ဆပ်ကပ်
လူကောင်းတစ်ယောက်ရဲ့
ဘဝမှာ
အကောင်းဆုံးအစိပ်အပိုင်းဆိုတာ
မကြီးကျယ်တဲ့
၊ အမည်မဖော်တဲ့ ၊ အမှတ်တရ ပြုမနေတဲ့
အကြင်နာ
၊ မေတ္တာအပြုအမူ လေးများပါ။ ။
ဝီလျံဝါ့ဒ်စဝပ်
ကျွန်တော်
လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေနှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။
အတော်ကြာစောင့်ဆိုင်းပြီး သည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြားမှာ မိသားစု
တစ်စုသာကျန်သည်။
သည်မိသားစုကို
ကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ ၁၂ နှစ် ပြည့်သေးပုံမရ။ သူတို့အသွင်အပြင်တွေ ကြည့်ရုံဖြင့်ပင်
ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်းသိနိုင်သည်။ အဝတ်အစားတွေက အဖိုးတန်ထဲကမဟုတ်။
သို့သော် သပ်သပ် ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ
လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့် ဆပ်ကပ်လူပျက်များ
၊ ဆင်လိမ္မာများ နှုင့် အခြားပြကွက်များအကြောင်းကို အားတတ်သရောပြောဆိုနေကြသည်။ သူတို့လေးတွေခမျာ
ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ည ကတော့ သူတို့ဘဝမှာ တစ်ကယ့်အမှတ်တစ်ရ ည
ဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်
အမေက အုပ်စုထိပ်မှာ ဝမ်းမြောက်ဂုဏ်ယူသည့်အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏
မိခင်က ခင်ပွန်းသည်၏ လက်ကို ကိုင်လျှက် သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ
``မေ့ချစ်သူ လူစွမ်းကောင်းကြီး``ဟု နှုတ်ခွန်းဆက်နေသည့်အလား အထင်ကြီးမှု လေးစားမှု လက္ခဏာတွေ
အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း ``အားကိုးစမ်းပါ အချစ်ရယ်``ဟု ခွန်းတုန့်ပြန်နေသည့်နှယ်
ဂုဏ်ယူသော အပြုံးနှင့် ချစ်ကြည်နူးစွာ ကြည့်သည်။
သည်အခိုက်
လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား
လက်မှတ်ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည်။
``ကျွန်တော် ကလေးလက်မှတ်
၈ စောင်နဲ့ လူကြီးလက်မှတ် ၂ စောင်လိုချင်ပါတယ် --အဲဒါမှ ကျွန်တော်တို့တစ်မိသားစုလုံးလာလို့ရမှာ``
သူက တတ်တတ်ကြွကြွပင်ဖြေသည်။
အမျိုးသမီးက
လက်မှတ်ခ နှုံးထားများ လှမ်းပြောသည်။
ဇနီးသည်က
သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏နှုတ်ခမ်းတွေ
တစ်ဆတ်ဆတ်တုံလာသည်။ သူရှေ့သို့ အနည်းငယ်တိုးကာ ``ဘယ်လောက်ဗျာ`` ဟူ၍မေးသည်။
လက်မှတ်ရောင်းသော
အမျိုးသမီးက ဈေးနှုံးတွေ ထပ်ပြောသည်။
အဖေလုပ်သူမှာ
ပိုက်ဆံအလုံအလောက်မပါ။
သို့သော်
ဒီအချိန်ကျမှ သူနောက်ဘက်လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံအလုံအလောက်မပါလို့ သည်ည
ဆပ်ကပ် ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူ ဘယ်သို့ပြောထွက်နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံ
အလုံးစုံကိုမြင်ကာ ကျွန်တော့်အဖေ အင်္ကျီအိပ်ထဲလက်နှိုက်သည် ။ ဒေါ်လာ နှစ်ဆယ်တန် တစ်ရွက်
ထုတ်လာပြီးနောက် မြေကြီးပေါ်အသာပြစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း
ကြားဖြတ်ပြောလိုပါသည်) ထို့နောက် အဖေပဲ ဒီပိုက်ဆံကိုပြန်ကောက်ကာ ကလေးများဖခင် ပုခုံးကို
သွားပုတ်ပြီးပြောသည်။
``ဒီမှာခင်ဗျ စောစောက ခင်ဗျား အိပ်ထဲက ထွက်ကျသွားတယ်---``
အဖေ
ဘာလုပ်တယ်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည် လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။
သို့သော် ဒီလို အသည်းအသန်အရေးတကြီးအချိန် ၊ ဖခင်တစ်ယောက်အနေဖြင့် အရှက်ကြီးရှက်ရမည့်အဖြစ်မျိုး
ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့်
သည်အကူအညီအတွက် သူ တစ်ကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူစူးစိုက်၍ကြည့်သည်။
ဒေါ်လာ ၂၀ တန်ကိုင်ထားသော အဖေ့လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော
နှုတ်ခမ်းများဖြင့် ကျေးဇူးတင်စကားဆိုသည်။
``ကျေးဇူးတင်ပါတယ်ဗျာ-- တကယ့်ကို ကျေးဇူးပါပဲ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက် ပါ အဖိုးမဖြတ်နိုင်ပါဘူးဗျာ--``
သည်လိုပြောရင်း
သူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။
အဖေနှင့်
ကျွန်တော် ကားဆီကို လှည့်ပြန်လာကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့
ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည် အချည်းနှီးညတော့ လုံးဝ မဟုတ်ခဲ့။
မူရင်း။ ။ Dan Clark ၏ The Circus
ဖေမြင့်--
နှလုံးသားအာဟာရ(ရသစာများ)
No comments:
Post a Comment