ကမ္ဘာလောကကြီးသာယာစေချင်လျှင်
သင့်မျက်နှာကို အရင်ဆုံးပြုံးထားလိုက်ပါ
တစ်နေ့က
ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီ စီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက
ဒရိုင်ဘာကိုပြောသည်။
``ကျေးဇူးပါပဲဗျာ
၊ ခင်ဗျားကားမောင်းပုံ သိပ်ကောင်းတာပဲ--``
တက္ကစီဒရိုင်ဘာက
ရုတ်တရက် ကြောင်သွားသည်။ ပြီးတော့မှ---
``ဘာလဲဗျ နောက်တာလား--``ဟု ပြန်ပြောသည်။
``မဟုတ်ဘူးဗျ မနောက်ပါဘူး ၊ ကျွန်တော်တကယ်ပြောတာပါ ၊ ကားတွေ
ရှုတ်ရှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျာ တည်တည်ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ ``
``အင်းလေ
--`` ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
``နေစမ်းပါဦးဗျ ခင်ဗျားဘာလုပ်တာလဲ `` ကိုယ့်ချည်းရှိတော့မှ ကျွန်တော်မေးမိသည်။
``နယူးယောက်
မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားလာအောင် ဖြန့်ဝေပေးနေတာဗျ ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲရှိတယ်`` မိတ်ဆွေက ဆိုသည်။
``ခင်ဗျားတစ်ယောက်တည်း
ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာကယ်တင်နိုင်ပါ့မလဲဗျ--``
``တစ်ယောက်တည်း
မဟုတ်ဘူးလေဗျာ ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့တစ်ယောက်တည်း တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားလိမ့်မယ်လို့
ကျွန်တော်ယုံကြည်တယ် ၊ တကယ်လို့ ဒီနေ့မှာ သူနောက်ထပ် ခရီးသည် ၂၀ မောင်းပို့ရမယ် ဆိုပါတော့
၊ သူ့အပေါ် ကျွန်တော် တစ်ယောက်ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် အဲဒီလူ ၂၀
အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ --အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့နဲ့
ဆက်ဆံရတဲ့အလုပ်ရှင်တွေ ၊ အလုပ်သမားတွေ ၊ ဆိုင်ရှင်တွေ ၊ စားပွဲထိုးတွေ ကို ပျူပျူငှာငှာ
ဆက်ဆံမယ် ၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ် ၊ ဆိုရင် ဒီတစ်ဦးအပေါ်တစ်ဦး
ချစ်ကြည်ရင်းနှီးမှု ဟာ အနည်းဆုံး လူတစ်ထောင်လောက်ဆီ အထိ ပျံ့နှံ့ သွားလိမ့်မယ်ဗျ ၊
အဲဒါဆို ဘယ်ဆိုးမလဲ မဟုတ်ဘူးလား--``
``ဒါပေမယ်
့ ခင်ဗျားရဲ့ ချစ်ကြည်ရေး စိတ်ဓါတ်ကြီး ပြန့်ပွားဖို့အတွက် က အဲဒီတက္ကစီဒရိုင်ဘာ အပေါ်မှာ
လုံးလုံးလျားလျား မူတည်မနေပေဘူးလား ဗျာ-``
``ဟာ--- ဘယ်ဟုတ်မလဲ ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော်
ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ ၊ သေချာအောင် လုပ်ရမှာပေါ့ ၊ ကျွန်တော် ဒီနေ့
လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကြက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ် ၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကိုပြန့်ပွားသွားရင်
လူ သုံးထောင်မှာ စိတ်သဘောကောင်းတွေ ဝင်သွားမယ်``
``စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း
ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး``
``မဖြစ်တော့လည်း
ဘာနစ်နာသွားတာ မှတ်လို့ဗျာ ၊ လူတစ်ယောက် ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာ လို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း
ဘာအချိန်မှ ကုန်မသွားပါဘူး ၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလဲမလိုဘူး ၊ လျော့ပေးစရာလဲ
မလိုဘူး ၊ ကိုယ့်စကား သူ့ရင်ထဲ ဝင်မသွားတော့လဲ ဘာဖြစ်လဲ ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့
တွေ့တော့ သူ ဝမ်းသာ သွားအောင် စိတ်ချမ်းသာ ကြည်နူးသွားအောင် ထပ်ပြောရုံပဲ``
``အင်း ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ကိုး ``ကျွန်တော် မှတ်ချက်ချမိသည်။
``ဟာ အဲဒါပဲ
ခင်ဗျား နှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ် ၊ ကျွန်တော် ဒီကိစ္စအတော်
လေ့လာထားပြီးပြီ ၊ ကျွန်တော်တို့ စာပို့ဋ္ဌာန ဝန်ထမ်းတွေပဲ ဆိုပါစို့ ၊ သူတို့မှာ ဘာလိုအပ်နေလဲ
ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ ၊ ဟုတ်လား
၊ သူတို့ အသိအမှတ်ပြုမခံရဘူးဗျ ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ်လို့ မပြောကြဘူး``
၊ သူတို့ အသိအမှတ်ပြုမခံရဘူးဗျ ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ်လို့ မပြောကြဘူး``
``ဟ--- ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြပဲဗျ--``
``ခင်ဗျားပြောတာ
မှန်တယ် ဒါပေမယ့် သူတို့စိတ်ထဲမှာ ငါတို့ကောင်းကောင်းလုပ်လုပ် မလုပ်လုပ်အကြောင်းမထူးဘူး။ ဘယ်သူမှလည်းအရေးမစိုက်ဘူး၊
ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား
ပြောမပေးသင့်ဘူးလားဗျ``
စကားပြောရင်းလျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦးတစ်ခု အနီးသို့ေ၇ာက်လာသည်။
အဲသည်မှာ အလုပ်သမား ငါးယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး
စကားပြောသည်။
``ခင်ဗျားတို့ အဆောက်အဦးကြည့်ရတာ အရမ်းသားနားတယ်ဗျာ-- အတော်ခက်ခက်ခဲခဲ
လုပ်ရမှာပဲ အန္တရာယ်လည်း များမယ့်ပုံပဲ``
အလုပ်သမားများ
ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။ `
``ဘယ်တော့
ပြီးမလဲဗျ``
မိတ်ဆွေက
ဆက်မေးပြန်သည်။
``ဇွန်လ``တစ်ယောက်က
တိုတိုပြတ်ပြတ်ဖြေသည်။
``ဟာ
ဟုတ်လား ကောင်းတယ်ဗျာ ၊ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ``
ကျွန်တော်တို့
ထွက်လာခဲ့သည်။ ``အင်း ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့
ရှာမှ ရှားပဲဗျို့`` ကျွန်တော် သြဘာပေးမိသည်။
သူက
အေးအေးဆေးဆေး။
``ရုတ်တရက်တော့
တစ်မျိုးပေါ့ဗျာ ဒါပေမယ့် ကျွန်တော့် စကားတွေ
တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်မယ် ၊ အဲဒီအခါကျ ဝမ်းသာကြ၊ စိတ်ကြည်နူးကြမှာပေါ့ ၊သူတို့
စိတ်ချမ်းသာရင် အဲဒီအကျိုးဆက်ကို ဒီမြို့ထဲက အခြားလူတွေလည်း ခံစားရလိမ့်မယ်``
``ဒါပေမယ့် ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံတော့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူး
ဗျာ`` ကျွန်တော်က ညင်းနေသည်။
``ဘယ်ဟုတ်မလဲဗျ ဒီကိစ္စမှာ အရေးကြီးဆုံး အချက်က အားမလျှော့ဖို့ပဲ
၊ မြို့ကြီး တစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ အလွယ်တကူတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်တော့
စစ်ဆင်ရေးထဲမှာ အခြားသူတွေရော ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်---``
``ကြည့်စမ်း ဟေ့လူ ခင်ဗျား
ခုနက အရုပ်ဆိုးဆိုး မိန်းမတစ်ယောက်ကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား`` ကျွန်တော်က ကြားဖြတ်မေးသည်။
``ဟုတ်တယ်လေဗျာ
ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ၊ ကျွန်တော်က မျက်စပြစ်ပြလိုက်တော့ သူ့ကိုလဲ သဘောကျတဲ့လူရှိသေးတာပဲ
တွေးပြီး ကြည်နူးသွားမယ်။ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုရင် အတန်းထဲက ကလေးတွေအဖို့
ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့ ``တဲ့။
ကျွန်တော့်
မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေသည်။
မူရင်း။ ။Art Buchward ၏ Love And The Cabbie
ဖေမြင့်--နှလုံးသားအာဟာရ(ရသစာများ)
No comments:
Post a Comment