လျှောက်
အဲဒီညနေက
လျှောက်လာခဲ့တယ် ---
ဧရာဝတီမြစ်နဒီရဲ့ ကမ်းပေါ်က သစ်ပင်တန်းကို
ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့ပါလာတာကို သတိထားမိပါတယ်။ ပြီးတော့--
သူပြောတာကိုလည်း အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင်
ဆိုတော့ ပြောပုံက---
‘ သူ--- ’
‘ လျှောက်လာခဲ့တယ် ’ --- တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေ နဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်၊
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး ---
ဘယ်ဘယ်ကွေ့ရာက ညာကိုကောက်နဲ့---
သြော်--- ဘယ်ကိုများရောက်ပါလိမ့်၊ ရောက်မှာပါလိမ့်
--
လို့တွေးရင်း တွေးရင်း
‘ မရေမရာဇဝေဇ၀ါနဲ့ သွားရမည့် ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာ ခံစားလာရတယ်
’ တဲ့၊
အဲဒီတုန်းကလဲ သူ့ကို ပြောဖူးပါတယ်၊
‘ ဘယ်ရောက်လဲသိအောင် - ဆက်လျှောက် - ’ လို့
‘ ဆက်လျှောက်ကြည့်လိုက်ပါလား ’ ၊ --- လို့၊
ဧရာဝတီရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်
---
ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့
ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွား
တဲ့ သဲသောင်စပ်အတိုင်း
လျှောက်တယ်။
နင်းလျှောက်မိတဲ့ သဲကလေးတွေက နူးညံ့ပါတယ်
၊ ညက်ညောပါတယ်။ ပြန်တက်လာတဲ့ လှိုင်းကလေး
တွေနဲ့ ခြေအချနဲ့
ထိတွေ့တော့လဲ အေးမြပါတယ်။
လှိုင်းကလေးတွေလာပြီး ခက်ပေမယ့် သဲသောင်ယံက
ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ် တာကသိမ်မွေ့နေလို့
ဖြစ်ပါလိမ့်မယ်။
‘ ဒါပေမယ့် - သိတယ်ဟုတ်၊ ဘ၀ခရီးတစ်နေရာရာမှာ
- ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်
လာပြီဆိုရင်
-- အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ၊ ယုယုယယရှိတယလို့ထင်ရပေမယ့် -- ဘ၀တစ်ခု
လုံး ပြိုဆင်းကြေမွသွားနိုင်တယ်
--- ’ ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ်။ သူ့ကို ခတ်တဲ့လှိုင်းက သမုဒယလှိုင်း - - -
တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘလှိုင်းတွေ၊
ဒေါသအာဃာတလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ --- အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေ
ဖြစ်မှာပေါ့၊ ဖြစ်ချင်ဖြစ်မှာပေါ့၊ ---
လျှောက်ရင်းလျှောက်ရင်း နောက်ကိုအမှတ်မထင်
လှည့်ကြည့်လိုက်မိတယ် ---- ။
‘ ထိတ် ’ ခနဲဖြစ်သွားတယ်၊ ရင်ထဲမှာလှိုင်းတွေ
တဖျက်ဖျက် ခတ်နေသလို ခံစားလိုက်ရတာတော့
အမှန်ပဲ
---
လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှမရှိတော့ပါလား၊
လျှောက်ခဲ့တာအဝေးကြီး ---- အဝေးကြီး
လျှောက်လာခဲ့တာ
-- ’ ဆိုတဲ့အတွေးနဲ့ ‘ လျှောက်ခဲ့တဲ့ ငါ့ဘ၀ခရီးက အဝေးကြီး၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ
ငါ့အတွက်အမှတ်ထင်ထင်မည်မည်ရရဆိုလို့
ဘာမှလဲမရှိပါလား ’ ဆိုတဲ့အတွေးတွေ ပေါင်းဆုံလိုက်လို့ အထိတ်
တလန့်ဖြစ်သွားခဲ့တာ၊
ရင်ထဲမှာ လှိုင်းတွေခတ်နေသလို ခံစားလိုက်ရတာ --- ဟုတ်ပါတယ်၊ ပြန်လှည့်ပြီးတက်
လာတဲ့ ရေလှိုင်းတွေက
- လျှောက်နင်းခဲ့တဲ့ ကိုယ်ခြေရာတွေကို ပျောက်ပျောက်ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြ
တာကိုး။
ဒါပေမယ့် -
ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့
အထိတော့ရောက်တာပဲ၊ လျှောက်ရင်တော့ လျှောက်နိုင်သလောက် - ရောက်တာပါဘဲ၊ ဖိနပ်က အခုမှကိုယ့်ကို
တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိ
ထားမိတယ်။
ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးပြောရတယ်၊
ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း
ရပ်မနေနဲ့၊
တွေဝေမနေနဲ့၊ လျှောက်ရမည့်နေရာဆီကို “ လျှောက် --- ဆက်လျှောက် ’’ လို့။
ရှေ့ကို လှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့နေခြည်မှာ
ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို
မြစ်ကမ်းပေါ်မှာ
နှစ်လိုဖွယ်ရာဖူးတွေ့ နေရတာကို အမှတ်ရပါတယ်။
နန္ဒာသိန်းဇံ
*****************typing by*မောင်ကောင်းစည်သူ -ပဉ္စမတန်း
No comments:
Post a Comment