တိုးပေးဖို့၊ ဒါမှမဟုတ် အခြေခံကြေးတိုးပေးဖို့ နှာစီးနေတယ်။ ဒီတော့ အလုပ်သမားတွေက
ဆန္ဒပြကြတယ်။ ဒီအခါ အချို့စက်ရုံတွေက ဆန္ဒ မပြစေချင်လို့ ဟိုကြေး ဒီကြေးခေါင်းစဉ်တပ်ပြီး တော့ တိုးပေးပြီး
မိအေး နှစ်ခါမနာ အောင် ပေးကြတယ်။ ကျွန်တော်တို့စက်ရုံဆိုရင် အရင် ရှားပါးစားရိတ် ၁၅၀၀၀
ပေးတယ်။ ခု ဟိုဟိုဒီဒီက အသံတွေကြားနေရတော့ နောက်ထပ် ရှားပါးစားရိတ် ၁၂၀၀၀ ထပ်တိုးပေးတယ်။
စုစုပေါင်း ၂၇၀၀၀ ပေါ့။ ဆန္ဒပြမှာစိုးလို့။ ဆန္ဒပြရင် တိုးလဲပေးရမယ်။ အလုပ်လဲပျက်မယ်။
မိအေးနှစ်ခါနာမယ်။ ခုလိုအလိုက်တသိ ပေးလိုက်တော့ ကိုယ်ပေးနိုင်တဲ့ အနေထားလဲပေးလို့ရမယ်။
အဲဒါအပြင် အိုဗာတိုင်ကိုလည်း နာရီ ၁၂၀ ကို စံအဖြစ်သတ်မှတ်ထားပြီး တကယ်လို့ အလုပ်ရှင်က
အိုဗာတိုင် နာရီ ၁၂၀ ပြည့်အောင် အလုပ်ရှာမပေးနိုင်ဘူး ဆိုရင် ကွာဟတဲ့နာရီရဲ့ တစ်ဝက်ကို
အလုပ်ရှင်က ဖြစ်ပေးတယ်။ ဥပမာ အိုဗာတိုင်နာရီ ၇၀ ရတယ်ဆိုပါတော့ ၁၂၀ ပြည့်ဘို့ ၅၀ နာရီလိုရာမှာ
အလုပ်ရှင်က ၂၅ နာရီ ကို သက်သက်ဖြည့်ပြီး ဝန်ထမ်းလစာ အရမ်းနည်းမသွား အောင် လုပ်ပေးတယ်။
အဓိက ကတော့ ဆန်ရှင်တွေမြန်မြန်ပယ်ဖျက်၊ အလုပ်အကိုင်အခွင့်အလန်းတွေ
မြန်မြန်ဝင်လာ။ နိုင်ငံတကာက ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပေးတဲ့ အခွင့်အရေးတွေ ဥပမာ ပို့ကုန်အခွန်ကင်းလွတ်ခွင့်မျိုးတွေ
ရရှိလာရင် အလုပ်သမားတွေ ဆန္ဒပြစရာကိုမလိုအောင် အဆင်ပြေလာမယ်ထင်ပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားဟာ
ရန်သူမဟုတ်ပါဘူး။ တကယ့်မိတ်ဖက်ဖြစ်နေရမှာပါ။ ရန်သူလို့တွေးတဲ့ အတွေးခေါ်မျိုးဟာ တော်တော် ခောတ်နောက်ကျကျန်ခဲ့တဲ့အတွေးမျိုးဖြစ်ပြီး
အလုပ်ရှင်တွေ ရဲ့ အခွင့်အလမ်းတွေကို အာဏာနဲ့
ဖိနှိပ်ပြီး အတင်းအကျပ် ဖိအားပေးရင် မြန်မာနိုင်ငံကို ဘယ်အလုပ်၇ှင်မှ ရင်းနှီးမြှုတ်နှံမှာမဟုတ်ပါဘူး။
အလုပ်ရှင်တွေ ရင်းနှီးမြှုတ်နှံမှုတွေ ဝင်မလာရင်
နည်းပညာနဲ့ အလုပ်သမားအခွင့်အလမ်းတွေလည်း ရှားသထက်ရှား ဆင်းရဲသထက်ဆင်းရဲကုန်ကြပြီး
မဆလ ခောတ်ဦးကို ပြန်ရောက်သွားနိုင်ပါတယ်။
အခု အလုပ်သမားရေးရာ
အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ (၂၀၁၂ ခုနှစ်) နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေများ ဥပဒေ စာအုပ်ထွက်လာပါတယ်။ အဲဒီမှာ ဆန္ဒပြစရာ မကျေနပ်ချက်တွေ
ရှိလာရင် အရင်လို အိမ်သာမှာ စာကပ၊် ချက်ချင်းဆန္ဒပြ၊ အလုပ်ရှင် ဘုမသိဘမသိ ၊ အိပ်စပို့တွေက
နီးတော့ ခေါင်းမီးတောက် အဲဒီလိုမျိုးမရတော့ဘူးလို့ အရာရှိတစ်ယောက်ကပြောပါတယ်။ ဦးစွာ စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ အလုပ်ရှင်ကိုယ်စားလှယ် အလုပ်သမားကိုယ်စားလှယ်တွေပါတဲ့ ဖြန်ဖြေရေး အဖွဲ့က
ဦးစွာ ညှိနှိုင်းရပါမယ်။ အချိန် ၃ ရက်ပေးထားပါတယ်။ မပြေလည်ရင် မြို့နယ် ညှိနှိုင်းရေးကော်မတီနဲ့
ဆက်ဖြေရှင်းရမယ်။ အဲဒါလည်း ၃ ရက်အချိန်ပေးပါတယ်။ အဆင်မပြေရင် တိုင်းခုံရုံးရဲ့ အဆုံးအဖြတ်ယူရမယ်။အချိန်
၇ ရက်ပေးပါတယ်။ ဒီအချိန်အတွင်းမှာ ပုံမှန်အလုပ်လုပ်နေရမှာဖြစ်ပြီး တိုင်းခုံရုံးဆုံးဖြတ်ချက်ကို လည်း
မကျေနပ်ဖူးဆိုပါမှ ဆန္ဒပြကြရမှာပါ။
အရင်က ဆန္ဒပြတဲ့နေရာမှာ အလုပ်သမားတွေရဲ့ လုပ်ခကို
အလုပ်မလုပ်ပဲဆန္ဒပြနေတဲ့အချိန်မှာ အပြည့်ပေးရပါတယ်။ မဖြတ်ရဘူး။ ဒီဥပဒေအသစ်မှာတော့
no work no pay တဲ့။ နောက်ပြီး အရင်ကဆို စက်ရုံတစ်ရုံဟာ လျော်ကြေးပေးနိုင်တယ်ဆိုတိုင်း
ပိတ်ခွင့်မပေးဘူး။ စစ်အစိုးရက စက်ရုံပိတ်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားပြီး
အစိုးရအကျပ်အတည်းဖြစ်မှာကို လက်မခံဘူး။ ခု ဒီမိုကရေစီ စနစ်ဆိုရော အိုကေ -- ဥပဒေအတိုင်းပေါ့။
``ကိုင်း အနာဂတ်
ငါတို့မြန်မာအလုပ်သမားတွေရဲ့ ကံကြမ္မာ အနည်းဆုံးပေးရမယ့် အခြေခံလစာ ဥပဒေ မြန်မြန်ထွက်ပါမှ ဒါမှမဟုတ်
ရင်းနှီးမြှုတ်နှံမှုတွေ မြန်မြန်ဝင်ပါမှ
အသက်ရှုချောင်မယ်လို့ ထင်ပါတယ်``
No comments:
Post a Comment