ဤခရီးနီးသလား
တစ်နေ့က ရွာက ရပ်ဆွေရပ်မျိုးတစ်ဦး ကျမ်းမာရေး မကောင်းလို့
လူမမာမေးရောက်ခဲ့ပါတယ်။ ရွာမှာတုန်းကတော့ တစ်ဦးနဲ့တစ်ဦး ဆွေမျိုးစပ်ရင်
ဟိုဘက်မျိုး ဒီဘက်မျိုး တော်ကြတာမို့ စိမ်းသလို နေခဲ့ပေမယ့်
ရန်ကုန်လိုနေရာမျိုးမှာ ပြောင်းရွှေ့နေကြတော့ လည်း ရပ်ဆွေရပ်မျိုးဖြစ်ပြီး
တကယ်ဆွေရင်း လိုဖြစ်နေကြပါတယ်။
ရောဂါက အရိုးကင်ဆာ၊ ဘန်ကောက်မှာ သုံးကြိမ် သွားကုပြီးပြီ၊ ရောဂါကို
ဆရာဝန်ကြီးတွေ လက်လျှော့လိုက်ကြပြီ၊ နောက်ဆုံး အများဆုံးနေရရင်
နှစ်လပဲတဲ့။ သူစားချင်တာကြွေးကြ။ သူ့ဆန္ဒ ကိုအလိုလိုက်ကြ။ သူ့အတွက် ဘဝမှာ
နေဘို့ ရက်ကန့်သတ်ထားပြီ။ တကယ်တော့ လူမမာမေး သွားတာ မဟုတ်ဘဲ တမလွန်ကို
သွားတော့မယ့် မိတ်ဆွေတစ်ဦးကို သွားပြီး နှုတ်ဆက်တာပါ။
လူမမာကို စိတ်ဓါတ်မကျစေဘို့ေ၇ာဂါရဲ့အခြေအနေကို အားလုံးက
လျှို့ဝှက်ထားကြတယ်။ အရိုးကင်ဆာလို့ လူမမာက မသိရှာဘူး။ သာမာန်
အကြောညပ်တာလို့ ပြောထားသတဲ့။ သူသေရတော့မယ်ဆိုတာ သူလုံးဝမသိရှာဘူး။
လူမမာဆိုလို့ ကုတင်ပေါ်မှာ တုံးလုံး မြော့မြော့လေးနေ မယ်လို့
သာမာန်တွေးထားမိတာ တကယ်ရောက်တော့ လူမမာဟာ သာမာန်လူ တစ်ယောက်လိုပဲ
အိမ်ထဲမှာ သွားသွားလာလာ နဲ့ အသားတွေလဲဖြူလို့ စိုစိုပြည်ပြည် စကားတွေလည်း
ဖောင်ဖွဲ့အောင် ကောင်းကောင်းပြောနိုင်သေးတယ်။
``ဟယ် နင်တို့လင်မယား မတွေ့တာကြာတော့ ဝလာလိုက်တာ ကြည့်စမ်း
ပိုပြီးတော့လဲ လှလာတယ်``တဲ့ ။
ဝမ်းသာအားရနဲ့ လူမှုရေးပဋိသန္တာရ စကားဆိုရှာတယ်။
``နင့်သားရော ဘယ်နှစ်တန်းရောက်ပြီလဲ``
``ဒီနှစ် ငါးတန်းတတ်မယ်လေ---``
``ဟယ် ကြီးလှပြီပေါ့ အေးလေ --- ရန်ကုန်တစ်မြို့တည်း နေပြီး
ကိုယ့်အလုပ်နဲ့ကိုယ် မတွေ့ဖြစ်ကြတာ တော်တော်ကြီးကို ကြာပြီပဲ``
``ဟုတ်ကဲ့ ခု နေရထိုင်ရတာ သက်သာရဲ့လား``
``သက်သာပါတယ် ခုကြတော့လည်း လူကောင်းလိုပဲ တစ်ခါတစ်ခါ တင်ပုဆုံက
အကြောညပ်တာ တော်တော်ခံရခက်တယ်-- ရွာကိုလည်း ဖုန်းဆက်ထားတယ် နေကောင်းတယ်
သက်သာပြီ မလာခဲ့ကြနဲ့လို့လေ -- သူတို့မှာလည်း အလုပ်မအားတဲ့ကြားက
အဝေးကြီးကနေ လာနေရတာ မလွယ်ဘူး---``
သူ့အခြေအနေကို သူလုံးဝမသိပါဘူး။ ခံရခက်တဲ့ရောဂါတစ်ခုကို ရထားတာထက်
သေဘို့ အထိတော့ သူလုံးဝမစဉ်းစားမိသေးဘူး။ အဲဒီလိုလဲ တကယ်မထင်ရလောက်အောင်
အစားအသောက် ပုံမှန်စားနိုင်၊ ပုံမှန် သွားလာနိုင်နေတာပါပဲ၊
ကျွန်တော်တို့မှာသာ သိထားသူများမို့ ဘယ်လိုစကားသုံးပြီး
နှစ်သိမ့်ရမယ်ဆိုတာ မစဉ်းစားတတ်အောင်ပဲ။ သူ့မိသားစုအားလုံးလည်း သူ့ကို
မျက်နှာမညိုရအောင် ဂရုတစိုက်ပြုစုကြ အလိုလိုက်ကြပေမယ့် သူက
မရိပ်မိပါဘူး။
လူမမာမေးကအပြန် ဒါမှမဟုတ် နောက်ဆုံခရီးကို ကြိုတင်သွားပြီး
နှုတ်ဆက်ရာကအပြန်မှာ ကျွန်တော့်စိတ်ထဲ မေးခွန်းတွေဝင်လာခဲ့ပါတယ်--
ငါတို့ရော သူ့လိုပဲ သေမယ့်နေ့ကို မသိပဲ မသေတော့မယ့်ပုံစံ ရှင်သန်နေကြတာပါလား----
ငါတို့ရော သူ့အပေါ် ခုဆက်ဆံနေသလိုပဲ ကိုယ့်မိဘနဲ့ မိသားစု၊
ကိုယ့်ပါတ်ဝန်းကျင် နဲ့ အားလုံအပေါ် စိတ်ချမ်းသာအောင် မသေခင်၊ သေသွားရင်
နောင်တ ဆိုတာမျိုးမရအောင် အမြဲ သေခြင်းတရားကို နှလုံးသွင်း
မဆက်ဆံသင့်ဘူးလား----
တကယ်တော့ သေခြင်းတရားကို သူတစ်ယောက်တည်း မသိတာမဟုတ်ပါဘူး ကျွန်တော်တို့
အားလုံး အားလုံး သေခြင်းတရားကို မေ့ထားပြီး လောဘ၊ ဒေါသ၊ မောဟ
တို့ရဲ့မောင်းနှင်ရာ ကို အရှိန်အဟုန်ပြင်းစွာနဲ့
စီးမျောလိုက်ပါနေကြရပြီး သေခြင်းဆိုတဲ့ ထာဝရအမှန်တရားနဲ့
တွေ့တော့မှ--------------
ကိုစိုးနှိုင်
No comments:
Post a Comment