ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, May 21, 2012

ကောင်လေးနဲ့ခွေးလေး




ကောင်လေးနဲ့ခွေးလေး


          စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိပ်သည်။

          ``ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်``တဲ့။

          သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ရောက်လာသည်။

          ``ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ`` သူကမေးသည်။

          ``ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစား ရှိတယ်`` ဆိုင်ရှင်က ဖြေသည်။

          ကောင်လေးက သူ့အိပ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။ ``ကျွန်တော့မှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ရမလားခင်ဗျ``

          ဆိုင်ရှင်က ပြုံးသည်။ 

ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့် ခွေးမကြီးကို လေချွန်၍ ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီ၍လိုက်ပါလာသည်။ ပိစိကွေးလေးတွေ။ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေ ဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက ထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။

          ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည်။ 

          ``ဒီခွေးလေးက ဘာဖြစ်တာလဲဟင်``

          ခွေးကလေးမှာ မွေးကတည်းက တင်ပုဆုံအရိုးခွက် ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရိစ္ဆန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်က ရှင်းပြသည်။ 

          ကောင်လေး ပို၍ စိတ်ဝင်စားသွားသည်။

          ``ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ`` သူကဆိုသည်။

          ``ဟာ--- မဝယ်ပါနဲ့ကွ၊ မင်းတစ်ကယ်လိုချင်ရင် ငါပေးပါ့မယ်``

          သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာ မျိုးဖြင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။

          ``အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးလေးတွေ တန်းတူ တန်ဘိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊ ကျွန်တော်တန်းအပြည့်ပဲ ပေးမယ်၊ ဒါပေမယ့် ကျွန်တော့မှာ လောလောဆယ် ၂ဒေါ်လာနဲက ၃၇ ဆင့်ပဲပါတယ်၊ အခုအဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော် ဆပ်ပေးပါ့မယ်``

          သို့သော် စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။

`        ``မဝယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက ပြေးနိုင် လွှားနိုင်မှာမဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး``

          သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့်ပြောသည်။

          ``ကျွန်တော်လည်း ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ပါပီလေးခမျာမှာ သူ့ကို ကိုယ်ချင်းစာ မယ့်လူ တစ်ယောက်တော့ ရှိဖို့လိုမှာပေါ့ ``​တဲ့။

          ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္ထုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။


(မူရင်း။           ။Dan Clark ၏ Puppies for sale )
ဖေမြင့် (နှလုံးသားအဟာရ ရသစာများ)

No comments:

Post a Comment