ဇန်နဝါရီလ
နှစ်ထောင့်တစ်ဆယ့်နှစ်
မနက်ဖြန်ရဲ့ နေ့သစ်ဟာ
လွတ်လပ်ရေးနေ့ပါတဲ့----
ဟုတ်ရဲ့လား---
ဘာတွေ လွတ် ပြီး - ဘာတွေ လပ် နေတာလဲ
နယ်ချဲ့အင်္ဂလိပ် ရဲ့လက်အောက်က
လွတ်မြောက်သွားတာ ကိုပြောတာလား
သြော် -- ဟုတ်သားဘဲ
ငါ့နှယ် -- ဥာဏ်နဲလိုက်တာ ။ ။
မပြောရဲ မဆိုရဲ မဝေဖန်ရဲ နေတဲ့ကာလ
လွတ်လပ်ရေး ရဲ့အရသာ ခါးသက်သက်ပါဘဲ
အထက်က ချမှတ်တဲ့ စီမံကိန်းများ
ပျော့ကွက် ဟာကွက်တွေဘယ်လောက်များ များ
ထောက်ပြ အကြံပြုခွင့် မရလေသမျှ
လွတ်လပ်ရေးရဲ့ အရသာ ခါးသက်သက်ပါဘဲ
ခေါင်းငြိမ့်ပြီး အမိန့်ခံ
``အဘ`` ``အဘ`` ဆိုပြီး
နှဖူးနဲ့ ကြမ်းဦးတိုက် ကပ်ဖားတွေရဲ့စရိုက်ကြား
ပျော်ပိုက်ပြီး မှား နေသမျှ
လွတ်လပ်ရေး ရဲ့အရသာ ခါးသက်သက်ပါဘဲ
သူငယ်ချင်းရေ----
ခါးသက်သက်အရသာ ကို
နှစ် ၆၀ ကျော်ခံစားလာပြီးမှ
မနေ့တစ်နေ့ဆီက
အာရုံဦး လင်းကြက်သံနဲ့အတူ
ရောင်နီတွေကို မြူနှင်းထူထူတွေကြား
ဝိုးတဝါးမြင်လာတယ်
ဒါပေမယ့် --
မိုးဥတု မဟုတ်ဘဲ
အုံခဲပြီး အော်နေတဲ့ ``ဖား``တွေရဲ့အသံ
ကြည်နူးနေတဲ့စိတ်ရင်းခံ ကို
ရိုက်နှက်သလို ခံစားနေရ
ဒုက္ခ ပါဘဲ
မူ`` ဘယ်လောက်ထက်ထက်
ခေတ် အဆက်ဆက်
အမြစ်မပြတ် တတ်တဲ့ ကပ်ဖား
ငါတို့ခေါင်းဆောင်တွေ ရှောင်ရှားနိုင်ပါစေ လို့
လွတ်လပ်ရေးနေ့ ကိုကြိုဆိုရင်း
ချိုမြိန်တဲ့ လွတ်လပ်ရေး အရသာ
မြည်းစမ်းချင်ပါရဲ့။ ။။
No comments:
Post a Comment