ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, May 30, 2012

ဗိုလ်ကြီးစိုးထွဋ်


    

            မောင်စိုးထွဋ်တစ်ယောက် ချစ်လှစွာသော မိန်းမနှင့် သားလေးကိုခွဲကာ အမိမြန်မာပြည်နှင့် ဝေးသော အွန်စော တို့ဋ္ဌာနေ တောင်ဒဂုံ (အဲ-) တောင်ကိုးရီးယားကို ``ပျော်ရာမှာမပွေ  တော်ရာမှာပွေရ`` ဆိုတဲ့အတိုင်း ``ရေကြည်ရာ ၊ မြက်နုရာ`` မှာ( တိရိစ္ဆန်လို့ကြောတာ ဟုတ်ဖူးနော်  စကားပုံအနေနဲ့သုံးတာ-- ဟဲ ဟဲ) စီးပွားရှာနေရတာ လပေါင်းများစွာ ကြာခဲ့ပါပြီ။

          SPRING SEASON လို အေးတဲ့ရာသီမှာ အနှုတ် ၉ ဒီဂရီလောက်ထိ အေးတာမို့ ရေခဲတိုက်ထဲ (အဲလေ--) ရေခဲသေတ္တာထဲ ဝင်နေရသလား ထင်ရလောက်အောင် အေးတဲ့ရာသီတိုင်း အိမ်က မိန်းမကို သတိရအရမ်းလွမ်းသည် (ဘာမှ မဆိုင်ဘူး)။မြန်မာပြည်မှာ ချစ်သော ဇနီးချောလေး ဆရာဝန်မလေး၏ ပြုစုယုယမှု ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကြော်လှော်ကျွေးမှု တွေနှင့် ဆရာကြီးစတိုင်နှင့် တင်ပလင်ချိတ်ထိုင် ခဲ့လေသမျှ ဒီရောက်တော့ ပုဆိုးခါးတောင်းကျိုက် ငရုပ်ဆုံကို ခွထိုင်ပြီး (ငရုပ်သီးထောင်းမလို့ပါ) ကိုယ့်ဝမ်းစာ ကိုယ့်ဖာသာ ချက်စားနေရတာလည်း ယောင်္ကျားတစ်ပိုင်း မိန်းမရိုင်းကြီး တစ်ယောက်ဖြစ်နေလေပြီ။

          ဒီနေ့လည်း မီးဖိုချောင်ထဲမှာ ရိက္ခာပြတ်ပြီ။ ဈေးဝယ်ထွက်ရမှာကိုလည်း ကြောက်သည်။ ကိုးရီးယားမတွေ ကိုးရီးယားထီးတွေက အီး မကောင်းကြ (ဆရာမိုး ဝယ်တိုက်လိုက်လေ--) ။ ကိုယ်ကလည်း ကိုးရီးယားရောက်ခါစ ကိုးရီးယားစကားက မတတ်။ ``ပါပီကလေး ပုတုတု -- သူ့စကားက ဝု -   ဝု---  ဝု ၊ သူ့စကား လူမသိ ၊ လူ့စကား သူမသိ ၊ သနားပါ၏`` ဘဝနဲ့ နှစ်ပါးသွားနေရသည်။ ကိုးရီးယားစကား ကလည်း  တော်တော်ဆိုးသည်။ ကြည့်စမ်း အဖေကို ``အပေါကြီး`` တဲ့။  (အာဘော်ဂျီး  ပါဟ) ။ အဒေါ်ကြီးကိုလည်း ``အရူးမ`` တဲ့လေ--(အာဂျူးမား ပါကွာ ဒုက္ခပဲ)။ အမေကျတော့ ``အောမောနီး`` (ဟုတ်တယ်  ဟုတ်တယ်) ။ အမကျတော့ အော်ညီး တဲ့။

          အဲ----`` အမ``ဆိုလို့ အဲဒီမှာ ပြောရအုံးမည်။ ကျွန်တော်တို့ မြန်မာစကားမှာက ညီမကပဲခေါ်ခေါ်၊ မောင်လုပ်သူကပဲခေါ်ခေါ် အတူတူ  ``အမ``လို့ပဲခေါ်သည်။ သူတို့ ကိုးရီးယားကျတော့ ညီမကခေါ်ရင် တစ်မျိုး  မောင်ကခေါ်ရင် တစ်မျိုး။ အမျိုးမျိုးပဲ။ ညီမက ခေါ်တော့ ``အော်ညီး``၊ မောင်က ခေါ်ရင် ``နူနာ`` တဲ့။ ဒါကို လုံးစေ့ပတ်စေ့ မသိသေးသော ကိုးရီးယားပါးမဝသေးသည့် မောင်စိုးထွဋ်မှာ အဘိဓါန်ကို သေချာ မကြည့်ပဲ ``အော်ညီး``  ``အော်ညီး`` ဟု တွေ့သမျှ ကိုးရီးယား ``မမ``တို့ကို လိုက်ပြီး ကျူမိပါတယ်-- ``ဂျော်ရကီး`` လို့အထင်မှားခံလိုက်ရသဖြင့် အရှက် ဟတ်တတ်ကွဲပြီး အဲဒီကတည်းက ``နူနာ``​``ဝဲနာ`` ``လက်ပတိုစီနာ``ကို အသေကျက်မှတ်ရပါတော့သည်။

          ခုလည်း ဈေးခြင်းတောင်းကလေးပြင်ပြီး အဘိဓါန်ကို ဖွင့်ဖတ်သည်။ ကြက်ဥဝယ်မည်( ဂဲဒါန်) အိုကေ။ ကြက်သားလည်းဝယ်မည်။ ကြက်က (ဒါ့ဂ်) အသားက (ဂိုဂီ) ဆိုတော့ကြက်သား (ဒါ့ဂ် ဂိုဂီ)  ရပြီ။ တော်ပြီ အများကြီးဆို မေ့မည်။ အာဂျူးမားရောင်းသော စတိုးဆိုင်က နည်းနည်းလမ်းလျှောက်လိုက်လျှင်ရောက်သည်။ ခေါင်းထဲမှာ မိန်းကလေးနာမည်ဆိုရင် ထောင်ချီသောင်းချီပြီး  မှတ်ဥာဏ် မန်မိုရီကောင်းသလောက် ဒီလို ကိုးရီးယားစကား တစ်လုံးတစ်လေ မှတ်ဖို့ကြတော့ လမ်းတစ်လျှောက်လုံး အသံမစဲ ပဋ္ဌာန်းပွဲ ရွတ်သလို ရွတ်သွားကာမှ တော်ကာကြသည်။

          စတိုးဆိုင်ကိုရောက်ပါပြီ။ စတိုးဆိုင်မှာရောင်းသည့် အပေါက်ဆိုးဆိုး ၊ ရုပ်ကြမ်းကြမ်း အဒေါ်ကြီးက သူ့ကို နှာဗူး မျက်နှာပေးနဲ့ နှုတ်ဆက်သည်။ သိနေတာကိုး။ ဘယ်တော့မှ မေ့မည်မဟုတ်တဲ့ သိခြင်းနဲ့ သိနေတာပါ။ အဲဒီအကြောင်းကို နောက်ပြီးမှ နောက်ကြောင်းပြန်ပါမည်။ ခုတော့ ဆက်ကြစို့။

          ``အန် ညော်ဟာ ဆဲ့ယိုး-----``

          ``နဲ--- အန်ညော်ဟာ ရှီးမ်နီးကာ--??``

          ``ဟုတ်ကဲ့  မင်္ဂလာပါ``ဟု မြန်မာတွေရိုင်းတယ် အပြောမခံရလေအောင် အယဉ်ကျေးဆုံး ပြန်လည် နှုတ်ဆက်လိုက်မှ လမ်းတစ်လျှောက်လုံးရွတ်လာသော ကြက်ဥ နဲ့ ကြက်သားထဲက ကြက်သားကို ဘယ်လိုခေါ်မှန်း မေ့သွားလေတော့သည်။ ဇောချွေးပြန်သွားသည်။ စာမေးပွဲခန်းထဲေ၇ာက်ပြီးမှ မေးခွန်းမြင်ပြီး မဖြေနိုင်လို့ ဇောချွေးပြန်သလိုမျိုး။ ဒီလိုမေ့မှန်းသိလျှင် ငယ်ငယ်တုန်းက စာမေးပွဲဖြေသလို ပေါင်မှာ ရေးပြီး မှတ်လာပါရဲ့။

          ကြက်ဥကတော့ ဝယ်ပြီးပြီ။ ကြက်သားကို မပြောတတ်သဖြင့် လက်ညှိုးထိုးဝယ်မည်ဟု တွေးကာ အာဂျူးမား၏ စတိုးဆိုင်ထဲကို လျှောက်ပတ်ကြည့်မိသည်။ အစက အာဂျူးမား၏ စတိုးဆိုင်ကို အကြီးကြီးဟု ထင်ခဲ့သည်။ လျှောက်ပတ်ကြည့်မှ သေးသေးလေး ပါလား--(ဟိတ်ကောင် ဘာပြောတာလဲ??)။ မတွေ့ပါ။ ဒီမှာရောင်းတာတော့သေချာသည်။ အာဂျူးမားလည်း မောင်စိုးထွဋ် သွားလေရာ အကုန်လှန်ပြသည်။ ရောင်းကုန်တွေကိုပြောတာပါ။ မောင်စိုးထွဋ် ဖြတ်ကနဲ သတိရသွားသည်။ ကြက်ဥက (ဂဲဒါန်) အမေ ကို ကိုးရီးယားလို (အောမောနီး)  ကြက်ဥက ကြက်မဖင်ထဲက ထွက်တာဆိုတော့ --- ဟုတ်ပြီ  (ဂဲဒါန် အောမောနီး) ဟားးး  ပိုင်တယ်ကွာ ဆိုပြီး ပြောလိုက်သည်။

          ``အာဂျူးမား   ဂဲဒါန် အောမောနီး ဂျူးဆဲ့ယိုး`` တဲ့။

          ``အဒေါ်ကြီး  ကြက်ဥအမေ ပေးပါ``ပေါ့။

          ကိုးရီးယားမကြီးလည်း  တဟားး ဟားး သဘောကျကာ ရေခဲသေတ္တာကို ဖွင့်ပြသည်။ ``အော် --- သင်းတို့က ဒီထဲရောက်နေတာကိုး--`` မောင်စိုးထွဋ်မှာ ကျသင့်ငွေကို ရှင်းပေးပြီး ခပ်သွက်သွက် ပြန်ထွက်လာခဲ့ရသည်။ ဆိုင်မှာက သူနဲ့ အာဂျူမားနဲ့ နှစ်ယောက်တည်း။ အရင်တစ်ခါ ဖြစ်တုန်းကဆိုလျှင် ခပ်သွက်သွက်မဟုတ်။ ခြေကုန်သုတ်ပြီး ပြေးခဲ့ရသည်။

          ပြန်ပြောရမှာလည်း ရှက်ပါသည်။

          သို့သော် ပြန်ပြောပြပါဦးမည်။

          ကိုးရီးယားမှာ အမှိုက်ပြစ်လျှင် မြန်မာမှာလို  လက်လွတ်စပယ် စည်းပျက်ကမ်းပျက် ပစ်လို့မရ။ အိတ်နဲ့ သပ်သပ်ရပ်ရပ် စနစ်တကျ စွန့်ပစ်ရသည်။ အမှိုက်အိတ်ကိုလည်း သီးခြားထုတ်လုပ်ထားကာ ဈေးသက်သာစွာဖြင့် အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ထားသည်။ အင်မတန်စည်းကမ်းကြီးသည်။ ထိုနေ့က အမှိုက်အိတ် ကုန်သွားသဖြင့် အာဂျူးမားဆိုင်ကို သွားဝယ်သည်။ အမှိုက် ကို ကိုးရီးယားလို  (စရေဂီ)  အိတ်က (ဘုံဂျီ)၊ ပေးပါ ဆိုတာက (ဂျူးဆဲ့ယိုး) ။ 

          ထုံးစံအတိုင်း အာဂျူးမားဆိုင်ရောက်တော့ အာဂျူးမား၏ အပေါက်ဆိုးဆိုး ရုပ်ကြမ်းကြမ်း မျက်နှာကြီး ကိုမြင်ရသည့်အခါ ``ငါ့နှယ်ကွာ  ကိုးရီးယားကားတွေထဲက အွန်စောတို့လို ချောချောလေးများ ဒီဆိုင်မှာ ရောင်းရင် ငါ့လခလည်း မိန်းမဆီကို ရောက်မှာ မဟုတ်ဘူး ``ဟု အားမနာ လျှာမကျိုးတွေးလိုက်ရာ မှတ်ထားသော စကားလေးများ မေ့သွားလေတော့သည်။

          အာဂျူးမားက အတတ်နှိုင်ဆုံးလှအောင် ပြုံးပြသည်။ ဖောက်သည်ကိုး။ ဘာတွေဖောက်တာလဲတော့ ကာယကံရှင်ပဲသိမည်။ မောင်စိုးထွဋ်လည်း အတတ်နိုင်ဆုံး ယဉ်ကျေးအောင် ပြုံးပြနှုတ်ဆက်သည်။ အမှိုက်ဆိုတဲ့ စကားလုံကို လုံးဝမေ့သွားပြီ။ တော်သေးတာက ``အိတ်``ဆိုတဲ့ စကားလုံး ``ဘုံဂျီ``ကို  ``ဘိုဂျီ`` ဟု အမှတ်မှားကာ ပြောချလိုက်သည်။

          ``အာဂျူးမား   ဘိုဂျီ ဂျူးဆဲ့ယိုး---  ``ဟူ၍----

          အဒေါ်ကြီး ရှက်သွေးတွေဖြာသွားသည်။   လက်မကို ပါးစပ်ထဲ ကိုက်ပြီး မောင်စိုးထွဋ်ကို ညုသလိုလို ကလူ၏သို့ မြူ၏သို့ ကြည့်နေသည်။ တစ်ခုခု မှားပြီ။  အကြီးကြီးကို မှားတာ ဖြစ်မည်   ``ဟု ကိုယ်စောင့်နတ် က သတိပေးမှ ကောင်တာ၏ မလှမ်းမကမ်းတွင် တင်ထားသော အမှိုက်အိတ်များကို ဆွဲယူကာ
``ယော်ဂီး   --ယော်ဂီး`` ဟု ``ဒီမှာ--ဒီမှာ`` ဟု ယူပြလေမှ  အာဂျူးမားလည်း မျက်နှာပြောင်းသွားကာ ဆောင့်ဆောင့်အောင့်အောင့်နှင့် ရောင်းပေးလေသည်။

          ပြီးနောက်-- အာဂျူးမားက ---

          ``ဘိုဂျီ ဂါ့ မူးအော့ ရှီးမနီးကာ-----?? အာရ် ဂဲ့စုမနီကာ-----``

          ``ဘိုဂျီ ဆိုတာ ဘာလဲ မင်းသိလား`` ဟုမေးရာ  မောင်စိုးထွဋ်မှာ မျက်နှာငယ်လေးဖြင့် ခေါင်း ရမ်းပြသဖြင့် အာဂျူးမားလည်း စကားနှင့် မပြောပဲ ကိုယ်အမူအရာဖြင့် ``ဘိုဂျီ``ဆိုတာ ဒါပဲဟု သူ၏ ဖွားဖက်တော်ကို ပုတ်ပြလေရာ  မောင်စိုးထွဋ်တစ်ယောက် အာဂျူးမားဆီက မဟုတ်က ဟုတ်က တောင်းမိသလို ဖြစ်သွားသဖြင့် မကြည့်ရဲတော့ပဲ တချိုးတည်း လစ်ပြေးရလေတော့သတည်း။



မှတ်ချက်။    ။ထိုနေ့မှစ၍ ကျွန်ုပ်တို့သည်  မောင်စိုးထွဋ်အား ``ဗိုလ်ကြီး စိုးထွဋ်``ဟု ပီပီသသ ခေါ်ပင်ခေါ်သော်လည်း သူ့နားထဲတွင် ``ဘိုဂျီ စိုးထွဋ်`` ဟုပင် ကြားယောင်နေသဖြင့်  ခေါ်သည့်သူ များကို စိတ်ဆိုးမာန်ဆိုးဖြင့်  ငါကိုင်တုတ်နေပါတော့သတည်း..။   

Believe it or not
Written by ko soe naing

No comments:

Post a Comment