ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, May 22, 2012

တစ်ကြိမ်မှာတစ်ခု




တစ်ကြိမ်မှာတစ်ခု

          ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှုင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာ မှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကိုပြောပြသည်။

          နေဝင်ဆည်းဆာအချိန်  ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ် ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်း နှင့်  သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲလွှင့်ပြစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင်ကောက်ယူလိုက် လွှင့်ပြစ်လိုက်လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့် ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပြစ်ထည့် နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ 

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။

``မသိလို့ မေးပါရစေခင်ဗျာ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်``

``ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ--ခင်ဗျားမြင်တဲ့အတိုင်းပဲ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့အကောင်တွေဟာ ရေတတ်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ   ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ--``

``ဟုတ်ကဲ့  အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်-``

ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ `

``ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ဗျာ  အဲဒီအကောင်တွေအားလုံးခင်ဗျား ဘယ်လိုလိုက်ပြီးကောက်မလဲ ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ ၊ ပြီးတော့ ခင်ဗျားစဉ်းစားကြည့် ဒီကမ်းရိုးတန်းတလျှောက်လုံးဆိုရင် ခလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိကြမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ ၊ သူ့သဘာဝနဲ့သူဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေထူးခြား ပြောင်းလဲသွားမှာလဲ``

ဒေသခံ ပုဂ္ဂိုလ်က ပြုံးသည် ။ နောက်ထပ် ကြယ်ငါးတစ်ကောင်ကောက်တယ်။ ထို့နောက်--

``အခြားအကောင်တွေအတွက်  မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ`` 
   
ဟုဆိုကာ ပင်လယ်ရေထဲ လှမ်းပြစ်ထည့်လိုက်လေသည်။


မူရင်း။   ။Jack Canfield နှင့် Mark V. Hansen တို့၏ One At A Time
ဖေမြင့်--  နှလုံးသားအဟာရ( ရသစာများ)

No comments:

Post a Comment