ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, May 19, 2012

တစ်ခုသောစာပေဝိုင်းမှအပြန်



                                      တစ်ခုသောစာပေ၀ိုင်းမှအပြန်           
         
          ဂေါတမဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်အခါတုန်းက ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍  တော၌ ရဟန်းတရားကို အားထုတ်ကြသည်။ ထိုတော၌ နံနက်စောစောပွင့်ကြသည့် မုလေးပန်းတို့သည် ညနေသို့ရောက်သောအခါ တဖွဲဖွဲကြွေသည်ကို ရဟန်းတို့ မြင်မိကြသည်။ နောက်တစ်နေ့ နံနက်စောစော၌ ရဟန်းတို့က မုလေးပန်းတို့ကို “ သင်တို့အညှာများမှမကြွေကျမီ ငါတို့သည် ရာဂစသည်တို့မှ ကင်းကွာလွတ်မြောက်အောင်  ပြုကြကုန်အံ့ ” ဟု ပြောဆိုသကဲ့သို့ ပြုကာတရားကို အပြန်းအထန်အားထုတ်ကြသောကြောင့် ရဟန္တာ များအဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသောသူက ပြောသည်။

          နောက်တစ်ဦးက ညှိုးရော်သွားသော ပဒုမ္မာကြာပွင့်မှ ပွင့်ဖတ်တို့ ကြွေကျကြပုံကို မြင်ရာမှ အနိစ္စ သဘောကို ထိုးထွင်းသိမြင်ကာ ပစ္စေကဗုဒ္ဓများဖြစ်သွားကြသော ပဒုမ္မဒေ၀ီမိဖုရား၏ သားငါးရာတို့အကြောင်းပြောပြီးနောက်၌ ရှင်မဟာသီလ၀ံသ၏ ပါရာယန၀တ္တုနှင့် မြန်မာ့ဝတ္တုရှည်များ ဖြစ်ပေါ်တိုးတက်လာမှုသမိုင်းကို ရှည်လျားစွာ ပြောပါသည်။ ရှည်လျားသောကြောင့် သူပြောပြခြင်းများကို  အစီအစဉ်တကျ မမှတ်မိတော့ပါ။ အခြားသူတစ်ဦးက ခုနစ်နှစ်သားအရွယ် သာမဏေငယ်တစ်ပါးသည်  ရှင်သာရိပုတ္တရာမထေရ်မြတ်ြကီးနှင့် အတူ ဇေ၀တန်ကျောင်းတော်မှ ဆွမ်းခံရန်ထွက်အလာ လမ်းခရီးတစ်နေရာ တွင် လယ်အတွင်းသို့ရေသွင်းရန် ဖောက်ထားသော ရေမြောင်းအတွင်း၌ ရေတို့ကွေ့၍ကောက်၍ တန်း၍တွန်း ၍  တိုး၍စီးဆင်းနေသည်ကို မြင်တွေ့ရသောအခါ ထိုစီးဆင်းနေသောရေ၌ စိတ်ရှိပါသလားဟု ရှင်သာရိပုတ္တရာ မထေရ်မြတ်အား မေးလျှောက်ကြောင်း၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ရေ၌ စိတ်မရှိကြောင်း ပြောသော အခါ သာမဏေငယ်သည် ‘ စိတ်မရှိသောရေကိုပင်လျှင် လိုရာအရပ်သို့ သယ်ယူနိုင်ပါက စိတ်ရှိသောငါသည်  ငါ့ဘ၀က အရဟတ္တဖိုလ်အရောက် အဘယ့်ကြောင့်မဆောင်ယူနိုင်သူ ဖြစ်ရမည်နည်း၊ ဆောင်ယူနိုင်သူ ဖြစ်ရ မည်သား ’ ဟု အားမာန်သတ္တိ ရရှိသွားသောကြောင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အား ခွင့်ပန်၍ ဇေသ၀န်   ကျောင်းသို့ ပြန်သွားကာ တရားအားထုတ်ကြောင်း၊ ထိုနေ့မှာပင် အရဟတ္တဖိုလ်သို့ ဆိုကရောက်သွားကြောင်း ပြောပြသည်။ မဂ်ဆိုက်ရာ၌ ဖြစ်ပေါ်သော စိတ်သဘာဝအကြောင်းများကိုလည်း အလေးအနက်ပြောသည်။   

          ထို့နောက် အခြားသူတစ်ဦးက ဘာမဟုတ်သည့်ကိစ္စတစ်ခုကြောင့် သူနေခဲ့ရာမြို့ကလေးမှ သူဌေးတစ် ဦး မည်ကဲ့သို့ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်ကို ပြောသည်။ ထိုသူဌေးမှာ ချမ်းသာသလောက်  စေးနည်းသူ ဖြစ်သည်။ အလှူအတန်းလည်း မပြု၊ သူ့ပတ်ဝန်းကျင်ကလူများနှင့်လည်း အဆက်အဆံမပြု၊ ထို သူဌေး၏ဇနီး ကွယ်လွန်သွားသောအခါ သင်္ချိုင်းသို့လိုက်ပါပို့ဆောင်သူ မရှိသလောက်ပင်ဖြစ်သည်။ တစ်နေ့ ထို သူဌေးသည် အိမ်အပေါ်ထပ်မှ လမ်းဆီသို့ မျှော်ကြည့်နေခိုက် လမ်းဘေးသစ်ပင်တစ်ပင်မှ ဆွေးမြေ့နေသော သစ်ကိုင်းတစ်ကိုင်း ကျိုးကျသွားသည်ကို မြင်လိုက်သည်။ မြေပေါ်သို့ ထိုသစ်ဆွေးကိုင်းကျသောအခါ နှစ်ပိုင်း သုံးပိုင်း ထပ်၍ ကျိုးသွားသည်။ မကြာမီ - လမ်းလျှောက်လာသော မိန်းမတစ်ဦးက ထိုကျိုးနေသော သစ်ဆွေး ပိုင်းတို့ကို ထင်းအဖြစ်သုံးရန် သယ်ဆောင်သွားသည်ကို တွေ့ရသည်။ 

          ‘ သစ်ပင်ဟာ ကျေးငှက်တွေစားဖို့အတွက် အသီးကိုပေးတယ်၊ လူတွေအတွက် နားခိုရန် အရိပ်ကိုပေး တယ်၊ သစ်ပင်ရဲ့ဆွေးမြေ့နေတဲ့ သစ်ကိုင်းကတောင် ထင်းအဖြစ်နဲ့အသုံးချနိုင်အောင် အကျိုးပြုလိုက်သေး တယ်။ ငါကတော့ လူဖြစ်ပါလျက်နဲ့ လူတွေအတွက် ဘာကောင်းကျိုးမှ မပြုမိပါလား ’ ဤအတွေးများ ဖြစ်ပေါ် လာပြီး သူဌေး၏ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်ဟု ဆိုပါသည်။ ထင်းဆွေးချောင်းက မိမိဘ၀ အမြင်ကို ပြောင်းလဲပေးခဲ့ကြောင်း ထိုသူဌေးက မကြာခဏ ပြောပြသည်ဟု ဆိုပါသည်။ ထင်းဆွေးချောင်း ကျိုး ကျလာခြင်း ဖြစ်ရပ်က ထိုသူဌေးကို အလှူအတန်း ရက်ရောသော၊ ကလေးသူငယ်များ၏ ပညာရေးအတွက် အထူးကြောင့်ကြစိုက်၍ ကူညီဆောင်ရွက်သောသူ အဖြစ်သို့ ရောက်သွားအောင် အထောက်အကူ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ ထို့နောက် - နှလုံးသွင်းဆင်ခြင် ခြင်းတရားယောနိသောမနသီကာရအကြောင်းနှင့် နှလုံးသွင်း ဆင်ခြင်ရာ၌ ဖြစ်နိုင်သော ဇောများ၊ ၀ီထိများ အကြောင်းကို လေးနက်စွာ ပြောပြပါသည်။ သူ့စကား တို့ကိုလည်း လေးနက်လွန်း၍ မလိုက်နိုင် ဖြစ်ရပြန်ပါသည်။ 

          သူတို့ သူတို့တွေ၏ စကားများအနက်မှ မုလေးပန်းများ၊ ကြွေကျလာသော ကြာပွင့်ဖတ်များ၊ ရေမြောင်း နှင့် ထင်းဆွေးချောင်းကိုတော့ အမှတ်ရပါသည်။ သစ်ဆွေးချောင်းအကြောင်းကို ပြောပြသော နောက်ဆုံးလူ၏ စကားကို နားထောင်နေရင်းမှ အရိပ်၌နေ၍ သစ်စိမ်းခက်များကို ချိုးနေသောသူများအကြောင်း တွေးမိနေသည် ကိုလည်း သိရပါသည်။
                                                                                                          နန္ဒာသိန်းဇံ                                                                                                                                                     
                                                                                                                                                     typing by ကောင်းစည်သူ-- ပဉ္စမတန်း                                                                                                                                                                                                                                                                                                                       
       

No comments:

Post a Comment