ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, May 1, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း(၂၆)


ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
အခန်း(၁)
ဇာတိ
          မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့်တွင် အပူပိုင်းဇုံ ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၎င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေး တစ်မြို့ရှိလေသည်။
          မီးရထားဘူတာရုံအနီးအနားတွင် မီးရထားဘက်မှ တည်ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစား ကုန်သည်ဆိုင်များ အနည်းငယ်ရှိလေသည်။ ဘူတာ၏ ဝဲယာ ပါတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိကြလေသည်။ ထိုယာခင်းများက ကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်းထိုင်သူတို့၏ ဂူလှိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေးရာခန့်ပေါ်၌ ခပေါင်းကုန်း သို့မဟုတ် န-ကျားကူး ခေါ် အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟု ခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း အနောက်ဖက်ကမ်း၌ ကား ယာခင်း လယ်ကွင်းပြင်များ နှင့် ဥယဉ်အချို့ကို တွေ့ရလေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀ ခန့်ရှိ ရွာတစ်ရွာရှိလေသည်။
          ရွာ၏ မြောက်ဘက်တွင် ကပ်လျှက် (ရှေးလူကြီးများပြောသလို) လောကဓါတ် မြန်မာအထက်တန်းသင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိလေသည်။ ထိုမှ ယာခင်းအလွန်တွင် ၅ရက်တစ်ဈေးဖွင့်ရာဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများ ရှိလေသည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်နှင့် အနောက်မြောက်စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ ၁၅၀ ခန့်ရွာတစ်ရွာ ရှိပြန်လေသည်။ စာတိုက်၏ ရှေ့တည့်တည့် ပေတစ်ရာနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ (မှတ်ချက်=ပေတစ်ရာဆိုသည်မှာ ကားလမ်းကိုဆိုလိုခြင်းဖြစ်သည်--ကိုစိုးနိုင်) ကိုက် ၁၀၀ ခန့်အကွာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ကပ်၍ မြို့အုပ်ရှိသည်။ ထိုဘုန်းကြီးကျောင်းနှင့် ဆက်၍ ထောင့်မှန် Right angle ကျကာ ၁၅ ပေမြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျှက် စေတီငယ်များအလယ်တွင် ရွှေပြောင်ပြောင်တောက်နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ယပ်ခန့်ညားသော ဇရပ်၊ တန်းဆောင်း ၊ကျောင်းကုန်း များရှိလေသည်။ ထိုမှမြောက်ဘက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ ၁၀၀ ကျော်ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများအနက် ရွာကြီးသဖွယ် အိမ်ပေါင်း အများဆုံးနှင့် ဆိုင် ၊ ကန္နားအတော်အတန်ရှိ၍ စာရေး ၊ စာချီ၊ မြို့အုပ် ၊ရှေ့နေ ၊ကုန်သည်များနေကြသောရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင်တည်လျှက်ရှိသော ရွာပင်ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍ ၎င်း ၊ တောင်ရွာ ဟူ၍၎င်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်း စာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေသည်။
          သို့သော် ကျွန်တော်၏ ဘေး မှတ်တမ်းအရကား ပုဂံခောတ် အနော်ရထာမင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း ၌ တစ်ရွာလုံးရှိအိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီးတစ်လုံးရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့်ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်လည်း ထိုအခါက အတောင်ရှစ်တောင်သာ ရှိတော့ သည်။ အိမ်အမြင့်မှာလည်း ၃ပေ ခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်းများလက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။
          ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို ဖွားမြင်ခဲ့စဉ်အချိန်က ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်းမပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီး တစ်ရွာ မျှသာဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံတဒေါင်ဒေါင် နေ့လည်နေ့ခင်းများတွင် ယက်ကန်းသံ တချွင်ချွင်ဖြင့် ကြားရတုန်းပင်ဖြစ်လေသည်။
          အချိန်ကား  ၁၉၁၅ခု ဖေဖော်ဝါရီလဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲတွင် ဖြစ်လေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေး နေသည့်အချိန်အခါဖြစ်သည်။ အနောက်စစ်မျက်နှာပြင်ဟု ခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့စစ်ခင်းရာ မျက်နှာ ၌ကား ပထမအကြီမ်တိုက်ပွဲကြီးများမှာ မပြီးဆုံးနိုင်သော သောင်မတင်ရေမကျေ၇ှ့မတိုး နောက်မဆုတ် အခြေအနေပင်ရှိလေသည်။ အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူရီယာနှင့် ဝါဇနစ်ဆူ စစ်ပွဲကြီးများ ဖြစ်ပွားလျှက်ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၃ရက် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လင်းအားကြီးတချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံးရောက်ရှိခဲ့ရပေသည်။
          ဖေဖော်ဝါရီလ ၁၃ ရက်ကား နာမည်ကျော်နခတ်ဗေဒင်ဆရာကြီး ကီရို၏ပြောကြားချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများကို မွေးဖွားတတ်သောဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးဖွားသောကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်း စဉ်းစားခြင်းမပြုခဲ့ကြချေ။
          ကျွန်တော်မွေးဖွားသည်နှင့် ပါတ်သတ်၍ ကျွန်တော်၏ ဇာတာအမည်မှာ ထိန်လင်းဖြစ်လေသည်။ သို့သော် ကျွန်တော့အထက် အကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု ခေါ်တွင်ခဲ့လေသည်။
          မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သည့် ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ခွကျခဲ့သူဖြစ်ခဲ့သည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နှင့် စကား မပြောတတ်ခဲ့ရကား လူကြီးမိဘများက ဆွံ့အ၍ပင် နေသည်လားဟု စိုးရိမ်ကြောင့်ကြခဲ့ကြရသည်ဟု သိရသည်။ အနာအဖျားထူသည်။ အစားကျူးသည်။ အမဲ ၊ သား၊ ငါး အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင်ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို လု၍ စားမည်ဟု ကျွန်တော့်မိခင်က ပြန်၍ပြောပြသဖြင့် သိခဲ့ရသည်။ လူရိုင်းဘဝက ကျွန်တော်လာသလားမသိ။ ယနေ့အထိလူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိနေသည်။ ရံဖန်ရံခါ လူယဉ်ကျေးများဖြင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျမ်းမာ၏။ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက်ဆိုသည်ကိုကျွန်တော်ကြိုက်၏။ ကျွန်တော်၏စိတ်တွင်အင်မတန် စိုပြည်လတ်ဆတ်သောဘဝဟု ကျွန်တော်ယူဆသည်။ ဗမာပြည်ရှိလူသည် လူရိုင်းဘဝသို့ရောက်ချင် ရောက်သွား ပါစေ လွတ်လပ်ချမ်းသာစွာခေါင်းဆောင် နေနိုင်ပြီဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘဝထက် ကျွန်တော်အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိန်းလမ်းစိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူထူးအော်ဟစ်နေလိုသည်။
          ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ် ၊ အကအခုန် တော်တော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီးအတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ ခေါက်စရာရှိလျှင် အမြဲခေါက်လျှက်ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန် မှန် လက်ရေ ကွာကျခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီအမှုတ်ဝါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍ပဲလားမသိ ယခု ဤစိတ်မျိုး ပျောက်ပြယ်သလောက်ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကတည်းက ယနေ့တိုင် လူရော စိတ်ရောပျော့ပြောင်းသည်ဆိုသည့်အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်းမကြိုးစားချင်။ ကျွန်တော်ကား စကားအပြောအဆို မဖွယ်ရာ မယဉ်ကျေး။ အသက် ၈ နှစ်ထဲရောက်၍ ကျောင်းနေသည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမှုအရာလည်း ကြမ်း၏။ အလိုက်လည်းမသိ ။ ညစ်လည်းညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍ လည်း တစ်ခုမှမရှိ။ အသက်လေးငါးခြောက်နှစ် တိုင်အောင် အိပ်ယာတွင် သေးပါ၏။ မီဖိုကို ညည ရှိခိုး၍ ``အရှင်စဖို ည-- ကျွန်တော်နေ့`` ဆိုခဲ့ရသည်ကို အမှတ်ရသေးသည်။ အသက် ၁၅ နှစ်ထဲသို့ ရောက်သည့်အချိန်၌ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ည သေးပါဘူးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသား အထက်ကျောင်းမှ ခြောက်တန်းအောင်၍ ခုနှစ် တန်းအဝင် ကျောင်းအပြန်ဖြစ်သည်။ ကျွန်တော်၏ အကို အကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာဂုဏ်ထူးတန်းကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်း တွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ဆရာဝင်ရောက် လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမှနေ၍ နတ်မောက်သို့သွားသည့် နည်းမှာ တောင်တွင်းကြီးသို့ရထားစီး၊ တောင်တွင်းကြီးမှ မိကျောင်းရဲသို့ကားစီး၊ မိကျောင်းရဲမှရေနံချောင်းသို့ သင်္ဘောစီး သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး မကွေးမှသဘောင်္စီးရလေသည်။ နှစ်ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်းမှတဆင့် မီးရထားတတန် မော်တော်ကားတတန်သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှတဆင့် သွားကြလေသည်။ မကွေးမြို့တွင် အပျိုပေါက်စ မိန်းကလေး ချောချောရှိသော အသိအိမ်တွင်တည်းခိုကြလေသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတရံအိမ်တွင်မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုည တွင် ညအိပ်ခါနီး  ရှက်လွန်းသဖြင့်သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ပဲ သေးပါလေသည်။ ကျွန်တော်လည်း ပါပြီးမှသိလေသည်။ ဤမျှမထိ ကျွန်တော်သည် မသိမ်မွေ့။
          ညီအကို မောင်နှမထဲတွင် ကျွန်တော်အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့အိမ် စံချိန်ဖြင့်ကြည့် လျှင် ကျွန်တော် အလိုလိုက်ခံရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းများသာမက ရွာနားနီးချင်းများကပါ အသိအမှတ်ပြုခွံရ၏။
          ကျွန်တော်၏ အထက်အကို  ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ လေးနှစ်မျှ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်ခဲ့၏။ သူကနု၏။ မင်းသားကျချင်၏။ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသည့်အခါ အစာမြေကြီးပေါ်သို့ကျသွား လျှင် သူသည် မစားတော့။ ကျွန်တော်က ဖုတ်ဖက်ခါ၍စားလို့ရလျှင်စား၏။ သူက အဝတ်အစားများကို သပ်သပ် ရပ်ရပ်ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများအပေါ်တွင် ဘယ်သောအခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာလှဲဖူး၏။ သူကပါး၏။ လျှင်၏။ ကျွန်တော်က ထူ၏။ အေး၏။
          ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ်ပင်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖားခေါ် ဆံပင်ညှပ်ကုလား တစ်ယောက်တလေသာရှိ၏။ သို့ဖြစ်ရာ ၎င်းကလီဖားမှာလက်မလည်။ ကျွန်တော်တို့အား ကတုံးရိပ်ရန် ၊တစ်ခါတစ်ခါ ရိပ်တတ်သည့် အိမ်နီးချင်းတို့ကို ရိတ်ခိုင်းရလေသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့အဖေ ကိုယ်တိုင်ရိပ်ပေးသည်။
          ကျွန်တော်၏ဖခင်မှာ ယခုကွယ်လွန်သည်မှာ ၁၅ နှစ်ကျော်လေပြီ။ ကျွန်တော်၏ဖခင်သည် ကျွန်တော်နှင့် အမူအရာ တော်တော်ဆင်လေသည်။ တစ်နေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်းရှိ၏။ လောကွတ်မရှိ။ ဟန်မရှိ။ ဘာသိဘာသာနေတတ်၏။ အကိုင်အတွယ် အသွားအလာ အမူအရာ ကြမ်းတမ်း၏။ ငြင်းမိလျှင်လျော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲဝင်ထားသော်လည်း ရှေ့နေလိုက်စား သည်ကို ကျွန်တော်မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေးစား ခြင်းဖြစ်သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့ မိခင်၏ ဒိုးတူပေါင်းဖက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။
ကျွန်တော်တို့အား အခြားသူတစ်ဦးဦးက ခေါင်းရိပ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓါးမထက်တထက်ကို ကောင်းကောင်းမသွေးဘဲ အတင်းတွန်းချ၍ရိပ်၏။ အထူးပင်ခေါင်းရေ နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိပ်မည့်အခါကို ကြောက်၏။ တွန့်၏။ သို့သော်ခေါင်းရိပ်သည့်အခါတိုင်း ကျွန်တော့်အကိုက အမြဲငို၏။ ငိုတိုင်းခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို။ ကျိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။ ကျွန်တော်၏ အကိုကားစိတ်မြန်၏။
          ကျွန်တော်တို့ ညီအကိုလေးယောက် ရှိသည့်အနက် ဒုတိယ အကိုကြီးသာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူနှင့်မျှ ရန်မဖြစ်ဘူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အကိုကား သူများအပြောမခံ။ သူကသာ ဦးအောင်ပြောခဲ့၏။ ကျွန်တော်က သူများအပြောသာခံရ၏။ မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ခြောက်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော ၁၀ မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့အား မြှောက်၍ ``ဗိုလ်ကြီး````ဗိုလ်ကြီး`` ဟုခေါ်ရာ ကျွန်တော့်မှာ များစွာ သဘောကျကာ ထန်းညက်ဖြူဆုပ်တွေ ခေါ်တိုင်းပေးခဲ့သည်။
          ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။  ခဏချက်ချင်းပင် ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုဒ်နေ့တိုင်းပိတ်၏။ သို့သော် ယောင်္ကျားကလေးများမှာ ဥပုဒ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွား၍ ရေခပ် မြက်နှုတ်ရလေသည်။ အလုပ်မရှိလျှင်လည်း ကျောင်းမှာပင်နေရလေသည်။ တစ်နေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ ၍ ``အလုပ်မရှိလျှင် အိပ်နေကြ မကစားကြနဲ့``ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးကျောင်းသားများ ``မအိပ်ချင်ဘူးလား``ဟု မေးသည့်အခါ မအိပ်ချင်သော်လည်း ဘုန်းကြီးသဘောကျ ``အိပ်ချင်ပါသည်``ဟု ဖြေကြလေသည်။ ကျွန်တော့်အား ဘုန်းကြီးက ``အောင်ဆန်း ရော မအိပ်ချင်ဘူးလား``ဟု အထူးတလည်မေးရာ ကျွန်တော်က ``မအိပ်ချင်ပါဘုရား``ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေပေတော့သည်။
          ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်၏။ ကလေးနှင့်မလိုက်။ များသောအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စား များစွာမလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကို နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်သားရိုက်ခြင်းတို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုမကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင် ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာအလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင်ချောင်စောင်းကဲ့သို့ အဖုအထစ်အပြစ် အနာဆာများသည်။ စိမ်းလန်းစိုပြည်ညီညာသော မြက်ခင်းသဖွယ် ရှု့ချင်စဖွယ်မဟုတ်ပေ။ အသက် ၁၀ နှစ်ခန့်အထိ အနာရောဂါနှင့် ကင်းသည်ဟူ၍မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲနာ အကြီးအကျယ် သုံးလကျော်ဖြစ်ဖူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျမ်းကျမ်းမာမာ နေရပါမည်လဲဟု တမ်းတမိ၏။
          ကျွန်တော်သည် ထိုကလေးဘဝကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ (မြန်မာပြည်ကို အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစားစိတ်ကူးခဲ့လေသည်။ တစ်ခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏)။
          တစ်ခါတရံလည်း ပြဒါးရှင်လုံးစသည်တို့ကို ရှာဖွေလိုသော စိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော စွမ်းအားဖြင့် မြန်မာပြည်ကို ကယ်တင်လို၏။ ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူ ဟုမဆိုနိုင်။ ငယ်ငယ်က သူရဲ တစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အကိုကား ရန်ခဏခဏ ဖြစ်တတ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာတတ်၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤသို့ မဖြစ်ဖူး။ ရန်တစ်ခါသာ အကြီးအကျယ် ဖြစ်ဖူး၏။ ထိုအခါ လူချင်းထိုးသတ်ပုတ်စဉ်၌ ကား ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ  မရှောင်မတိမ်း ထုံပေပေ နေသဖြင့် ခုံဖိနပ်ဖြင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍ မမီ။ ထိုလိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်၍ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်းသိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများအပေါ်တွင် တစ်ခါတလေ အနိုင်ကျင့်ချင်သည့် စိတ်ကား ရှိ၏။
          တစ်ခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် ကြက်တောင်ရိုက်ကစားခြင်းမှ  ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်သွားသော ကျောင်းသားမိဘများက ဘုန်းကြီးအားလျှောက်ရာ ဘုန်းကြီးက ဤကစားနည်းကို  အားလုံးသောကျောင်းသားများ ကျောင်းဝင်းအတွင်း မှာသော်လည်းကောင်း ၊အပြင်မှာသော်လည်းကောင်း မကစား၇ ဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားလေတော့သည်။ ကျွန်တော်တို့ကစားနေသည်ကို ကျောင်းသား တစ်ဦးနှစ်ဦးက မြင်၍ ဘုန်းကြီးထံ သွားရောက်တိုင်တန်း သောအခါ ဘုန်းကြီးက ကျွန်တော့်မိခင်နှင့် ဦးလေးများကိုပါခေါ်၍ ၎င်းတို့ရှေ့တွင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ကျွန်တော်မှာ ပထမ ကျိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ပဲ ငိုလေတော့သည်။
          ကျွန်တော်သည် ထိုသို့ သွားရောက်တိုင်တန်းသူကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။
ဤကဲ့သို့ အလုပ်ပို မေတ္တာကို မျက်နှာလို မျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေး တည်းကနေ၍ ယခုတိုင် အထူးစပ်ဆုပ်လှသည်။ ယခုခောတ်သစ်ကျောင်းများတွင် ကျောင်းသားများအား ဤ အကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။
          ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာ အတော်အတန်ရှိ၍ ကြွေးရှင် မြီရှင် ဖြစ်ရာ ဆင်းရဲသား အများအပြားဖြင့် ဆက်ဆံရလေသည်။ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။
          သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်းသော အခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးချေးစနစ်၏ ဆိုးရွားပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပေသည်။ များသော ဆင်းရဲသားတို့မှာ ကြွေးတစ်ခါယူမိလျှင် ကျေနိုင်စရာ မရှိပေ။
          ဤစနစ်ကို ယခုခောတ်သစ်တွင် အလျှင်အမြန်ပြင်ဆင်သင့်သည်။ ၎င်းအပြင် ယခုလက်ရှိ ဆင်းရဲသား ကြွေးမြီများကို အားလုံးလျော်ပြစ်ရန် သင့်ပေသည်။ ထိုကြွေးများမှ အတိုး၏ အညွန့် အကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယ မရှိပေ။
          ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်၏ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုတ်ပြေးမင်းလက်ထက် ဂျင်ဂျစ်ခန်း အမှုးရှိသော တရုတ်တို့ ဝင်ရောက်နှောင့်ယှက်သောအခါ နိုင်ငံခြားသားတို့၏ အောက်မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော် မွေးဖွားရာနေရာသို့ စုန်ခဲ့လေသည်ဟု ဦးလေးတစ်ယောက်က ပြောဖူးလေသည်။ အလောင်းဘုရား တတိယ နှိုင်ငံထူထောင်စဉ်ကာလက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုမှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီး ဦးမြ (နာမည်ကောင်းကောင်းမမှတ်မိ)ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန်ကြံလေသည်။
          နောက်မှ အလောင်းဘုရား အကြောင်းကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြားသိရသည့်အခါ အလောင်းဘုရားထံဝင်ရောက်၍ သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည် ဟုလည်း မှတ်သားရဘူးလေသည်။  မင်းတုန်းဘုရင်လက်ထပ်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပေါက်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တစ်ဦး (လူအမည်မှာ ဦးကျော်ဇံဖြစ်လေသည်။ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့အမျိုးအနွယ်ပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာကျော့မှာ ဦးအောင်ဇံ၏ မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာ လည်း ကျွန်တော်တို့အမျိုးဟု သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီး ဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည် ဟူ၍လည်း ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့်မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သဖြင့် မန္တလေးရွှေမြို့တော်သို့တတ် အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တစ်ခါက ပုရပိုဒ် မှတ်တမ်း တွင်ဖတ်ရ ဖူးသည်။
          (စကားအလျဉ်းသင့်၍ေ၇းရဦးမည်။ ရှေးကလည်း ဒိုင်ရာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ ဘယ်သွားသည် စသည်ကို မှတ်သားထား ချက်များတွေ့ရလေသည်။)  ကျွန်တော်တို့ဘေးတွင် အကိုကြီးတစ်ယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ်ဖြစ်သည် ဟုသိရသည်။ ညီငယ်တစ်ယောက်မှာ တရုတ်မြို့ဝန် ဦးဘွားဟု သိရ၏။ မြင်ကွန်း မြင်းခွန်တိုင်တို့ ငယ်ဆရာဖြစ်သည်။ ၎င်း မင်းသားများအထတွင် မြင်ကွန်းမင်းသားတို့အတွက် ဓါးပြတိုက် ရှာဖွေပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွား ရာထူးကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက် ဖြစ်သော ကြောင့်၎င်း အသက်ချမ်းသာရာရလေသည်။
          နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၎င်း၏ တပည့်တစ်ယောက်သည် (နာမည်မမှတ်မိ) ဇာတ်ပွဲများတွင် လူပျက် ပျက်သည့်အခါ အများရယ်သည့်အခါ မရယ်။ အများရယ်ပြီးမှ ကျယ်လောင်စွာ တစ်ယောက်တည်း အကြာကြီး ရယ်တတ်လေသည် ဟုသိရလေသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်သိ၍ အားရကာ ဆုချလေတော့သည်။ တစ်ခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းအောင်၏ တပည့်ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က ၎င်း၏ တပည့်နိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကို ရှုံးလျှက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။ တစ်ခါလည်း ကြက်သားစားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ။ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီချင်း အဆိုတော်ဖြစ်လေသည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော် တစ်ဦးဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေး ၊ ပစ်သောဟူ၏။ ဤကား ကျွန်တော်၏ မျိုးနွယ်အကြောင်း သိသမျှပင်တည်း။
          အခန်း(၂)
          ကျောင်းသားဘဝ
          ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသောအမျိုး ဖြစ်လေသည်။ ကျွန်တော်၏ဖခင်သည် ရှေ့နေစာမေးပွဲတွင် မြန်မာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအကို အားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအကိုကြီးက စာသင် အထူးပျင်းလှ၍ အခြားညီအကိုများ ကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏အကို များ ဝမ်းကွဲအကို များ ဦးလေးများမှာ မိမိတို့ဆိုင်ရာကျောင်း စာမေးပွဲများတွင် ထိပ်တန်းကျကျအောင်မြင် ကြသူချည်းဖြစ်ပေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်ကာ အလိုလိုက်ထားသဖြင့် အသက် ၈ နှစ်ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက်အကို ကိုအောင်သန်းအား အသက် ၁၁ နှစ်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ ၆ တန်းတွင် ရှိလေသည်။ကျွန်တော့်မှာ အသက် ၈ နှစ်ထဲတွင်ရောက် သော်လည်း ကျောင်းမနေရသေးပေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်ကို ပူစာသေးသည်။
          ထိုအခါ မိခင်က ရှင်လောင်းလုပ်မည့်သူသည် စာတတ်မှဖြစ်မည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့ မည်ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော်တတ်ခဲ့ရပြန်သဖြင့် လေးနှစ် ဖြင့် ၁၀ တန်းအောင်လေသည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်းတွင် တစ်ပြည်လုံးတွင် နဝမ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းများနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဆုကို ရခဲ့ပြီး နောက် ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှနေခဲ့သည်။
          နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်စာများကို မလေ့ကျင့်သဖြင့် ဘီအေ အတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေ အထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ် သဖြင့် ဘီအေ စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရသည်။ နောက် ဘီအယ်လ် အတန်းကို တတ်ခဲ့ရသည်။
          အတန်းလည်း မှန်မှန်းမတတ် ၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား ၊စာလည်းမကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ်လ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်၏ တစ်သက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇဝင်ဖြစ်သော ပထမ မေးခွန်းတွင် ကျွန်တော် ပထမရရှိခဲ့သည်။ ဒုတိယ ဘီအယ်လ် နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေရတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် မြန်မာပြည်တွင်း အဓိကရုဏ်းအခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်နိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘဝသို့ ပြောင်းခဲ့လေသည်။
          မြန်မာစာသင် ဘုန်းကြီးကျောင်းတွင် နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက် တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း ၊ ကလေးသဘာဝ သစ်ပင်တတ် ရေကူး အလုပ်မျိုးကို ပိတ်ပင် ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘောတည်းလောက်ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တတ်ခြင်း ရေကူးခြင်းစသော ကိုယ်လက်ကျမ်းမာ ကျင်လည်မှုတွေကို လေ့လာခွင့်မရ၊ သစ်ပင်တတ်သည်ကိုမြင်ရလျှင် အဆိုအမည်ခံ၇သည်။ ရေကူးသည်ကို အရိုက်ခံရသည်။
          ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်းရ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျမ်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းခဲ့ရလေသည်။ ရေနံချောင်းအမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသား ကျောင်းဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စားရာနေရာ ကိရိယာ တန်ဆာပလာများ မထားရှိ နိုင်၍ဖြစ်သည်။
          မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခောတ်နှင့် လျှော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့၏ အခြေအနေသည် တိုးတတ်သင့် သလောက် တိုးတတ်မည်မဟုတ်ချေ။
          ပညာဆိုသည်မှာ စာအုပ်စာတန်းဖတ်၍ စာသိကို ပညာ ဟုမဆိုနိုင်ပေ။ ပညာသည် အတိုင်းအဆ မထင် ။ အလွန်ကျယ်ပြောနက်နဲ လှသည်။  ကမ္ဘာပေါ်ရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်တော်တို့သည် ပုခက်တွင်းမှ မြေကြီးထဲရောက်သည် အထိ ပညာသင်သားများဖြစ်စေသည်။
          ပညာကို သိရုံသာမဟုတ် ၊ မြေသစ် ၊ ရေသစ် ၊ တောတောင်သစ်တို့ ရှာဖွေနိုင်စွမ်းစေရမည်။ လောက အကြောင်းကို နားလည်စေရုံသာမဟုတ် ဒီ့ထက်ကောင်းသော လောကသစ်ကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။
          ပညာသည် ကာလ ဒေသ ပယောက နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးကျသည့် ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်းယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတတ်၍ သညာမရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လှသော ခောတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ် အတတ်ပညာ ဥာဏ်ကိုသာရလျှင် လောကဓါတ်ပညာ၏ အကျိုးကို တင်ပြည့် အသုံးမပြုနိုင်ပေ။ တိုင်းပြည်အခြေအနေပြဿနာ ခောတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း ခောတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာ တတ်သည် ဟုမဆိုနိုင်ပေ။ လူတစ်ယောက်၏ သက်တမ်းတွင် ဘဝပထမက သိမြင်လာသော စိတ်နေစိတ်ထား ဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည်သာတည်း။
          ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ် သူ၏ တစ်သက်တာတွင် ကုန်ဆုံးသည် မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ်ပညာကို ၎င်း ၊ မိမိဥာဏ်စွမ်းအမြင်အရ စိတ်နေစိတ်ထား စိတ်ဓါတ်တို့ကို၎င်း (Emotion of the education) ပြုပြင် ပြုစု စီမံထား ခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ ၊ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ၊ပထမကျော် ဘွဲ့ကြီးပင် ရစေကာမူ၊ အသက်အရွယ် ကြီးရင့်စေကာမူ၊ ပညာဟူသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် နားလည်နိုင်စွမ်း မရှိခဲ့သော် တကယ်အရာမရောက် အသုံမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်လွန်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။
          ပညာသည် လူ၏ ဥာဏ်ကိုသာပြုပြင်တိုးချဲ့သည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတတ်စေရမည်။လူ၏ဆန္ဒကား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်ကို သိရုံသာ မဟုတ်။ ရာဇဝင် ဖန်တီးနိုင်ရမည်။ လောကဓါတ်ပညာကို သိရုံသာမဟုတ်၊လောကဓါတ်ပညာကို တိုးချဲ့နိုင်စေရမည်။  ပထမအမှန်ကား လူသားတစ်ဦး၏ တစ်ဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပေတည်း။ ဝါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် ဖြစ်သည်။ သမာဓိမတည်ခြင်း မဟုတ်ပေ။ တစ်နည်း တိုးတတ်ခြင်းပေတည်း။
          အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့ကား သမာဓိလက်ကိုင်ထားသူရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်းအဆိုး ၊ အကျိုးအပြစ်၊ အပျက်သနစ်အစုံတို့ကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ၊ ချမ်းသာလည်းဝမ်းမသာ၊ ပကတိစိတ်ထားဥာဏ်အမြင်အရ  လူချီးမွမ်း ၊ လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလိုလေသည်။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်ငြိမ်ပုံမျိုးတည်း။ သို့ဖြစ်ရာ သာမာန်ကိုယ်ကျင့်အမူအရာ အပြောအဆို ဗန်းပြ တည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမှတ်ပြုကြလေသည်။
          အမှန်စင်စစ်ကား ထိုဗန်းပြတည်ငြိမ်မှုတွင် မည်မျှ အတွင်းဖောက်လွှဲဖောက်ပြန်မှုများ တိုးပွား များပြား သည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် အိနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူဟု အသိအမှတ်ပြုခံခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။ သို့သော်တကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်လေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း တွေ့မြင်ကြရပေလိမ့်မည်။
          အသိဆုံးဖြစ်သည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝမပိုင်ဆိုင်ခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကိုပိုင်ပြီလား။ လုံးဝမပိုင်သေးပေ။ ထို့ကြောင့် လူတိုင်းပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မပြောကြပါနှင့်ဦး။ လူတစ်ယောက်၏ ဥာဏ်အမြင်လှုပ်ရှားပြောင်းလဲမှု၊ ဝါဒပြောင်းမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက်မစောသင့်ပေ။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များက အရှင်အာဒိစ္စဝံသ ဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခုနီများရှိသင့်သည် ဟု စာအုပ်တစ်အုပ် ရေးသားမှုကြောင့် ဝိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏ ။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် မမှားဘူးသူဟူ၍ မရှိ။ အမှားသိမှ အမှန်မြင်ပေမည်။ အမှားတစ်ခုလုပ်ပြီးလျှင် အမှားနှစ်ခါလုပ်မိသောအခါ မှန်လာပေလိမ့်မည်။
          သို့သော်လည်း မှားပင်မှားစေကာမူ မိမိဥာဏ်အမြင်အလျောက် ပြောင်းလည်းမှုများ ရှိအပ်သည်သာတည်း။ လှေနံဓါးထစ်ဆိုသော အပြော အလုပ် သဘောအတွေးတို့မှာ ပညာ၏ အဓိပ္ပါယ် ဆန့်ကျင်ဘက်ပင်တည်း။
          ဗုဒ္ဓဂေါတမသည် သဗ္ဗညုရွှေဥာဏ်တော်ကို ၆ နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေတွေ့ ရှိခဲ့လေသည်။ ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထ မင်းသားသည် မိမိဥာဏ်အမြင်အရ အနုမာန မျက်ရမ်းဆ၍ ပြောင်းလဲမှုစလာလေသည်။
          အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး မောင်းမမိဿံ ချွေရံသင်းပင်းနဲ့တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်းအသွင် လျှော်တေ သင်္ကန်းကို ဝတ်ဆင်၍ ``ဘိက္ခနသိလော ယာစန သိလော တိဘိက္ခု `` ဟူသည်နှင့် အညီ သူတောင်းစား ဘဝလိုမျိုးပြောင်းလဲမှုသည်  သာမာန်ပကတိ မျက်စိအားဖြင့်ကြည့်လျှင် ရူးသည် မိုက်သည်ဟု ဆိုရပေမည်။
          မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ် လောကဝါဒစိတ် အား ဤသို့ပြောင်းလဲခဲ့လေသည်။ 


ဗိုလ်ချုပ်အောင်ဆန်း
(ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိစာအုပ်မှ ဖော်ပြသည်။)

No comments:

Post a Comment