ကျွန်တော်တို့ရွာက
``ဘကြီးတွယ်`` ရဲ့အကြောင်းကို နည်းနည်းပြောပြချင်တယ်ဗျ။ ရွာအရှေ့တံခါးက ဝင်ဝင်ချင်းဘယ်ဘက်ကအိမ်
ဟာ``ဘကြီးတွယ်``နဲ့ သူ့မိန်းမ`` ဒေါ်ကျော့``တို့ နေတဲ့အိမ်ပေါ့။ အသက်ကြီးတဲ့အထိ သားသမီးမထွန်းကားပေမယ့်
အဖိုးကြီးအဖွားကြီးဖြစ်တဲ့အချိန်အထိ ``ကိုတွယ်ရေ--`` ``မယ်ကျော့ရေ--``နဲ့ တစ်ရွာလုံးရဲ့ စံပြအတွဲလည်းဖြစ်ပါတယ်။
နောက်ပြီး ``ဘကြီးတွယ်``က ရပ်ရွာအကျိုးအတွက်
နံနက်ဝေလီဝေလင်း ရောင်နီပျိုးတာနဲ့ တုံးခေါက်တဲ့
အကျင့်ကလည်း ကျွန်တော်တို့မမွေးခင်ကတည်းက စခဲ့ပါတယ်။ ``ဘကြီးတွယ်`` တုံးခေါက်ပြီဆိုရင်
မြို့တတ်ဈေးသွားဝယ်မယ့်သူတွေ ၊လယ်ယာခွင်ဝင်ဘို့ နွားစာထကျွေးမယ့်သူတွေ၊ ထမင်းထချက်မယ့်
အိမ်ရှင်မ တွေ နဲ့ ရွာလေးက နိုးထအသက်ဝင်လာပါတယ်။ ပုံမှန်တော့ဖြင့် ကျေးရွာတွေမှာ ဘုန်းကြီးကျောင်း
တွေကပဲ တုံးခေါက်တတ်တာ အမှန်ပါ။ ပထမ လင်းကြက်တွန်သံ ``အော် အီးအီးအွတ်`` လို့စကြားရပြီး ဘုန်းကြီးကျောင်းက
တုံးခေါက်သံကို စကြားရပါတယ်။ မရိုးနိုင်တဲ့ကျေးလက်တေးသံလေးပေါ့။
တုံးခေါက်တာများ လွယ်တယ်မထင်နဲ့ဗျ။ သူ့မှာလည်း
သံစဉ်တွေ၊ နရီတွေ၊ တိုင်ပင်တွေ၊ အသံအနိမ့်အမြင့် တွေနဲ့ ခေါက်တတ်မှ နဝင်ပီယံရှိတာဗျ။
ကျွန်တော်တို့ရွာက`` ဘကြီးတွယ်``ကတော့ဖြင့်
တုံးခေါက်တဲ့နေရာမှာ ပြိုင်ဘက်ကင်း ချန်ပီယံဗျ။ နှိုးစက်မရှိဘဲ တုံးခေါက်ချိန်ကလည်း
အင်မတန်တိကျတယ်။ ဝီရိယရှိတယ်။ အဲ-- ``ဘကြီးတွယ်``
အချိန်မှန် တုံးခေါက်တာကြောင့်အကျင့်ပျက်တာကတော့ ရွာက ကြက်ဖတွေ ပါဘဲ။ ဘယ်တော့မှ ဘကြီးတွယ်အရင်ထပြီး
လင်းကြက်တွန်မယ်လို့ မမြှော်လင့်လိုက်နဲ့။ သင်းတို့က လူပါးဝပြီး အဲလေ -- ကြက်ပါးဝပြီး
``ဘကြီးတွယ်`` တုံးခေါက်သံစကြားမှ တွန်ကြသကိုး။ တစ်ခါတစ်လေ ``ဘကြီးတွယ်``များ အကြောင်းတစ်ခုခုရှိလို့
တုံးမခေါက်ဖြစ်ခဲ့ရင် အဲဒီကြက်တွေ နေဖင်ထိုးရင်တောင် တွန်ဘို့ သတိရတာမဟုတ်ဘူး။
``ဘကြီးတွယ်``က ဒီရွာမှာမွေး ဒီရွာမှာ ကြီးပြင်းပြီး ဒီရွာမှာဘဲခေါင်းချသွားတဲ့
တကယ့် သစ္စာရှိ ရွာသားပါ။ ``ဘကြီးတွယ်``ရဲ့ ယာခင်းတွေက ရွာရဲ့ အရှေ့မြောက်ဘက် ပဒဂုံ
ဆိုတဲ့ အရပ်မှာရှိတယ်။ အရင်က ရွာဟောင်းနေရာဗျ။ ဟိုးရှေးရှေးတုန်းကတော့ အတော်ကို စည်ခဲ့တဲ့ရွာကြီးတစ်ရွာဖြစ်ခဲ့မယ်ထင်တယ်။
ရှေးအုတ်အကျိုးအကောင်းတွေ၊ မြေဆေးတံ အကျိုးအကောင်းတွေ၊ မြေအိုးခွက် အပဲ့အကွဲတွေ ၊ တစ်ခါတရံ
ရွှေလက်ကောက် ဘယက်စတဲ့ အဖိုးတန်တွေတောင် တွေ့ရတတ်တယ်။
``ဘကြီးတွယ်``က ရှေးအုတ်ကြိုးအုတ်ပဲ့တွေကို
စုပုံပြီး ပဒဂုံကုန်းပေါ်မှာ အုတ်ပုံစေတီလေးတွေ တည်ထားတယ်။ ထုံးသင်္ကန်း မပြတ်ကပ်တယ်။
ဘုရားဒကာပေါ့။ အဲဒီလို သူ့ဘဝလေးနဲ့သူ ပျော်နေတတ်တယ်။ ``ဘကြီးတွယ်``ဟာ အသက်၆၀ ကျော်တဲ့အထိ
ဘယ်အရပ် ဘယ်ဒေသမှ ခရီးမထွက်ဖူးဘူး။ ယုတ်စွအဆုံး နှစ်မိုင်လောက်ပဲဝေးတဲ့ အခြားရွာတောင်
မရောက်ဖူးဘူး။ ကားလမ်း ၊ ရထားလမ်း ၊ ကား၊ ရထား လုံးဝမမြင်ဖူးဘူး။ တကယ့်ရွာဂျပိုး။ အဲဒီခောတ်က
ကားလမ်းကို``ပေတရာလမ်း`` လို့ခေါ်ကြတယ်။ ကားဂိတ်ကိုတော့် ကားဆိပ်လို့ခေါ်တတ်ကြပြီး လှည်းဆိပ်ဆိုတာမျိုးလည်း
ခေါ်တတ်တယ်။
အဲဒီလို ``ဘကြီးတွယ်``ဟာ ဘယ်ရပ် ဘယ်ရွာ ဘယ်ဒေသမှ
မရောက်ဖူးတော့ သူ့တူတွေက သူတို့ဘကြီးကို မသေခင် ဒေသန္တရ ဗဟုသုတ တော့ ရစေချင်တယ်။ ဒါနဲ့
သီးနှံတွေပေါ်တဲ့တစ်နေ့မှာ ကျောက်ဆည်မြို့ကို တတ်ပြီး တောင်သူတွေကိုယ်တိုင် ပွဲရုံကို
ဒါရိုက်ရောင်းချကြမှာမို့ ``ဘကြီးတွယ်``ကို လိုက်ခဲ့ဘို့ ကပ်ခေါ်ကြတယ်။
ပထမတော့ ``ဘကြီးတွယ်``က ငြင်းသေးတယ်။ ရွာမှာလာဝယ်တဲ့
ပွဲစားတွေကိုပဲ ရတဲ့ဈေးနဲ့ ရောင်းတော့မယ်ပေါ့။ ဒါပေမယ့် သူ့တူတွေက ဈေးကွာခြားချက်ကို
``ဘကြီးတွယ်`` မက်အောင် ပြောပြတယ်။ နောက်ပြီးမြို့ပြ မြင်ကွင်းတွေကိုလည်း သီကာပတ်ကုံး
မြင်ချင် သိချင်လာအောင် ဆွယ်တရား ဟောတယ်။ ဒီတော့မှ``ဘကြီးတွယ်``က သူ့မဒီကညာ မယ်ကျော့ကို ခွင့်တောင်းတဲ့ မျက်နှာပေးနဲ့ ကြည့်တယ်။ ``မယ်ကျော့``က ``တော့ သဘောပါတော်----`` လို့ပြောမှ
``အေး လိုက်မယ်ကွာ--``လို့ဖြစ်သွားတာ။
ရွာကနေ ကျောက်ဆည်မြို့အထိ ရွာကထွေလာနဲ့သွားကြတာ။
ထွေလာဆိုတာ ရှေ့က ထွန်စက်နဲ့ ဆွဲပြီး နောက်တွဲယဉ်ပက်လက်ပေါ်မှာ ကုန်နဲ့ လူတွေအပြည့်တင်သွားတာ။
ထွေလာထွက်ခါနီး မယ်ကျော့က ``ဘကြီးတွယ်``ကို
တတွတ်တွတ်နဲ့ စိတ်မချနိုင် မှာနေသလို ဘကြီးတွယ်ကလည်း ``အေးပါကွာ---- အေးပါကွာ--``ရင်းထပ်နေရော။
မယ်ကျော့ဟာ သူသိပ်မြတ်နိုးတန်ဘိုးထားတဲ့ မွေးပွတဘတ် (မျက်နှာသုတ် ခြုံပုဝါ) ကြီးကို
ရက်ရက်ရောရော စိတ်ချလက်ချပေးလိုက်တယ်။ တကယ်တော့ မယ်ကျော့မှာတမ်းချွေနေတာ အဲဒီ သူ့တဘတ်ကြီး
မေ့ကျန်နေမှာ စိုးလို့ကိုး။ ထွေလာက ထွက်ကာနီးရထားတွေ ဥသြဆွဲသလို ဟွန်းအရှည်ကြီးတီးကာမှ မယ်ကျော့လည်း
ငေးပြီးကျန်ခဲ့တယ်။
ရွာက နေတောလမ်းအတိုင်း နှစ်တိုင်(လေးမိုင်)
ခန့်မောင်းတော့ ရစ်ကန်ကားဆိပ်ရောက်တယ်။ အဲဒီမှာ ``ဘကြီးတွယ်``ပထမဆုံး ကားလမ်း(ပေတရာလမ်း)
မြင်ဖူးတာပဲ။ ``ဘကြီးတွယ်``ဟာ သူများတွေ အကြော်ဆိုင်မှာ အကြော်ဝယ်စား ၊ ရေနွေးကြမ်းသောက်နေချိန်
ကားလမ်းမပေါ် ခြေဗလာနဲ့ အိမ်က မယ်ကျော့ ဝယ်ပေးလိုက်တဲ့ အဲဒီခောတ်က အင်မတန်ဈေးကြီးတဲ့
ဆင်ကြယ်တံဆိပ် ဖိနပ်ကို ခါးကြားထိုးပြီး ကားလမ်းပေါ်မှာ ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်ပြီး
သဘောတွေကျနေလေရဲ့။ သူ့တူတွေက မြင်ပြီး--
``ဘကြီးရဲ့ -- ကားလမ်းပေါ် ဖိနပ်စီးလို့ ရပါတယ် ဘုန်းကြီးကျောင်းမှ မဟုတ်တာ`` လို့ပြောတော့ ``ဘကြီးတွယ်``
ဘာပြန်ပြောတယ်မှတ်လဲ။ ``အမလေးကွာ ဒီလောက် ပြောင်ချောသန့်နေတဲ့လမ်းမှာ
ငါ့ဖိနပ်အနာခံ စီးမလားကွ။ မင်းနှယ် ကြည့်ပါလား ထမင်းတောင်ပုံစားလို့ရတယ်`` တဲ့။ သူ့တူတွေလဲ
``အောင်မလေးဗျာ``တောင် တယူရတယ်။ ဒါတောင် မြို့ရောက်သေးတာမဟုတ်ဘူး။ မြို့ေ၇ာက်ရင် တော့
တို့ဘကြီး နဲ့ ဘာတွေပြဿနာဖြစ်အုံးမလဲပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့ရွာက ထွေလာကြီးဟာ
ခရီးဆက်ခဲ့ပြန်ပါတယ်။ ကျောက်ဆည်မြို့ကို မရောက်ခင် ပထမဆုံးဖြတ်ရတဲ့မြို့ကတော့ မြစ်သားမြို့ပါ။
မြစ်သားကြက်သွန်ဆိုတာ နာမည်ကြီးတယ်။ အဲဒီမြို့မှာ
ကျွန်တော် ငါးတန်းကနေ ၈ တန်းထိကျောင်းနေခဲ့ရတယ်။
အနော်ရထာမင်းလက်ထက်က လယ်တွင်းကိုးခရိုင်မှာ ကျောက်ဆည်ခရိုင်ပါတယ်လေ။ ပန်းလောင်မြစ်ကို
ဆည်ခတ်တယ်။ အရင်က ညောင်ကြတ်ဆည် လို့နာမည်တွင်ခဲ့ပြီး နောက် ဦးနေဝင်းလက်ထပ်မှာ တောင်ကိုးရီးယားပညာရှင်တွေနဲ့
ဆည်ကိုခောတ်မီအောင်မွန်းမံပြီး ညောင်ကြတ်ဆည်ကနေ ကင်းတားဆည်- ကင်းတားရေလှောင်တမံ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့်
လယ်တွင်းကိုးခရိုင် စပါးတွေ စိုက်ပျိုးနိုင်ပေမယ့် side-affect အနေနဲ့ကတော့ ပန်းလောင်မြစ်ကြီးခမျာ ပန်းလောင်ချောင်းကလေးဘဝကနေ
အခုဆိုရင် ရေဒူးခေါင်းလောက်သာ စီးတဲ့ ပန်းလောင်မြောင်းကလေး ဘဝရောက်ခဲ့သွားပါပြီ။ အနော်ရထာအိမ်မက်မက်တဲ့အထဲမှာ
မြွေတစ်ကောင်လွတ် သွားတယ်တဲ့။ အဲဒါကတော့ စမုံမြစ်ကို ဘယ်သူမှ ဆည်မခတ်နိုင်တာပါပဲ။ အဲဒါ
အခုထိ ။ ကျွန်တော်တို့ ငယ်ငယ်က စမုံကို အောင်နိုင်ခြင်းဆိုပြီး လက်ခမောင်းခတ်သေးတယ်။
ဘာကြာလို့လဲ မိုးတွင်းမှာ ဆည်ကျိုးကျတာ ပဲ။ ဒါကြောင့်ခုထိမအောင်နိုင်ဘူး။ စကားလမ်းကြောင်းလွဲကုန်ပြီ။
ထွေလာက ပန်းလောင်တံတားကို ဖြတ်ကျော်ပြီးတာနဲ့ မြစ်သားမြို့လေးကို စတင်ချေချပါပြီ။ အရိပ်အာဝါသကောင်းတဲ့
ညောင်ပင်ကြီးအောက်မှာဖွင့်ထားတဲ့ မြစ်သားမြို့ရဲ့ လက်ဖက်ရည်ဆိုင်ကလေးရှေ့မှာ ထွေလာကို
ရပ်လိုက်တယ် ဆို၇င်ပဲ မနက်စာ စားဖို့အားလုံးဆင်းကြတယ်။ လက်ဖက်ရည်ဆိုင်က စားပွဲထိုးကလေးတွေ
ကလည်း တာဝန်သိပ်ကျေပွန်ကြတယ်။ ဆိုင်ရှေ့ထွက် ခရီးဦးကြိုပြုကြ။ စားသောက်ဖွယ်ရာတွေကို
လာချပေးကြ။ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော လုပ်နေကြကိုင်နေကြတာကို ကြည့်ပြီး မြို့ကို
တစ်ခါမှမရောက်ဖူးတဲ့ လက်ဖက်ရည်ဆိုင်ဆိုတာ တောင်မမြင်ဖူးတဲ့
ဘကြီးတွယ်တစ်ယောက် အထင်မှားကုန် ပါရော--
----
ဟာ မြို့ကလူတွေများ တယ်သဘောကောင်းသကိုး လူတွေအများကြီးကို လက်ဖက်ရည်ခေါ်တိုက်နေလိုက်ကြတယ်။
တယ်လဲချမ်းသာကြတယ်ထင်တယ်။ ကြည့်စမ်း ဝမ်းသာအားရ ကြိုဆိုနေလိုက်ကြတာ။ ဧည့်ဝတ်ကျေနေလိုက်ကြတာ-----ဘကြီးတွယ်က ရွာမှာ ဧည့်သည်တွေကို လက်ဖက်ရေခေါ်တိုက် မုန့်ကျွေးတာမျိုးပဲသိတော့
အဲသလိုထင်ပြီး စားပွဲတစ်လုံးမှာထိုင်လိုက်တယ်။ သူ့တူတွေကြည့်တယ် ။ မတွေ့ဘူး။ တွေ့မလား
သူ့တူတွေက သူတို့ဘကြီးကို နောက်ပြောင် ချင်နေကြတာကိုး။
ဒါနဲ့စားပွဲပေါ်ကမုန့်တွေ စားကောင်းကောင်းနဲ့စားတယ်။
မြို့က လက်ဖက်ရည်ချိုဆိုတာလဲ တဂွတ်ဂွတ်နဲ့ သောက်တယ်။ပါးစပ်ကလည်း သာဓု ချင်းထပ်နေအောင်
မေတ္တာပို့နေတယ်။ အားလုံး စားသောက်ပြီး တချို့ ထွေလာပေါ်ပြန်တတ်ကုန်ပြီ။ ဒီတော့မှ စားပွဲထိုးလေးက
ရောက်လာပြီး ကျသင့်ငွေ ကိုတွက်ပြမှ မျက်လုံးပြူးရော။ လက်ဖက်ရည် တစ်ခွက် ပြားငါးဆယ်ခောတ်မှာ
ဘကြီးတွယ် ကို ငွေခြောက်ကျပ် ကျတယ်လို့ပြောတာ တော်တော် တုန်လှုပ်သွားတယ်။
သူ့တူတွေထပ်ရှာကြည့်တယ်။ အားလုံပုန်းနေကြတော့
မတွေ့ဘူး။ သူ့မှာ ပိုက်ဆံကလည်း မပါလာဘူး။ တောမှာဆို ဝယ်စားတယ်ဆိုလည်း ပိုက်ဆံပေးပြီးမှ
စားခွင့်ရတာပါ။ ဒီမှာတော့ဘယ့်နှယ့် စားချင်သလောက်စား ပြီးမှပိုက်ဆံတောင်းတာ ငါ့ကို
မလိမ့်တပတ် တောသားဆိုပြီး လုပ်ကြတယ်ပေါ့။ ဒါပေမယ့် စားပြီးပြီဆိုတော့လည်း မတတ်နိုင်ဘူး။
ဒါနဲ့ ရှက်ကလည်းရှက် ငွေကလည်း ပါမလာသေးတော့ စားပွဲထိုးကောင်လေးကို အနားတိုးတိုးခေါ်ပြီး--
ဒီမှာ
င့ါတူရဲ့ ဘကြီးက သီးနှံရောင်းပြီးမှ
ငွေရမှာဆိုတော့ ဒီငွေ အခုမပေးနိုင်သေးဘူး။ ဒီတော့ကွယ် ဒီတဘက်ကြီးကို ခဏယူထား ။ အပြန်ကျရင်
ဘကြီးဆက်ဆက်ပြန်ရွေးပါ့မယ်လို့ ကတိပေးပြီး မယ်ကျော့ အတန်တန်မှာတဲ့တဘက်ကြီးကို ထားခဲ့ရပါရောလား။
ထွေလာပေါ်ရောက်တဲ့အထိ စိတ်က လုံးဝမပြေဘူး။
ပြောရမှာလည်းရှက်တော့ တစ်ယောက်တည်း ကြိတ်ခံနေတယ်။ ဒီလိုနဲ့ထွေလာကြီး ဆက်ခရီးထွက်လိုက်တဲ့အခါ
ကျောက်ဆည်မြို့ကို ဝင်လာပါရော။
ကျောက်ဆည်မြို့ကို
ဝင်မယ်ဆိုရင်ပဲ သာသနာ့အလံတွေနဲ့ ထွေလာကို တားတယ်။ အားလုံးကသိတယ်။ ဒါဟာ စတုဒီသာမဏ္ဍပ်ဆိုတာ။
ဝါးကြောတွေ့ပြီပေါ့။ ထွေလာ မဏ္ဍပ်ရှေ့ထိုးဆိုက်လိုက်တာနဲ့ ထွေလာပေါ်က လူတွေအားလုံး မဏ္ဍပ်ထဲဝင်ကြပြီး အလကားကျွေးတဲ့
အလှု ထမင်း အတင်းနင်းစားကြပါရောလား။ ဒါပေမယ့် ထွေလာပေါ်မှာ တစ်ယောက်တည်း ဂျောင်ကပ်ထိုင်နေခဲ့တာကတော့
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ``ဘကြီးတွယ်``ပါပဲဗျား။
ကျောက်ဆည်သူလေးတွေက ချောမောလှပသလို စေတနာကလည်း
သိပ်ကောင်းတာပဲဗျ။ ဝတ်ကျေတန်းကျေ ခေါ်တာမဟုတ်ဘူး။ ထွေလာပေါ်မှာ တစ်ယောက်တည်းကျန်နေတဲ့
ဘကြီးတွယ်လည်း မြင်ရော ထွေလာပေါ်ထိတတ်ပြီး ဘကြီးတွယ်လက်ကို တစ်ယောက်တစ်ဖက်စီဆွဲပြီး--
``လာပါ
ဘကြီးရဲ့ ကျွန်မတို့ဒါနလေးမြောက်သွားအောင်
ဆင်းပြီး သုံးဆောင်ပါအုန်း---`` စသဖြင့်ပေါ့ အပြုံးကိုယ်စီနဲ့ စေတနာထက်သန်စွာနဲ့
တတ်အခေါ် ဘကြီးတွယ် စိတ်ဆိုးပြီး အော်လိုက်လို့
ဆင်းပြေးပါရောလား---
ဘကြီးတွယ် ပြောလိုက်တာက--
``ဟေ့
ငါ့ကိုများ တောသားဆိုပြီး လူနုံလူအလို့ မထင်ကြနဲ့
ငတွယ် မြစ်သားကတည်းက ပါးလာပြီကွ----``
တဲ့။
ကျွန်တော်တို့ရွာမှာ ခုထိ အလွဲလွဲအချော်ချော်
လေးတွေ သရော်ချင်တဲ့အခါ--
``မင်းတို့ကောင်တွေ ငါ့ကိုများငနုံငအ မထင်ကြနဲ့ ငတွယ် မြစ်သားကတည်းက ပါးလာပြီကွ``လို့
ပြောစမှတ်ပြုနေသေးကြောင်း။
။
No comments:
Post a Comment